CES 2018 ပြပွဲက နှစ်သက်စရာ စက်ရုပ်လေးများ

သုံးစွဲသူ အီလက်ထရွန်နစ် နည်းပညာပြပွဲ (CES 2018)ကတော့ ပြီးဆုံးခဲ့ပါပြီ။ နှစ်စဉ်ကျင်းပနေကျ CES တွေရဲ့ထုံးစံအတိုင်း CES 2018 မှာလည်း လူသုံးကုန်၊ဖျော်ဖြေရေး၊ ပို့ဆောင်ရေးကဏ္ဍပေါင်းစုံက နည်းပညာသစ် တွေ၊ ထုတ်ကုန်သစ်တွေကို အပြိုင်အဆိုင် ခင်းကျင်းပြသခဲ့ပါတယ်။ ဖုန်းတွေ၊ ကွန်ပျူတာတွေ၊ တီဗီတွေ၊ကားတွေအပြင် CES 2018 မှာ စက်ရုပ်နည်းပညာအသစ်တွေကိုလည်း ကုမ္ပဏီအသီးသီးက ပွဲထုတ်မိတ်ဆက်ခဲ့ပါတယ်။ အထူးသဖြင့် လူတွေကို စိတ်အပန်းပြေ စေဖို့၊ ကူဖော်လောင်ဖက်ဖြစ်စေဖို့ အဓိကရည်ရွယ်ဖန်တီးထားတဲ့ စက်ရုပ်ဒီဇိုင်းတွေကို CES 2018မှာ တွေ့မြင်နိုင်ပါတယ်။


နည်းပညာဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ TechRadar ကတော့ CES 2018 မှာ တွေ့ရတဲ့ နှစ်သက်စရာ အကောင်းဆုံးစက်ရုပ် ခြောက်မျိုးကို စုစည်းဖော်ပြထားပါတယ်။ ဒီနှစ်ပြပွဲမှာ ထူးခြားမှုတစ်ခုကတော့ စက်ရုပ်သစ် အများစုဟာ ချစ်စရာပုံပန်းသဏ္ဌာန် ဒီဇိုင်းမျိုးနဲ့ ဖန်တီးထားခြင်းပါပဲ။

Aeolus Bot

လာ့စ်ဗီးဂတ်စ်မှာ ကျင်းပခဲ့တဲ့ CES 2018 ရဲ့ ပြခန်း ကြမ်းပြင်ပေါ်မှာ လျှောက်သွားနေတဲ့ ဘီးတပ်စက်ရုပ်လေးကို တွေ့မြင်သူတိုင်း သဘောကျခဲ့ပါတယ်။ Aeolus Bot ဟာ အခုလို ဟိုနားဒီနား သွားလာနေတာအပြင် နောက်ထပ် စွမ်းဆောင်နိုင်တာတွေ ရှိပါသေးတယ်။ နေအိမ်သုံး အထောက်အကူပြုကိရိယာတစ် ခုအနေနဲ့ ဒီစက်ရုပ်လေးကို ဖန်တီးထားတာဖြစ်ပြီး လိုချင်တဲ့ပစ္စည်းလေးတွေကို ကမ်းပေးနိုင်ပါတယ်။ ဖုန်စုပ်စက်နဲ့ သန့်ရှင်း ရေးလုပ်နိုင်တယ်။ ပစ္စည်းတွေကို နေရာတကျ စီစဉ်ထားရှိနိုင်ပါတယ်။ လိုအပ်ရင် လုံခြုံရေး စောင့်ကြပ်ပေးတဲ့ ဝန်ထမ်းအနေနဲ့တောင် သုံးနိုင်ပါသေးတယ်။ Alexa နည်းပညာကို Built-in အဖြစ် ထည့်သွင်းပေးတာကြောင့် အင်တာနက်ပေါ်ကနေ ကိုယ်သိချင်တဲ့ အချက်အလက်တွေကိုလည်း မေးမြန်းကြည့်လို့ရပါသေးတယ်။ လောလောဆယ်တော့ Aeolus Botဟာ အဆင့်မြှင့်တင်နေဆဲ Prototype အနေနဲ့သာ ရှိသေး ပြီး ရောင်းတမ်းဝင်အဆင့်ထိ ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။


LG Cloi

ပစ်တိုင်းထောင်လေးလိုလို၊ ခေတ်ရှေ့ပြေး ဒီဇိုင်းနဲ့ နှိုးစက်နာရီလေးလိုလို ပုံစံနဲ့ ဒီစက်ရုပ်ငယ်လေးတွေကို LG က တည်ဆောက် ပြထားပါတယ်။ CES 2018 မှာတော့ ဒီစက်ရုပ်တွေကို သရုပ်ပြသဘောမျိုး LG က မိတ်ဆက်ခဲ့ပါတယ်။ အဓိကရည်ရွယ်ချက်က စမတ်နည်းပညာသုံး နေအိမ်ခန်းတွေမှာ ကောင်းမွန်တဲ့ အထောက်အပံ့တွေ ဖြည့်တင်းပေးဖို့ ဖြစ်ပါတယ်။ ပုံစံလေးတွေကလည်း ဖြစ်ပါတယ်။ LG က လောလော ဆယ်တော့ Cloi မှာ နည်းပညာပိုင်း ချွတ်ယွင်းချက်တချို့ရှိနေပြီး မွမ်းမံအဆင့်မြှင့်နေဆဲလို့ ပြောပါတယ်။ စင်းလုံးချောအဆင့်ကို ရောက်သွား ရင်တော့ ကိုယ့်အတွက် ဟင်းအမည်တွေ မှာယူတာ၊အလုပ်ကိစ္စ စီစဉ် သတ်မှတ်တာတွေအားလုံးကို Google Homeလို စမတ်နေအိမ် နည်းပညာတွေနဲ့ ချိတ်ဆက်ပြီး တာဝန်ယူပေးပါလိမ့်မယ်။ LG က Cloi ရဲ့ အရွယ် အစားပိုကြီးတဲ့ မူကွဲတွေကိုလည်း တည်ဆောက်နေပြီး လေဆိပ်၊ ဟိုတယ်နဲ့ ဈေးဝယ်စင်တာလို နေရာတွေမှာ အသုံးပြုဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီအခါ စက်ရုပ်တွေက ကိုယ့်ရဲ့ ဈေးဝယ်ခြင်းတောင်းနဲ့ ခရီးဆောင် အိတ်တွေကိုပါ ကူညီဆွဲယူပေးပါလိမ့်မယ်။

Sony Aibo

Aibo က စိတ်ကူးသစ်တော့မဟုတ်ပါဘူး။ ဒီစက်ရုပ်ခွေးလေးတွေကို Sony က ဟိုးအရင်ကတည်းက ထုတ်လုပ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ နှစ် အတန်ကြာ အဆက်ပြတ်နေပြီးမှ ၂၀၁၈ ဗားရှင်းသစ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အရင်မျိုးဆက်တွေနဲ့ ယှဉ်ကြည့်ရင် အသွင်အပြင်ပိုင်းက အတော်လေး ဆင်တူပါတယ်။ ဒါပေမဲ့ အတွင်းပိုင်းနည်းပညာအရ အများကြီးပိုပြီး စမတ်ကျလာတယ်။ တကယ့်ခွေးလေးတွေကို သင်ထား ပေးနိုင်တဲ့ ကိုယ်အမူအရာတွေ လုပ်နိုင်တယ်။ ကြမ်းပြင်ပေါ်မှာ ကျနေတဲ့အရိုးတုလို ပစ္စည်းတွေကို ကောက်ယူနိုင်တယ်။ ဒါ့အပြင် ပိုင်ရှင်မိသားစုရဲ့ မျက်နှာတွေကိုလည်း သိရှိမှတ်သားထားမှာ ဖြစ်ပါ တယ်။ ခွေးစက်ရုပ်လေးရဲ့ နှာခေါင်းမှာ ကင်မရာပါရှိပြီး မျက်လုံး ကင်မရာတွေကလည်း အိမ်ရှင်တွေမရှိတဲ့အချိန် နေအိမ်ခန်းကို စောင့်ကြည့်ပေးနေမယ်လို့ Sony က ပြောကြားထားပါတယ်။


Sophia

Sophia ကတော့ လူတူစက်ရုပ်မလေး ဖြစ်ပါတယ်။ ဟောင်ကောင် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Hanson Robotics ရဲ့ လက်ရာပါ။ အတော်ကြီးအဆင့်မြင့်တဲ့ ဉာဏ်ရည်တု နည်းပညာကို ပေါင်းစပ်ပေးထားပြီး အရင်က ပြပွဲတချို့မှာလည်း တွေ့ရဖူးပါတယ်။ CES2018 ကတော့ Sophia ကို နောက်ဆုံးပေါ်ပွဲထုတ်တဲ့ အခမ်းအနားပါ။ လောလောဆယ်တော့ ရောင်းတမ်းဝင်ထုတ်လုပ်ဖို့ မဖြစ်နိုင်သေးဘူးလို့ ကုမ္ပဏီက ပြောပါ တယ်။ Google ရဲ့ ဉာဏ်ရည်တု နည်းပညာကို အခြေခံ အသုံးပြုထားတဲ့ စက်ရုပ်မလေးဟာ လူတွေနဲ့ အလိုက်အထိုက် စကားစမြည် ပြောနိုင်ပါ တယ်။ မိန့်ခွန်းတောင် ပြောတတ်သေးတယ်။ အဓိပ္ပာယ်ရှိတဲ့ မေးခွန်းတော်တော်များများကို ဖြေနိုင်ပါတယ်။ မျက်တောင်ခတ်ပြီး မျက်နှာ အမူအရာတချို့ ပြောင်းလဲတတ်ပါတယ်။ လောလောဆယ်တော့ Sophia မှာခြေထောက်တွေ မတပ်ဆင်ရသေးပါဘူး။ Hanson Roboticsရဲ့ ပညာရှင်တွေကတော့ ဒီအားနည်းချက်ကို ကျော်လွှားဖို့ ကြိုးစားနေ ပြီး Sophia ကို ကိုယ်တိုင်ကိုယ်ကျ ဟိုဟိုဒီဒီ သွားလာစေနိုင်ဖို့ စိုင်းပြင်း နေပါတယ်။

Buddy

Sophia လိုပဲ Buddy ကလည်း အရင်ပြပွဲတွေမှာ တွေ့ဖူးပြီးသားပါ။ CES 2018 ကတော့ Buddy ရဲ့ နောက်ဆုံးပေါ်ပွဲထုတ်မှုပါ။ ပြင်သစ်စက်ရုပ်နည်းပညာ ကုမ္ပဏီ Blug Frog က နေအိမ်လုံခြုံရေးနဲ့ ဖျော်ဖြေရေးအတွက် ဒီစက်ရုပ်ငယ်လေးတွေကို တီထွင်ခဲ့တာ ဖြစ်ပါတယ်။ မိသားစုဝင်တွေနဲ့ အေးအေးလူလူ စကားပြောဆိုနိုင်သလို အိမ်အခြေ အနေကိုလည်း အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်ပေးနိုင်ပါတယ်။ သီချင်းနဲ့ ဗီဒီယိုတွေဖွင့်ဖို့လည်း ခိုင်းစေနိုင်တယ်။ အခြေခံသဘောကတော့ Amazon Echo နည်းပညာမှာ ချစ်စရာမျက်နှာလေးနဲ့ ရွေ့လျားသွားလာနိုင်တဲ့ ဘီးတွေတပ်ထားသလိုပါပဲ။ ကလေးတွေကစားဖို့အတွက်ရော သက်ကြီးရွယ်အိုတွေကို စောင့်ကြည့်နိုင်ဖို့ပါ ရည်ရွယ်ချက် ပေါင်းစုံနဲ့ အသုံးပြုနိုင်မယ့် စက်ရုပ်လေးတွေ ဖြစ်ပါတယ်။


Kuri

Kuri ကို မနှစ်က CES 2017 မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမဲ့CES 2018 မှာတော့ ပိုမိုအဆင့်မြင့်တဲ့ ဗားရှင်းအနေနဲ့ ထပ်မံပြသခဲ့ပါတယ်။ တခြားစက်ရုပ်ငယ်လေးတွေ တော်တော်များများနဲ့တူညီတဲ့ စွမ်းဆောင်ရည်မျိုး ရှိနေပြီး နေအိမ်ပတ်ဝန်းကျင်ကို စောင့်ကြည့်ပေးနိုင် ပါတယ်။ ဓာတ်ပုံရိုက်ခိုင်းလို့ရတယ်။ ဂိမ်းကစားနိုင်တယ်။ အိမ်သား တွေရဲ့မျက်နှာနဲ့ အသံတွေကိုလည်း Kuri က မှတ်သားထားနိုင်ပါသေး တယ်။ ဒါ့အပြင် နေအိမ်အတွင်းပိုင်း ပတ်ဝန်းကျင်ကို မှတ်သားထားပြီး ကိုယ်တိုင်လမ်းကြောင်းရှာရွေ့လျားသွားလာနိုင်ပါတယ်။ မျက်နှာသွင်ပြင်ကိုတော့ Big Hero6 ကာတွန်းရုပ်ရှင်ထဲက Baymax နဲ့ ခပ်ဆင်ဆင် ချစ်စရာကောင်းအောင် ဖန်တီးထားပါတယ်။ 

—Ref: TechRadar