ငလျင်အန္တရာယ် ပိုမိုသတိရှိကြရန် ပညာရှင်များ သတိပေး

ယမန်နေ့က အင်အား ၃ ဒသမ ၉ အဆင့်ရှိ ငလျင်ကြောင့် ရန်ကုန်မြို့တွင် မြေလွှာ လှုပ်ရှားမှု သိသိသာသာဖြစ်ပွားပြီး စစ်ကိုင်း ပြတ်ရွေ့ကြောင့် ငလျင်အန္တရာယ် အချိန်ပြည့် သတိပြုနေထိုင်ရန် မြန်မာနိုင်ငံ မြေငလျင် ကော်မတီနှင့် ဘူမိဗေဒပညာရှင်များက သတိ ပေးသည်။

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့၏ အရှေ့တောင်ဘက် ၂ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင် အားရစ်ခ်ျတာစကေး ၃ ဒသမ ၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိ သော မြေငလျင်တစ်ခု ဇန်နဝါရီ ၁၃ ရက် နေ့လယ်က ထပ်မံလှုပ် ရှားခဲ့သည်။ ပဲခူးရိုးမအတွင်း ဗဟို ပြုသော ယခုရက်ပိုင်းအတွင်း လှုပ်ခတ်သည့် ငလျင်များကြောင့် ရန်ကုန်မြို့တွင်း မြို့နယ်အများစု တွင် မြေလွှာလှုပ်ရှားမှုရှိခဲ့သလို ထန်းတပင်မြို့အနီး ဗဟိုပြုသော ငလျင်ကလည်း ထို့ထက်ပိုသော မြေလွှာလှုပ်ရှားမှု ဖြစ်စေခဲ့သည်။

ငလျင်သည် ရစ်ခ်ျတာစကေး ၃ ဒသမ ၉ သာရှိသဖြင့် အင်အား အနည်းငယ်သာ ရှိသည်ဟု သတင်းထုတ်ပြန်သော်လည်း သိ သိသာသာလှုပ်ရှားခဲ့ကြောင်း မြို့ ခံများက ပြောသည်။

‘‘တစ်ခုခု ပြုတ်ကျသလို အ သံကြီးထွက်လာပြီး လှုပ်တာ။ နှစ် ချက်လှုပ်တာ။ ရှေ့နဲ့နောက်ဆွဲ ရမ်းလိုက်သလိုပဲ’’ဟု ဒဂုံဆိပ် ကမ်းမြို့နယ်နေသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ မြေငလျင်ကော် မတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးသန့်က ‘‘ဖြူးငလျင်က ၂၀၁၇ မတ်လမှာ လှုပ်သွားတဲ့ တိုက်ကြီးငလျင်နဲ့ ပြတ်ရွေ့တူနေတယ်လို့ လော လောဆယ် သုံးသပ်ရတယ်။ တိုက်ကြီးငလျင်က တောင်ဘက်ပိုင်း။ အခုက မြောက်ဘက်ပိုင်း။ အဲဒါနဲ့ တူနေတာက စစ်ကိုင်းပြတ်ရွေ့ တောင်ဘက်ပိုင်း။ အဲဒီမှာ ပဲခူးအ ပိုင်းလည်း ပါတယ်။ ဖြူးအပိုင်း လည်း ပါတယ်။ စစ်ကိုင်းပြတ် ရွေ့က မြန်မာနိုင်ငံမှာ အကြီးဆုံး ပြတ်ရွေ့ဖြစ်နေသလို လှုပ်ရင် လည်း ပြင်းအားရစ်ခ်ျတာစကေး ၇ ပတ်ချာလည်လောက်ရှိတယ် ဆိုတော့ အဲဒီအပိုင်း လှုပ်မှာကို စိုးရိမ်တာပေါ့။ ဒါကြောင့် ရန်ကုန် ကို သတိပေးတာပါ’’ဟု ပြောကြားသည်။

သို့သော် ရန်ကုန်မြို့ခံများ အနေဖြင့် စိုးရိမ်လွန်ကဲမှုကို လည်း မဖြစ်စေလိုဘဲ ကြိုတင် သတိရှိနေရန်သာ အသိပေးလို ခြင်းဖြစ်ကြောင်း ၎င်းက ပြော သည်။ တိုက်ကြီးမြို့တွင် ၂၀၁၇ မတ်လ ၁၃ ရက်က ရစ်ခ်ျတာ စကေး ၅ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခဲ့ပြီး အဆိုပါ ငလျင် ကြောင့် လူနှစ်ဦး သေဆုံးကာ ၂၉ ဦး ဒဏ်ရာရရှိခဲ့သည်။

ပဲခူးရိုးမတွင် ဇန်နဝါရီ ၁၂ ရက် နံနက်က လှုပ်ပြီးနောက်ပိုင်း နောက်ဆက်တွဲငလျင် အကြိမ် ၂၀ ခန့် လှုပ်ခဲ့၍ ရန်ကုန်မြို့အနီး ငလျင်လှုပ်မည်ကို စိုးရိမ်နေစဉ် ရန်ကုန်မြို့လယ်နှင့် ၁၀ မိုင်ခန့် သာဝေးသော ထန်းတပင်မြို့တွင် လှုပ်ခဲ့၍ ငလျင်အန္တရာယ်ကို ပိုမို သတိပြုရန် လိုအပ်နေသည်ကို တိုက်တွန်းလိုကြောင်း ဘူမိဗေဒ ပညာရှင် ဒေါ်လှလှအောင်က ပြောသည်။

ပဲခူးတိုင်း ဖြူးမြို့နယ်နှင့် ထိစပ်နေသော စစ်ကိုင်းပြတ်ရွေ့ တောင်ဘက်ပိုင်းသည် ရန်ကုန် မြို့ အရှေ့ဘက် ကီလိုမီတာ ၃၀ ခန့်တွင် ရှိနေပြီး ယင်းအပိုင်းသည် အင်အားပြင်းငလျင်အဖြစ် ၁၉၃၀ က နောက်ဆုံးလှုပ်ခဲ့ပြီး မလှုပ်ရှား သည်မှာ နှစ်ပေါင်း ၈၀ ကျော် သွားပြီဖြစ်၍ အင်အားပြင်းငလျင် နောက်တစ်ကြိမ် လှုပ်ရှားမည်ကို ပညာရှင်များက စိုးရိမ်နေခြင်းဖြစ် သည်။

‘‘လူနေထူထပ်တဲ့ နေရာ လည်းဖြစ်နေတယ်။ တိုက်တာအ ဆောက်အအုံလည်း များတယ်။ သတိဝိရိယရှိနေဖို့လိုတာကို သိ နေရမယ်။ ငလျင်က မလှုပ်နဲ့လို့ တားလို့မှ မရတာလေ။ ဒါကြောင့် သတိဝိရိယရှိနေဖို့ပဲ သိနေရမယ်’’ ဟု ဘူမိဗေဒပညာရှင် ဒေါက်တာ ကျော်ထွန်းက ပြောသည်။

More in News Section