ဧရာဝတီနှင့်အတူ ရှင်သန်စီးဆင်းနေဆဲ ကျွန်းမကြီး၏ ကဗျာသံစဉ်

စစ်အစိုးရလက်ထက်ကတည်းက စတင်ပြုလုပ်ခဲ့သော ကျွန်းမကြီးကဗျာရွတ်ပွဲသည် ယခုနှစ်တွင် (၂၆)နှစ် ပြည့်ခဲ့ပြီဖြစ်သည်။ (ဓာတ်ပုံ - မိုးကျော်)

‘ကမ္ဘာမကြေဘူး ... ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ’ဆို သည့် သီချင်းစာသားကို ဆွဲဆွဲငင် ငင် သံပြိုင်သီဆိုသံက ဧရာဝတီ၏ ကျောရိုး နုန်းတင်မြေနုကျွန်းကြီး ပေါ်တွင် ပျံလွင့်နေသည်။

ဘူးပင်၊ ဖရုံပင်၊ ခဝဲပင်တို့ကို စင်ထိုးထားသည့် အောက်မြေနေ ရာကို ခန်းမတစ်ခုလို သဘောထား ကာ အထက်ပါသီချင်းကို သီဆို နေသူများသည် မြန်မာနိုင်ငံတစ် ဝန်း အနယ်နယ်အရပ်ရပ်မှ ကဗျာဆရာ၊ စာရေးဆရာ၊ ပန်းချီဆရာ၊ ကာတွန်းဆရာ၊ ဂီတပညာရှင်နှင့် ဓာတ်ပုံပညာရှင်များဖြစ်သည်။

တဲအိမ်စုခြောက်စုလောက် သာရှိပြီး ကိုင်းစိုက်ပျိုးသော တောင်သူမိသားစု အနည်းငယ်သာနေ ထိုင်သည့် ဧရာဝတီမြစ်လယ်ကျွန်း ကြီးပေါ်တွင် ကဗျာရွတ်သံနှင့် သီ ချင်းသံကြားရသည်မှာ ဒေသခံ များအတွက် အထူးအဆန်းတစ်ခု လိုဖြစ်ချင်လည်းဖြစ်နေနိုင်သည်။

 သို့သော် ဆောင်းကာလ ဧရာဝတီမြစ်လယ်တွင် မြေနုကျွန်းပေါ်ချိန်တွင်တော့ ထိုကဗျာရွတ်သံများကို နှစ်စဉ်လို ကြားရမြဲဖြစ် သည်။ အနယ်နယ်အရပ်ရပ်မှ ကဗျာဆရာများနှင့် အနုပညာဖန် တီးသူများလည်း ထိုကျွန်းပေါ်သို့ လာရောက်စုစည်းမြဲ ဖြစ်သည်။ တိတိကျကျဆိုရင်လျှင် လွန်ခဲ့သည့် ၂၆ နှစ်လောက်ကတည်းက ကျွန်းပေါ်တွင် ကဗျာရွတ်သံများ ပျံ့လွင့်ခဲ့ခြင်းဖြစ်သည်။

ထိုကျွန်းသည် မကွေးဒေသခံ များက ကျွန်းမကြီးဟု ခေါ်ဝေါ် သည့် နုန်းတင်မြေနုကျွန်းကြီးဖြစ် သည်။

ဧရာဝတီမြစ်လယ်တွင် တည်ရှိပြီး မကွေးကမ်းစပ်မှတစ်ဆင့် စက်လှေဖြင့် သွားရောက်ရသော ထိုကျွန်းပေါ်တွင် သီးပင်၊ စားပင် များ တစ်မျှော်တစ်ခေါ် စိုက်ပျိုး ထားသည်။ နွားလှည်း၊ တဲအိမ်စု လေးများ၊ ဘူးစင်၊ ဖရုံစင်များသာ ရှိသော မြစ်လယ်ကျွန်းပေါ်သို့ တကူးတကသွားကာ ကဗျာရွတ် ကြသည့် ‘ကျွန်းမကြီးကဗျာရွတ် ပွဲ’သည် မကွေးမြို့၏ ထင်ရှား သော အနုပညာဆိုင်ရာပွဲတစ်ခု ဖြစ်သည်။

ချောက်မြို့နယ်တွင် ပြုလုပ် သည့် မဇ္ဈိမအလင်းကဗျာရွတ်ပွဲ၊ မန္တလေးတွင် ပြုလုပ်သည့် လူထု ဒေါ်အမာ မွေးနေ့ပွဲ စသည်တို့တွင် ကဗျာဆရာများ၊ စာရေးဆရာများ စွာ စုစည်းကာ ကဗျာရွတ်လေ့ရှိ ပြီး ကျွန်းမကြီးကဗျာရွတ်ပွဲသည်လည်း အထက်ပါပွဲများကဲ့သို့ပင် နိုင်ငံတစ်ဝန်းမှ ကဗျာဆရာ၊ စာရေးဆရာများစွာ လာရောက်စုစည်းသည့်ပွဲဖြစ်သည်။ မဇ္ဈိမအလင်းကဗျာရွတ်ပွဲသည် သက်တမ်း ၂၁ နှစ်ရှိပြီး ကျွန်းမကြီးကဗျာရွတ်ပွဲသည် ၂၆ နှစ်ရှိပြီဖြစ်ကြောင်း ကဗျာဆရာနိုင်သစ်နီက ပြောသည်။

ကျွန်းမကြီး ကဗျာရွတ်ပွဲကို စစ်အစိုးရလက်ထက် ၁၉၉၂ က စတင်ပြုလုပ်ခဲ့ပြီး မောင်မော်ကွန်း၊နိုင်သစ်နီ၊ ထက်သစ်၊ မြတ်၊ လေပြေသုန်၊ ရိုးသက် အပါအဝင် မြေ လတ်ဒေသခံ ကဗျာဆရာတို့က ကိုယ့်ငွေကိုယ်စိုက်ထုတ်၍ ပြု လုပ်ခြင်းဖြစ်သည်။

သို့သော် ကဗျာရွတ်ပွဲပြုလုပ် ရန် စတင်ရွေးချယ်ခဲ့သည့်နေရာက ကျွန်းမကြီးတော့ မဟုတ်ပေ။ မြေ လတ်ဒေသကို ကိုယ်စားပြုနိုင် သည့် ဗိဿနိုးရှေးဟောင်းမြို့ တော်နေရာကို ရည်ရွယ်ခြင်းဖြစ် သည်။

သို့သော် ဒေသခံကဗျာဆရာ များနှင့် ညှိနှိုင်းဆွေးနွေးရာတွင် ဆွေးနွေးမှုအဆင်မပြေသဖြင့် ဧရာဝတီမြစ်၏ ကျယ်ပြောလှသည့် ကျွန်းမကြီးကို ရွေးချယ်ခဲ့ကြောင်း ဒေသခံ ကဗျာဆရာထက်သစ်က ပြောသည်။

‘‘အဓိကကတော့ ကိုယ်နေရ တဲ့ခေတ်က ခေတ်ပျက်၊ အမှောင် ခေတ်လို့ ပြောလို့ရတဲ့ လက်ထက် မှာ လုပ်လာခဲ့ရတာဆိုတော့ ကဗျာဆရာတွေက အငုံ့စိတ်၊ တော်လှန် လိုတဲ့စိတ်နဲ့ ရေးကြတာလေ။ နိုင်ငံရေးကို ရိုက်ခတ်တာ၊ မရိုက် ခတ်တာ၊ နိုင်ငံရေးကို လုပ်တာ၊ မလုပ်တာထက် ခေတ်ကိုတော့ သေချာပေါက် စကားပြောကြမှာ ပဲ။ ခေတ်အပေါ်မှာ မကျေနပ်ချက် တွေကိုတော့ ကဗျာစကားလုံးတွေ နဲ့ ပစ်ပေါက်မှာပဲ’’ဟု ကဗျာဆရာ ထက်သစ်က ကဗျာရေးခြင်းနှင့် ကဗျာရွတ်ပွဲပြုလုပ်ရခြင်း၏ ရည် ရွယ်ချက်ကို ပြောသည်။

ကျွန်းမကြီး ကဗျာရွတ်ပွဲကို စတင်အသက်သွင်းခဲ့ချိန်က မြန်မာနိုင်ငံတွင် စစ်အစိုးရအုပ်ချုပ်သော ကာလဖြစ်သည်။ ထို့ကြောင့် ခေါ်ယူမေးမြန်းစစ်ဆေးခြင်းများ ခံခဲ့ရသည်။ ကဗျာဆရာများ စောင့်ကြည့်ခံခဲ့ရသည်။

 ယင်းသို့ အခြေအနေရှိခဲ့ သော်လည်း ကဗျာရွတ်ပွဲကို နှစ် စဉ်ဖြစ်မြောက်ရန် ကြိုးစားခဲ့သည်။ အနယ်နယ်အရပ်ရပ်က ကဗျာ ဆရာများ ပါဝင်လာပြီး ကျယ်ပြန့် လာအောင် စီစဉ်ခဲ့သည်။ စစ်ဆေး မေးမြန်းမှုများကို ရှောင်လွှဲနိုင်ရန် ကျင်းပမည့်ရက်များကို ပုံမှန် မထားနိုင်ဘဲ အပြောင်းအလဲလုပ် ရသည်။

‘‘ကဗျာဆရာတွေက စောင့် ကြည့်ခံလူသားတွေပေါ့။ ဒါပေမဲ့ ဖမ်းဆီးထိန်းသိမ်းတာမျိုးတွေအ ထိတော့ မရှိခဲ့ပါဘူး’’ဟု မကွေး ဒေသခံ ကဗျာဆရာ နိုင်သစ်နီက ပြောသည်။

၁၉၉၄-၉၅ ခုနှစ် များတွင်တော့ ကျွန်းမကြီးကဗျာရွတ်ပွဲက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာပြီး မြန်မာနိုင်ငံ၏ အထင်ကရ ကဗျာဆရာကြီးများက စိတ်ဝင်တစားတက်ရောက် အသိအမှတ်ပြုသည့် ကဗျာရွတ်ပွဲအသွင်ဖြင့် ရှင်သန် လာခဲ့သည်။


ဓာတ်ပုံ - မိုးကျော်

ကဗျာဆရာ မောင်သင်းခိုင်၊ မောင်သာနိုး၊ အောင်ဝေး၊ မောင် အောင်ပွင့်၊ မောင်ညီညွတ်၊ မောင် သင်းပန်၊ နေထက်နိုင်၊ နေဇော် နိုင်၊ ပေလေးပင်မောင်လေးမွန်၊ လှိုင်းထက် စသည့်ကဗျာဆရာများ က ကျွန်းမကြီးကဗျာရွတ်ပွဲကို အ သိအမှတ်ပြု ပါဝင်ဆင်နွှဲခဲ့ကြောင်း ကဗျာဆရာ မောင်မော်ကွန်းကဆိုသည်။

စစ်အစိုးရလက်ထက်က ပြုလုပ်ခဲ့သော ကျွန်းမကြီးကဗျာ ရွတ်ပွဲသည် ၂၀၁၈ ဇန်နဝါရီ ၁၀ ရက်တွင် ၂၆ နှစ် သက်တမ်းရှိပြီ ဖြစ်သည်။

ကျွန်းမကြီးကဗျာရွတ်ပွဲ ရှိ မှန်းသိသော်လည်း မပွင့်လင်း သည့်ခေတ်၊ ထိန်းချုပ်မှုများ၊ စစ် ဆေးမေးမြန်းမှုများရှိသည့်ခေတ် တွင် စိုးရိမ်စိတ်ရှိခဲ့သဖြင့် မတက် ရောက်ဖြစ်ဘဲ ပြီးခဲ့သည့်နှစ်ကမှ စတင်တက်ရောက်ခဲ့ကြောင်း ရန် ကုန်မှ လာရောက်၍ Performan-ce Art ဖြင့် ကဗျာရွတ်ခဲ့သူ ဆရာမစုမီအောင်ကပြောသည်။

‘‘အရင်နှစ်တွေတုန်းက လွတ် လွတ်လပ်လပ် လုပ်ခွင့်မရခဲ့ဘူး။ ထိန်းချုပ်မှုတွေအောက်မှာ တိုးတိုး တိတ်တိတ် လုပ်ခဲ့ကြရတယ်။ ပြီး ခဲ့တဲ့နှစ်ကမှစလို့ လွတ်လွတ်လပ် လပ် လုပ်ဆောင်ခွင့်ရလာတယ်။ အဲဒါကြောင့် လွတ်လပ်စွာ ရေး သားပြောဆိုခွင့်၊ လွတ်လပ်စွာ ခံစားချက်တွေကို ဖော်ထုတ်ခွင့် တွေနဲ့ ကဗျာရွတ်ပွဲတွေ ဖြစ်လာဖို့ မျှော်လင့်တယ်’’ဟု ၎င်းက ဆို သည်။

လက်ရှိတွင် ပြည်သူအများစု သည် ကဗျာစာအုပ်နှင့် ရသစာများ ပေါ်တွင် အာရုံစိုက်မှုနည်းနေပြီး စာအုပ်များလည်း ရောင်းအားကျ နေသည်။ ထို့ကြောင့် ယခုကဲ့သို့ ကဗျာရွတ်ပွဲများကို ဆောင်ရွက် ဖြစ်သလို ကဗျာနှင့် အခြားအနု ပညာရှင်များ စည်စည်ကားကား ဖြစ်နိုင်ရန် ရသစာပေပြန်လည် ကျယ်ပြန့်လာရန်ကိုလည်း ရည် ရွယ်ကြောင်း ကဗျာဆရာ ဧဇံက ပြောသည်။

 ကျွန်းမကြီး ကဗျာရွတ်ပွဲ ခန်းမအဖြစ် ကျွန်းပေါ်နေ တောင် သူတို့၏ ဘူးစင်၊ ဖရုံစင်အောက် တွင်သာ ပြင်ဆင်သည်။ သဘာဝ ခန်းမတွင် ပန်းချီကား၊ ဓာတ်ပုံနှင့် ကာတွန်းဗီနိုင်းတို့ကိုလည်း ပြသ ထားသည်။

နှစ်စဉ် ကျင်းပခဲ့သည့် ကျွန်းမကြီးကဗျာရွတ်ပွဲကို မြန်မာနိုင်ငံ တစ်ဝန်းရှိ အနယ်နယ်အရပ်ရပ်မှ ကဗျာဆရာနှင့် အနုပညာရှင်တို့ အား ဖိတ်ကြားခဲ့သည်။

ယခုနှစ် ပြုလုပ်သော (၂၆) နှစ်မြောက် ကျွန်းမကြီးကဗျာရွတ် ပွဲကို မကွေးတိုင်းဒေသကြီးအ တွင်းရှိ မြို့နယ်များဖြစ်သည့် ပခုက္ကူ၊ ချောက်၊ ရေနံချောင်း၊ စလင်း၊ မင်းဘူး၊ ငဖဲ၊ ဆတ်သွား၊ တောင်တွင်းကြီး၊ သရက် စသည့် မြို့နယ်များနှင့် ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ပြည်၊ မြင်းခြံ၊ မော်လမြိုင်၊ ကျောက်ပန်းတောင်း၊ ကြို့ပင် ကောက်၊ လွိုင်ကော်၊ အောက်မင်း လှ စသည့်မြို့များမှ ကဗျာဆရာ များနှင့် အနုပညာရှင် ၂၀၀ ကျော် တက်ရောက်ခဲ့သည်။

ယခုနှစ် ကဗျာရွတ်ပွဲနေ့သည် ကျွန်းပေါ်နေ ကိုင်းစိုက်တောင်သူ မိသားစုတို့က ကဗျာရွတ်ပွဲသို့ လာရောက်အားပေးသည်၊ စူးစမ်းသည်၊ ရောက်လာကြသည့် ဧည့် သည်များကို ကူညီရိုင်းပင်းသည်။

‘‘ဒီနှစ်ရဲ့ ထူးခြားမှုကတော့ ဒီကျွန်းပေါ်မှာနေတဲ့ ကျွန်းသား ညီငယ်လေးတစ်ယောက်က သူပါ ကဗျာရွတ်ချင်တယ်ဆိုပြီး မောင် စိန်ဝင်း (ပုတီးကုန်း)ရဲ့ ပန်းခြောက်ကလေးပဲ မြတ်နိုးမယ်ဆိုတဲ့ကဗျာ ကို ဝင်ရွတ်သွားတာပဲ’’ဟု ကဗျာ ဆရာ နိုင်သစ်နီက ပီတိဖြစ်ဟန် ဖြင့် ပြောသည်။

ကျွန်းမကြီး ကဗျာရွတ်ပွဲကို ဖန်တီးသူတို့က ကဗျာဆရာများစု ဝေး၍ ကဗျာရွတ်ခြင်းသက်သက် ကိုသာ ဖော်ဆောင်ခြင်းမဟုတ် ပေ။ ကဗျာရွတ်ဆိုရာတွင် နောက်ခံအသံများ တီးပေးသည့် ဂီတအနု ပညာရှင်များ ပါဝင်သလို ပန်းချီ ဆရာ၊ ဓာတ်ပုံဆရာ၊ ကာတွန်း ဆရာတို့၏ ပန်းချီကား၊ ဓာတ်ပုံ နှင့် ကာတွန်းများကိုလည်း ပြသ၍ ကဗျာရွတ်ပွဲကို အသက်သွင်းထား သည်။

 ကဗျာရွတ်ပွဲပြီးသွားလျှင် တော့ ပြသထားသည့် ပန်းချီကား၊ ဓာတ်ပုံနှင့် ကာတွန်းဗီနိုင်းများကို ကံစမ်းမဲဖောက်၍ လက်ဆောင် ပေးသည်။ မကွေးမြို့ဒေသခံ ပန်းချီဆရာကြီး ဦးမျိုးညွန့်ကလည်း တက်ရောက်လာသူများအား ကံ စမ်းမဲနှိုက်၍ မဲပေါက်သူငါးဦးကို ပုံတူပန်းချီရေးပေးခြင်းဖြင့် မေတ္တာတုံ့ပြန်ခဲ့သည်။

‘‘ကျွန်းမကြီးကဗျာရွတ်ပွဲက(၂၆)နှစ်ပြည့်ခဲ့ပေမယ့် ကျွန်တော် မီခဲ့တာ ရှစ်နှစ်ပဲရှိပါသေးတယ်။ ပထမသုံးနှစ်က ကဗျာချစ်သူ၊ စာ ချစ်သူ၊ အနုပညာကို အားပေးသူ အနေနဲ့ ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့ တာပါ။ နောက်ငါးနှစ်ကတော့ ကိုယ်တိုင်လည်း ကဗျာလေးတွေ၊ ဆောင်းပါးလေးတွေရေးပြီး ဒီအ ဝန်းအဝိုင်းလေးထဲကို ဝင်ခွင့်ရခဲ့ ပါတယ်’’ဟု ကဗျာဆရာ ရာစုသစ် (MGY)က ပြောသည်။

ကဗျာရွတ်ပွဲ ကုန်ကျစရိတ် များအတွက် တသီးတသန့်အလှူ ခံခြင်းများ မပြုလုပ်ခဲ့ဘဲ ကဗျာ ဆရာ အနုပညာရှင်ညီအစ်ကိုများ နှင့် အနုပညာကို မြှောက်စားလို သည့် ဒေသခံတို့၏ ဝန်းရံကူညီမှု တို့ဖြင့်သာ ရပ်တည်ခဲ့ကြောင်း ဒေသခံ ကဗျာဆရာသားဦးက ဆိုသည်။

ပွဲကို တစ်နှစ်တွင် တစ်ကြိမ် သာ ပြုလုပ်ပြီး ဇန်နဝါရီ ၁၀ ရက် ၌ ပြုလုပ်ခဲ့သည့် (၂၆)နှစ်မြောက် ကဗျာရွတ်ပွဲကို နံနက် ၉ နာရီမှ ညနေ ၅ နာရီကျော်အထိ ပြုလုပ်ခဲ့ သည်။

ကဗျာရွတ်သံများ ပျံ့လွင့်နေ သည့် တစ်နေ့တာအဆုံးမှာတော့ နေမင်းသည်လည်း အနောက်ဂေါ ယာကျွန်းသို့ ယွန်းခဲ့ပြီဖြစ်သည်။ နေဝင်ချိန်ဆည်းဆာအောက်တွင် ကျွန်းမကြီးနှင့် မကွေးမြစ်ကမ်းဆီ သို့ စက်လှေတစ်စီးက လူးလာ ခေါက်ပြန် မောင်းနှင်လျက်၊ ကဗျာဆရာနှင့် အနုပညာရှင်တို့က ကျွန်းမကြီးကို ခွဲခွာနှုတ်ဆက် လျက် တစ်နှစ်တာ ကျွန်းမကြီး ကဗျာရွတ်ပွဲ၏ အနားသတ်နိဂုံးကို ရေးဆွဲခဲ့သည်။

ဧရာဝတီက တည်ငြိမ်စွာ တသွင်သွင်စီးဆင်းလျက်။ ကဗျာ ဆရာတို့၏ ကျွန်းမကြီးကတော့ အမှောင်ထုအောက်တွင် မားမား မတ်မတ်ရပ်တည်ရင်း (၂၆)နှစ်ဆို သည့် အနုပညာမှတ်တိုင်အလံ တလွင့်လွင့်ကို သိမ်းပိုက်နိုင်ခဲ့ သည်။