စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ ကုန်ထုတ်စွမ်းအားစုများနှင့် မြန်မာ့စီးပွားရေး - ၁

မြန်မာ့စီးပွားရေး ပြုပြင် ပြောင်းလဲမှုနှင့်ပတ်သက်၍ မြန်မာ့ နိုင်ငံရေး ဘောဂဗေဒ ပုံကြမ်းကို ၁၉၄၈ ခုနှစ်မှစ၍ ခြေရာ ကောက်မိသည်။ ၁၉၄၈  ခုနှစ် လွတ်လပ်ပြီးစနိုင်ငံကို ဖဆပလ အစိုးရက တာဝန်ယူသည်။ ထို အချိန် နိုင်ငံ့စီးပွားရေး ယန္တရား သည် နိုင်ငံခြားသား အရင်းရှင် များ၊ တိုင်းရင်းသားလုပ်ငန်းရှင် အချို့တို့ဖြင့် အလုပ်ဖြစ်နေခဲ့ သည်။ ဆိုရှယ်လစ် အယူအဆ နှစ်သက်မှု ကဲနေချိန်ဖြစ်သော ကြောင့် အစိုးရ၏ သဘောထား တွင်မူ နိုင်ငံ့စီးပွားရေးကို အစိုးရ ပါဝင်ပတ်သက်၍ အကောင် အထည်ဖော်မည့် ဆန္ဒကြီးမားနေ သည့်အချိန်ဖြစ်မည်။ ဤသို့ဖြင့်  ၂နှစ်စီမံကိန်းဖြင့် နိုင်ငံ့စီးပွားရေး ပြန်လည်ထူထောင်မှုကို စခဲ့ သည်။ လက်တွေ့တွင် လျာထား ရေးဆွဲထားသော ထူထောင်ရ မည့် စက်ရုံအများစုကို အကောင် အထည် မဖော်နိုင်ခဲ့။ ၁၉၅၂ ခုနှစ် မှ ၁၉၆၀ ပြည့်နှစ်အထိ အမေရိ ကန်ပညာရှင်များ၏ အကူအညီ ဖြင့် ရေးဆွဲခဲ့သည့် ကေတီအေ ခေါ် ပြည်တော်သာ ရှစ်နှစ်စီမံ ကိန်းကို အကောင်အထည်ဖော် သည်။ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု နေရာတွင် အစိုးရထိန်းချုပ်သော ရင်းနှီးမြှုပ်နှံမှုဖြင့် အစားထိုး၍ နိုင်ငံဖွံ့ ဖြိုးရေးအားထုတ်ရန်ဖြစ် သည်။ ငွေကြေးအရင်းအနှီး အခက်အခဲများကြောင့် အောင် မြင်မှုမရရှိပြန်သောအခါ လေး နှစ် စီမံကိန်းတစ်ရပ် ထပ်မံရေး ဆွဲခဲ့သည်။ သို့သော် အပြည့်အဝ အကောင်အထည် မဖော်နိုင်ဘဲ ရှုပ်ထွေးပွေလီလှသော နိုင်ငံရေး ပြဿနာအရှုပ်အထွေး၊ ပါတီ အကွဲအပြဲများ၊ ပဋိပက္ခများကို ဖြေရှင်းရင်း အိမ်စောင့်အစိုးရ တာဝန်ယူရသည့် အခြေအနေ ဖြစ်ခဲ့သည်။ အိမ်စောင့် အစိုးရ ပြုလုပ်ပေးသည့် ရွေးကောက်ပွဲပြီး သည့်နောက် ဦးနု၏ သန့်ရှင်း ဖဆပလအစိုးရ တာဝန်ထပ်မံယူ ခဲ့သည်။ သို့သော် အချိန်သိပ် မကြာခဲ့။ ၁၉၆၂ ခုနှစ်တွင် ဦးနေဝင်းဦးဆောင်သည့် စစ်တပ် သည် တော်လှန်ရေးကောင်စီ အမည်ဖြင့် နိုင်ငံ့တာဝန်များ အား လုံး ရယူခဲ့လေသည်။

၁၉၄၈ မှ ၁၉၆၂ အထိ လွတ်လပ်ရေးရပြီးစ ၁၄ နှစ်တာ ကာလအတွင်း ဆန်စပါး၊ သစ် တောကဏ္ဍ၊ နိုင်ငံခြားငွေကြေး ကဏ္ဍအပါအဝင် အရေးပါသော ကဏ္ဍများကို အစိုးရက ထိန်းချုပ် ရန် ကြိုးစားသည့်အခြေအနေများ ရှိခဲ့သည်။ ၁၉၆၃ ဇန်နဝါရီတွင် ဘီအိုစီနှင့် အိုင်ဘီပီ ရေနံလုပ်ငန်း တို့ကို သိမ်းယူခြင်း၊ ဖေဖော်ဝါရီ တွင် ဘဏ်တိုက်များ၊ လုပ်ငန်း ကြီးများ သိမ်းယူခြင်းတို့ကို ပြု လုပ်ခဲ့သည်။

၁၉၆၄ ခုနှစ် မတ်လနှင့် ဧပြီလတို့တွင် ရန်ကုန်မြို့အပါ အဝင် တစ်နိုင်ငံလုံးတွင် စီးပွား ရေးလုပ်ငန်း အကြီးအသေးမှန် သမျှ ပြည်သူပိုင်သိမ်းသည့် အစီ အစဉ် အကြီးအကျယ်ပြုလုပ်ခဲ့ သည်။ ၁၉၆၆ ခုနှစ်တွင် ကုန် သွယ်ရေးအမိန့် ထုတ်ပြန်ပြီး ပြည် သူများ ရောင်းဝယ်ခွင့်မရှိသည့် ကုန်စည်အမျိုးပေါင်း ၅၀၀ နီးပါး အမည်စာရင်းများ ထုတ်ပြန်ခဲ့ပြီး ကုန်သွယ်ရေးကို ချုပ်ကိုင်ခဲ့ပြန် သည်။ ထို့နောက် ဆိုရှယ်လစ် စီးပွားရေးစနစ် တည်ဆောက်ရေး အထောက်အကူပြု ဥပဒေများကို တစ်ခုပြီးတစ်ခု ပြဋ္ဌာန်းခဲ့သည်။ တော်လှန်ရေးကောင်စီသည် ဆို ရှယ်လစ်စီးပွားရေး အယူအဆ၊ ဗဟိုစီမံကိန်းချ စီးပွားရေးစနစ်ဖြင့် နိုင်ငံရေး၊ စီးပွားရေးလမ်းကြောင်း ကို ဆက်လက်လျှောက်လှမ်းနိုင် ရန် ပြင်ဆင်ခြင်းကို လုပ်ဆောင်ခဲ့ သည်ဟု ဆိုနိုင်သည်။

မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ ထူထောင်ပြီးသည့်အချိန် တွင် ၁၉၇၄-၇၅ ခုနှစ်မှ ၁၉၉၃- ၉၄ ခုနှစ်ထိ လေးနှစ်စီမံကိန်း၊ နှစ် ၂၀ စီမံကိန်း ရေးဆွဲခဲ့ပြီး လေးနှစ် စီမံကိန်းများဖြင့် ဆိုရှယ်လစ်စီး ပွားရေးကို အကောင်ထည်ဖော်ခဲ့ သည်။ နိုင်ငံပိုင် စီးပွားရေးလုပ် ငန်းများကို အားပေးအားမြှောက် ပြုခဲ့ပြီး အစိုးရပိုင် စီးပွားရေးလုပ် ငန်းများ၏ အသုံးစရိတ်ကို အစိုးရ ၏ ဘတ်ဂျက်ငွေစာရင်းမှ ကျခံ သုံးစွဲစေသည်။ ထိုလုပ်ငန်းများ၏ ဝင်ငွေများကိုလည်း အစိုးရဝင်ငွေ အဖြစ် ပြည်ထောင်စု၏ စုပေါင်း ရန်ပုံငွေ ခေါင်းစဉ်အောက်သို့ ထည့်သွင်းရသည်။ သို့သော် စီမံ ကိန်းကာလများအတွင်း နိုင်ငံခြား မှ ကြွေးမြီချေးယူရသည့် အခြေ အနေများ ဖြစ်ပေါ်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် နိုင်ငံလုံးကျွတ် လူထု အုံကြွမှုကြီး ဖြစ်ပေါ်ခဲ့ပြီး နောက် မြန်မာ့ဆိုရှယ်လစ်လမ်း စဉ်ပါတီကို ပျက်သုဉ်းမှုနှင့်အတူ ဆိုရှယ်လစ်စီးပွားရေး စီမံကိန်း သည်လည်း နိဋ္ဌိတံခဲ့သည်။

ထိုကာလအလွန်မှစ၍ တပ် မတော်သည် နဝတအမည်ဖြင့် လည်းကောင်း၊ ထိုမှ နအဖအမည် သို့ ပြောင်းလဲ၍လည်းကောင်း နိုင်ငံ့တာဝန်များကို ရယူခဲ့သည် မှာ ၂၀၁၀ ပြည့်နှစ်အထိဖြစ်သည်။ တပ်မတော်သည် နိုင်ငံ့စီးပွားရေး အတွက် Market-oriented Economic System ကျင့်သုံးမည် ဟုဆိုလျက် ဈေးကွက်အလေ့ အထများကို ပြင်ဆင်သည်။ ယခင်က မှောင်ခိုကုန်သွယ်ရေးဟု ခေါ်သည့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများကို တရားဝင်လုပ် ကိုင်ခွင့်ပေးခဲ့သည်။ နိုင်ငံ့သယံ ဇာတအများအပြားကို တူးဖော် ထုတ်ယူခဲ့သည်။ ဥပဒေမဲ့၊ ဥပဒေ ဘောင်ကျော်၊ ဥပဒေလက်တစ် လုံးခြား စသဖြင့် အမျိုးမျိုးသော အလင်းမဲ့စီးပွားရေးဖြင့် နိုင်ငံ့စီး ပွားရေးလည်ပတ်သည့်အချိန် ဖြစ်ခဲ့သည်။ အကျင့်ပျက်အုပ်ချုပ် သူ လူတန်းစားတစ်ရပ် သိသာစွာ ဖြစ်တည်လာခဲ့ပြီး အုပ်ချုပ်သူလူ တန်းစားကို နည်းလမ်းအမျိုးမျိုး ဖြင့် ပေါင်းသင်း၍ လုပ်ပိုင်ခွင့်ရှာ တတ်သော ခရိုနီလူတန်းစားလည်း ထွန်းကားခဲ့သည်။ ဖွံ့ဖြိုးဆဲနိုင်ငံ ကြီးအချို့မှ စီးပွားရေး၊ ကုန်သွယ် ရေး ပိတ်ဆို့ဟန့်တားမှုများ ရှိနေ သော်လည်း သဘာဝသယံဇာတ များ ရောင်းချရာမှ ရရှိသည့် ဝင် ငွေအများစုဖြင့် ရပ်တည်နိုင်ရေး အားထုတ်ခဲ့သည်။ တပ်မတော်က တာဝန်ယူသည့် အဆိုပါကာလ တွင် နိုင်ငံရေးအရ တည်ငြိမ်မှု အတော်အတန် ရရှိခဲ့သော်လည်း နိုင်ငံ၏ အဖိုးတန်သယံဇာတများ စွာ အထိန်းအသိမ်းမရှိ ထုတ်ယူ သုံးစွဲခဲ့သောကြောင့် သဘာဝပတ် ဝန်းကျင်များစွာ ပျက်စီးခဲ့ရသည်။

၂၀၀၈ ခုနှစ်တွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုနိုင်ရေး အားထုတ် သည်။ ထိုဖွဲ့စည်းပုံအခြေခံဥပဒေ ဖြင့် ဒီမိုကရေစီစနစ်၊ ဈေးကွက် စီးပွားရေးစနစ်တို့ကို တရားဝင် ပြဋ္ဌာန်းပေးခဲ့ပြီး ၂၀၁၀ ပြည့်နှစ် တွင် ရွေးကောက်ပွဲကျင်းပပေး သည်။ ပထမဦးဆုံး ဒီမိုကရေစီ အစိုးရ (၂၀၁၁-၂၀၁၆) သည် လွှတ်တော်နိုင်ငံရေး အခင်း အကျင်းဖြင့် ဈေးကွက်အင်စတီ ကျူးရှင်း တည်ဆောင်ခြင်းအပါ အဝင် ဈေးကွက်ယန္တရားကို အထောက်အကူပြုစေမည့် ပတ် ဝန်းကျင်ကို ဖန်တီးနိုင်ရေး လုပ် ဆောင်ခဲ့သည်။ နိုင်ငံတကာ ဝန်း ကျင်တွင် ပြန်လည်ဝင်ဆံ့နိုင်ရေး၊ ကြွေးမြီများ လျော့ပါးသက်သာ စေရေးတို့ကို လုပ်ဆောင်ခဲ့သည်။ နိုင်ငံ့စီးပွားရေးမှာမူ နိုင်ငံ့ဂျီဒီပီ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတို့တွင် တိုးတက်မှုကိန်းဂဏန်များကို တွေ့နေရသော်လည်း ကုန်သွယ် မှုတွင်လည်းကောင်း၊ ဘတ်ဂျက် တွင်လည်းကောင်း လိုငွေဖြစ်ပေါ် မှုကို အဆက်မပြတ် ရင်ဆိုင်နေရ သည်။ လွန်ခဲ့သည့် ကာလများက ပြုလုပ်ခဲ့သည့် မြေယာသိမ်းပိုက်မှု အကျိုးဆက် ပြဿနာများကို ပီ ပြင်စွာ မရှင်းလင်းနိုင်သေးခြင်း၊ ခရိုနီများနှင့် အုပ်ချုပ်သူများကြား အတိတ်ကာလ ဆက်ဆံမှု၊ သံ ယောဇဉ်များ ရှိနေသေးခြင်း၊ကိုယ်ပိုင်အခွင့်အာဏာဖြင့် လုပ် ကိုင်ရမည့် စီးပွားရေးအင်စတီ ကျူးရှင်းများ လုပ်ရှားနိုင်ခွင့် မသာသေးခြင်းတို့ကြောင့် ဒီမိုက ရေစီ ပထမငါးနှစ် သက်တမ်း ကာလတွင်လည်း နိုင်ငံ့စီးပွားရေး မှာ မျှော်လင့်ထားသလောက် ဖြစ် မလာခဲ့ပေ။

ယခု ၂၀၁၆-၂၀၂၁ သည် ဒီမိုကရေစီစနစ် ဒုတိယငါးနှစ် သက်တမ်းကာလ၊ ပထမဦးဆုံး အရပ်သားအစိုးရ နိုင်ငံတာဝန်ယူ သည့်အချိန်ဖြစ်သည်။ ပထမ သက်တမ်းအစိုးရစခဲ့သည့် ဈေး ကွက် ယန္တရား ဆက်လက်လည် ပတ်နိုင်ရေး အားထုတ်ရန် ပြင် ဆင်သည်။ အခက်အခဲများက တန်းစီနေသည့် အခြေအနေထက် ဆိုးသည့် တောင်လိုပုံနေသည့် အနေအထားဖြစ်နေသော်လည်း လိုအပ်သည့် ပြုပြင်ပြောင်းလဲမှု များကို ဆက်လက်လုပ်ဆောင် သည်။ လေးလတာအချိန် ကုန်ခါ နီး၌ စီးပွားရေးပေါ်လစီ ၁၂ ရပ် ကို ချပြသည်။ အက်ဖ်ဒီအိုင် အတွက် ဥပဒေပြင်ဆင်မှုကို အမြန်အဆန် ပြုလုပ်သည်။ နှစ် ပေါင်းများစွာတကည်းက နက် ရှိုင်းစွာ အမြစ်တွယ်လျက်ရှိသည့် ဈေးကွက်ယန္တရား လည်ပတ်ရေး ကို ခက်ခဲစေသော အခြေအနေ အမျိုးမျိုးမှာ ရှင်းလေ ရှုပ်လေ သပွတ်အူ အနေအထားရှိနေဆဲ မှာပင် မြေစမ်းခရမ်းပျိုးနိုင်ရေး အတွက် အားထုတ်နေရသည်။ ဤသို့ဖြင့် သပွတ်အူလိုက်နေ သည့် စီးပွားရေးပြဿနာများကို အဖြေရှာနိုင်ရေး အားထုတ်ရင်း တစ်နှစ်ခွဲနီးပါး အချိန်ကာလကို ဖြတ်သန်းခဲ့ပြီး ဖြစ်သည်။ လက်ရှိ ကြုံတွေ့နေရသည့် အခြေအနေ များအရ နိုင်ငံ၏ အနာဂတ်စီးပွား ရေးအတွက် အခြေခံအကျဆုံးနှင့် လွှမ်းခြုံမှုအရှိဆုံး အဖြေကို ရှာဖို့ လိုလာသည်။

ဖြတ်သန်းခဲ့သည့် နှစ်ပေါင်း ၇၀ နီးပါးအတွင်း မြန်မာ့စီးပွား ရေးသည် တည်ငြိမ်မှုများစွာမရှိဘဲ နိုင်ငံရေးအခြေအနေပေါ်မူတည် ပြောင်းလဲသည့် စီးပွားရေးစနစ် အောက်တွင် ယိမ်းထိုးလှုပ်ရှားခဲ့ ရသည်ကို တွေ့ရ၏။ ပုဂ္ဂိုလ်တစ် ဦး၊ အဖွဲ့အစည်းတစ်ဖွဲ့၏ စိတ် ကူးကြိုးဆွဲရာ အစီအမံများအတိုင်း စီးပွားရေးမူဝါဒများ အပြောင်း အလဲများကို ပုံဖော်ရင်း ရုန်းကန် ဖြတ်သန်းခဲ့ရသည်။ နိုင်ငံ၏ ကုန် ထုတ်လုပ်မှု၊ အလုပ်အကိုင် အခွင့်အလမ်းအတွက်၊ နိုင်ငံ ဝင်ငွေတို့အတွက် အခြေခံကျ သည့် ကုန်ထုတ်စွမ်းအားများနှင့် ပတ်သက်၍ ကောင်းစွာ အလေး ထားဂရုပြုခြင်း မရှိခဲ့ပေ။ မြန်မာ့ စီးပွားရေးအဆောက်အအုံ အတွင်း၌ အခြေခံကုန်ထုတ်စွမ်း အားစုများဖြစ်သည့် မြေယာ၊ လုပ်အား၊ အရင်းအနှီးတို့သည် စနစ်တကျ စီမံဆောင်ရွက်ခြင်းကို မခံခဲ့ရဘဲ တစ်သွေးတစ်သံ တစ် မိန့်ဖြင့် အကောင်အထည်ဖော် မှုအောက်တွင် နှစ်ပေါင်းများစွာ တည်ရှိခဲ့ကြသည်။ စွမ်းဆောင် ရည် ပြည့်ဝစွာ အသုံးချတတ်မှု၊ နည်းလမ်းမှန်ကန်စွာ စနစ်တကျ စီမံလျာထားမှုတို့လည်း မရှိခဲ့ပေ။ (ရှိခဲ့သည်ဟု ဆိုခဲ့ပါကလည်း စဉ်ဆက်မပြတ် ဆောင်ရွက်နိုင် ခြင်း ရှိခဲ့မည်မဟုတ်ဟု တထစ်ချ ကောက်ချက်ချရမည်သာ)အကျိုးဆက်သည်ကား နိုင်ငံ့ ကုန်ထုတ် စွမ်းအားစုများသည် တဖြည်းဖြည်းနှင့် အင်အားချည့်နဲ့ သွားခြင်းဖြစ်သည်။ နှစ်ပေါင်း ၇၀ကြာ စီးပွားရေးပြု ပြင်ပြောင်း လဲရေးအချိုးအကွေ့များ ဖြတ် သန်းခဲ့ရသည့်ကာလအတွင်း နိုင်ငံ၏ ကုန်ထုတ်စွမ်းအားစုတို့ မည်သို့မည်ပုံ ဖြစ်ခဲ့ကြသနည်း။

- ၁၉၄၈ ခုနှစ်မှ ၁၉၆၂ အထိ နိုင်ငံပြန်လည်ထူထောင် ရေးနှင့် နိုင်ငံရေးပဋိပက္ခများကြား တွင် နိုင်ငံ့ကုန်ထုတ်စွမ်းအားစု များနှင့်ပတ်သက်၍ သတိမထား ခဲ့။ ၁၉၆၂ ခုနှစ်မှ ၁၉၇၄ ခုနှစ် အထိ ကာလသည် ဆိုရှယ်လစ် စီးပွားရေး၊ ဗဟိုစီမံကိန်း၊ ချစီးပွား ရေးစနစ်အတွက် ကြိုတင်ပြင် ဆင်သည့် အချိန်ဖြစ်ခဲ့ပြီး ၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ် လမ်းစဉ်ပါတီ ပြိုလဲသည်အထိ ကာလမှာ ဆို ရှယ်လစ် စီးပွားရေးစနစ်ကို အ ကောင်အထည်ဖော်သည့် ကာလ ဖြစ်ခဲ့သည်။ နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံများ အားပေး၍ သွင်း ကုန် အစားထိုးဗျူဟာ (Import Substitution Strategy)ဖြင့် လူ ထုသာယာဝပြောရေး အားထုတ် သည်။ သို့သော် လူထုနေ့စဉ်လို အပ်သည့် စားသုံးကုန်၊ လူသုံး ကုန်များကိုပင် မှောင်ခိုသွင်းကုန် များပေါ်တွင် မှီခိုခဲ့ရသည်။ ထို အချိန်က မြေယာနှင့်ပတ်သက်၍ လည်းကောင်း၊ လုပ်အားနှင့်ပတ် သက်၍လည်းကောင်း ကြီးမား သော ပြဿနာများစွာ မရှိခဲ့။ ငွေ ကြေးအရင်းအနှီးမှာမူ ပြည်သူ ပိုင် သိမ်းလိုက်ခြင်းဖြင့် အစိုးရက ပုဂ္ဂလိကကဏ္ဍလက်မှ ရယူခဲ့ သည်။ အဓိကထုတ်လုပ်ရေး လယ်ယာစိုက်ပျိုးရေးကဏ္ဍမှ ဝင်ငွေများသည် အစိုးရလက်ထဲ သို့သာ ရောက်ရှိသွား၏။ သို့သော် ကာလတစ်လျှောက် အစိုးရ၏ အရင်းအနှီးတည်ဆောက်မှု ကြီး ထွားလာခြင်းမရှိခဲ့။ နိုင်ငံ့ကြွေးမြီ ထူလာခဲ့သည်။ ၁၉၈၇ ခုနှစ်၌ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ အဆင့် ရောက်ခဲ့ကာ နိုင်ငံ့စီးပွား ရေး ချွတ်ခြုံကျလျက် ဆိုရှယ်လစ် စီးပွားရေး အယူအဆ နိဋ္ဌိတံသွား ခဲ့သည်။ ထိုအချိန်က ကုန်ထုတ် စွမ်းအားစုများအနက် မြေယာနှင့် လုပ်အားဖျက်ဆီးခြင်း မခံရသေး သော်လည်း ပုဂ္ဂလိကကဏ္ဍမှ ရယူခဲ့သော အရင်းအနှီးဖြစ်တည် မှုများသည် အစိုးရလက်ထဲတွင် ပျက်စီးသွားခဲ့ရသည်။

ဆက်လက်ဖော်ပြပါမည်။