မှားသလား မှန်သလား တောလမ်းများ

(တစ်)

စုံနံ့သာမြိုင်တောထဲကို ဝင် သွားတဲ့အခါ အပွင့်ပွင့်ရင် အီအီး စော် တော်တော့ကို နံတယ်လို့ဆို တဲ့ လက်ခုပ်ပင်တွေ စုပေါက်နေ တဲ့ လက်ခုပ်ကုန်းဆိုတဲ့ နေရာ ကလေးရှိပါတယ်။ အဲသမှာ ရှုပ် ရှုပ်ထွေးထွေးနိုင်လှတဲ့ သပွတ်ပင် တွေလည်း ရှိသပေါ့။ ချုံနွယ်ပိတ် ပေါင်းတွေကလည်း ထူလပျစ်နဲ့။ အဲသည့်နေရာမှာမှ ထူးထူးခြား ခြားကြီးဆိုသလို သွားဖွင့်ထားတဲ့ ဆိုင်။ တိရစ္ဆာန်ဘုတ်အုပ်ဆိုင်တဲ့။ တိရစ္ဆာန် စာရေးဆရာပေါင်း မြောက်မြားစွာတို့ရဲ့ စာပေလက် ရာတွေကို အလွယ်တကူဝယ်ယူ နိုင်တဲ့ ဆိုင်ကလေးပေပ။

တစ်ရက် တောထဲကို ရောက်ခိုက်အချိန်ကလေး နည်းနည်းရှိ နေတာနဲ့ ယင်း၎င်းအနှီတိရစ္ဆာန် ဘုတ်အုပ်ဆိုင်ကလေးရှေ့မှာ သွားရပ်မိရောလို့ဆိုပါတော့။ ဘာ စာအုပ်တွေများ တိရစ္ဆာန်ကမ္ဘာ က အကြိုက်များ နေပါလိမ့်၊  ဘယ်လိုအတွေးအခေါ်အယူအဆတွေ များ တောကို လွှမ်းမိုးနေပါလိမ့်ဆို တဲ့ အတွေးနဲ့ပေါ့။

အရောင်းသွက်ဘုတ်အုပ် များတဲ့ခင်ဗျ။ ဆိုင်မျက်နှာစာမှာ ဖြန့်ခင်းလို့ ပြထားတာပါ။

တစ်အုပ်ကို ကောက်ကိုင် ကြည့်လိုက်တော့ စာရေးဆရာက တက္ကသိုလ်ပုတ်သင်ညို။ စာအုပ် အမည်က ကြောက်စရာ။ ‘ဓမ္မကို ကျောခိုင်းကြစို့’တဲ့။ မြတ်စွာ ဘုရား။ မကြားဝံ့မနာသာ။ ဘယ့် နှယ်။ အဓမ္မကို ကျောခိုင်းတယ် ဆိုရင် ထားပါတော့။ ခုတော့ ကျောခိုင်းထားရမှာက ဓမ္မတဲ့။ အဲ... နောက်တစ်အုပ်။ စာရေး ဆရာက ဖွတ်ကျား (စကားဝါ မြေ)။ စာအုပ်အမည်က ‘လမ်းမှားကို လိုက်ပါ့မယ်’တဲ့။ သောက် ပလုတ်တုတ်။ ကျောချမ်းစရာ ကောင်းလိုက်တာ။ ဘယ့်နှာ ကြောင့် လမ်းမှန်ကို မလိုက်ချင်ရ ပါလိမ့်။ ဟောဗျာ လာပြန်ချေ သေးရဲ့ နောက်တစ်အုပ်။ စာရေး သူက တောခွေး။ စာအုပ်အမည် က ခပ်ရမ်းရမ်း။ ‘ထဘီမှန်းသိပေ မယ့် ချမ်းရင်ခြုံ’ ဆိုလား။

အရောင်းသွက် အကြိုက် များဆိုတဲ့ စာအုပ်တွေကို ကြည့် လိုက်တော့ တိရစ္ဆာန်တွေ ခံတွင်း တွေ့နေတဲ့ ဘုတ်အုပ်တွေက လူ့ လောကနဲ့ ပြဒါးတစ်လမ်း သံတစ် လမ်းများ ဖြစ်နေလေသလားရယ် လို့။

ဂျက်ကွမ်းခြံကုန်းစိတ်ထဲ နည်းနည်းကလေး ကသိက အောက် ဖြစ်မိတာကြောင့် ဇီး ကွက်ကြီးရှိရာ ထွက်လာခဲ့မိပါ လေရော။ သူက နည်းနည်းအမြင် ကျယ်တယ်မဟုတ်လား။ ပြီးတော့တောသတင်းက သူ့ဆီမှာ စုံတတ် တယ်လေ။ သိတန်ကောင်းရဲ့ ပေါ့။

(နှစ်)

ဇီးကွက်ကြီးက မျက်မှန်အ ထူကြီးပေါ်ကနေ ကျော်ပြီး ဂျက် ကို ကြည့်ပါတယ်။ လက်ထဲမှာက လည်း ဖတ်လက်စ စာတစ်အုပ်နဲ့။

ဂျက်က တိရစ္ဆာန်တွေ အ ကြိုက်များနေတယ်ဆိုတဲ့ ဘုတ် အုပ်နာမည်တွေကို တန်းစီလို့ရွတ် ပြမိပါလေရော။ ဇီးကွက်က ပြုံးခဲ ရယ်ခဲတဲ့ကြားကကိုပဲ ရှားတောင့် ရှားပါး ပြုံးပါရယ်ပါတယ်။

‘‘ဟုတ်တယ်။ စုံနံ့သာမြိုင် မှာက အဲလိုမျိုး Lifestyle က အသက်ရှူ ချောင်တယ်။ အဆင် ချောတယ်။ ဒါကြောင့် အဟိတ် တိရစ္ဆာန်တွေ ကြိုက်ကြတယ်’’

ဇီးကွက်ကြီးက ဖတ်လက်စ စာအုပ်ထူထူကြီးကို အနားက ကျွန်းငုတ်တိုကြီးပေါ်ကို ပစ်တင် လိုက်ပါတယ်။ ပြီးမှ တောထဲမှာ သင်ခန်းစာတွေက အများသားလို့ ဆိုကာ စကားကို စိတ်အေး လက် အေး ဆက်ပါလေရော။

ဥပမာ မြင်းကျားကလေး ကြာဖြူ။ အေးအေးလူလူ မြက် စားနေတုန်း တောစပ်တစ်နေရာ မှာ မူးယစ်ဆေးဝါး အရောင်းအ ဝယ်လုပ်နေကြတဲ့ ခြင်္သေ့နှစ် ကောင်ကို တွေ့ပါလေရော။ တွေ့တာက အမှတ်မထင်တွေ့တာ။ အနို့သော် ဒါသည် တောတိရစ္ဆာန် ပေါက်စကလေးတွေဘဝ အညွန့် ကျိုးဖို့ရာလို့ သိတာကြောင့် တော ကို စီမံခန့်ခွဲနေတဲ့ ဒေါင်းမလေး တို့အဖွဲ့ကို ပြေးတိုင်တာ။ အဲသမှာ ခြင်္သေ့နှစ်ကောင် အဖမ်းခံ လိုက်ရတာ။

ပြဿနာက အဲသမှာ စတာ။စုံနံ့သာမြိုင်မှာရှိတဲ့ ခြင်္သေ့တွေက မြင်းကျားကလေး ကြာဖြူကို ခုန် အုပ်ပြီး လည်မျိုကိုခဲဖို့ နေရာတိုင်း က ချောင်းတော့တာပါ။ ဘာကြာ လို့လဲ။ ကြာဖြူခမျာ လူ့ရွာသို့ ထွက်ပြေးသွားရပါသော်ကော ဥစ္စာ။

နောက်ဥပမာ။ ဟိုနားစပ်စပ် သည်နားစပ်စပ်နဲ့ မျောက်လွှဲ ကျော်ကလေး ကွိကွိ။ တစ်ရက် ကွိကွိ သစ်ပင်ခွကြားမှာ အေး အေး လူလူထိုင်ပြီး ငှက်ပျောသီး စားနေတုန်း သွေးထွက်သံယိုမှုကို တွေ့လိုက်ရတာ။ ဆူညံဆူညံနဲ့ အသံတွေကြားလို့ သစ်ပင်အောက် ကို ငုံ့ကြည့်တော့ သိုးဖြူကြီး။ သူ့ ကို ဝိုင်းထားတာက ဝံပုလွေသုံး ကောင်။ နံဘေးမှာ ရပ်နေတဲ့ ဆရာဖြစ်ပုံရသူက ခွေးခြင်္သေ့။

‘‘သတ္တဝါပေါင်းစုံ သာတူညီ မျှ ငြိမ်းချမ်းကြရေးတဲ့။ အဲဒါ မင်း လုပ်နေတာလား’’

‘‘ဟုတ်တယ်’’

ခွေးခြင်္သေ့အမေးကို သိုးဖြူ ကြီးက ခပ်ပြတ်ပြတ်ပဲ ဖြေပါ တယ်။ အဲသမှာ ခွေးခြင်္သေ့က မျက်နှာရိပ် မျက်နှာကဲ ပြလိုက် တာနဲ့ ဝံပုလွေသုံးကောင်က ဝင်ခဲ ပြီး ဓားနဲ့ထိုးထည့်လိုက်တာပါ။ ဆန့်ငင်ဆန့်ငင်နဲ့ သွေးအိုင်ထဲမှာ သိုးဖြူကြီး ငြိမ်ကျသွားတာ ကြာ လှ လက်ဖျစ်တစ်တွက်ပေါ့။

‘‘အောင်မလေးဗျာ။ ဘယ့် နှာဖြစ်တာပါလိမ့်’’

သစ်ပင်ခွကြားကနေ လှမ်း မြင်တဲ့ မျောက်လွှဲကျော်ကလေး ကွိကွိက ဒါပဲ လန့်ပြီးအော်ပြော လိုက်တာ။ အဲဒါကို ခွေးခြင်္သေ့က မော့ကြည့်တာ။

‘‘ဩော်... ကွိကွိ’’တဲ့။

အနို့ကလို ဩော်... ကွိကွိလို့ ခွေးခြင်္သေ့ကပြောပြီး နောက်သုံး ရက်အကြာမှာ မျောက်လွှဲကျော် ကလေး ကွိကွိ ဓားတန်းလန်းနဲ့ တောစပ်တစ်နေရာမှာ သေနေ တာပါ။

၎င်းနောက် ဥပမာ။ သတင်း ထောက်လင်းယုန်။ လင်းယုန်က တောစပ်ကနေ သစ်တွေကို လူ့ ရွာဘက်ကို မှောင်ခိုသွင်းနေတဲ့ မြင်ကွင်းကို ဓာတ်ပုံနဲ့တကွ တိရစ္ဆာန် နေ့စဉ်သတင်းစာထဲမှာ ဖော်ပြလိုက်တာ။ သစ်လုံးတွေ အပါးမှာ ရပ်နေတဲ့ အကောင်တွေ က ဆင်လည်းပါရဲ့၊ ကျားလည်း ပါရဲ့၊ ခြင်္သေ့လည်းပါရဲ့။ ဧရာမ အကောင်တွေချည်းပဲ။ သတ္တဝါ ငယ်ကလေးတွေ တစ်ကောင်မှ မပါဘူး။ တစ်တောလုံး အုတ် အော်သောင်းတင်း ဖြစ်သွားတဲ့ သတင်းပေါ့။

ကြာလှ လေး၊ ငါးရက်ပါပဲ။ သတင်းထောက် လင်းယုန်ရင် ဘတ်မှာ မြားတန်းလန်းနဲ့။ သစ် ပင်ခြေရင်းမှာ ပက်လက်။

(သုံး)

အဲသမှာ ခုနကပြောတဲ့ ဘုတ်အုပ်တွေ တောထဲမှာ အ ရောင်းသွက်လာတာ။ ဘာတဲ့။

ဓမ္မကို ကျောခိုင်းကြစို့တဲ့။ လမ်းမှားကို လိုက်ပါ့မယ်တဲ့။ ထဘီမှန်းသိပေမယ့် ချမ်းရင်ခြုံ တဲ့။ ငွေများမှ တရားနိုင်မယ်တဲ့။ သစ္စာကို သေတ္တာထဲမှာ သိမ်းထားလိုက်စမ်းတဲ့။

တောထဲမှာ ဘယ်လိုရှင်သန် မလဲဆိုတော့ လူ့လောကနဲ့ ပြောင်းပြန်တွေး၊ ပြောင်းပြန်ကြံမှတဲ့ခင်ဗျ။ တွေးပုံရေးပုံကအစ အမှောင်။  ။

(ဖော်ပြပါ သရော်စာသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)