ဒုက္ခသည်များ ပြန်လည်လက်ခံရေး ဂျပန်က မြန်မာအစိုးရကို ကန်ဒေါ်လာသုံးသန်း ထပ်မံကူညီမည်

ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ တာရိုကိုနိုတို့ စကားလက်ဆုံကျနေစဉ် (ဓာတ်ပုံ − အီးပီအေ)

ဂျပန်အစိုးရသည် ဘင်္ဂ လားဒေ့ရှ်သို့ ထွက်ပြေးခဲ့သော ဒုက္ခသည်များ ပြန်လည်လက်ခံ ရေး မြန်မာအစိုးရကို အရေးပေါ် အကူအညီ ကန်ဒေါ်လာ သုံးသန်း (ဂျပန်ယန်း သန်း ၃၃၀) ကို ပေး အပ်ရန် ဆုံးဖြတ်ကြောင်း နိုင်ငံတော်   အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးကယမန်နေ့က  သတင်းထုတ်ပြန် သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်  နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာတာရို ကိုနိုတို့ ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ် ယင်းသို့ကူညီရန် သဘောတူခဲ့သည်။

‘‘အခုအချိန်မှာ ဒုက္ခသည် တွေ ပြန်လာနိုင်ဖို့၊ ပြန်လည်နေ ရာချထားနိုင်ဖို့ ကူညီထောက်ပံ့မှု အနေနဲ့ မြန်မာအစိုးရကို ဒုက္ခ သည်တွေ နေထိုင်ဖို့ လိုအပ်တဲ့ ဒေါ်လာသုံးသန်း တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ပေးအပ်ဖို့ ဆုံးဖြတ် ခဲ့ပါတယ်။ နောက်တစ်ခုက နိုင်ငံ တကာ အဖွဲ့အစည်းတွေကနေ တစ်ဆင့် ရခိုင်ပြည်နယ်ရဲ့ လူ သားချင်းစာနာထောက်ထားမှု ဆိုင်ရာ အခြေအနေတွေကို ကောင်းမွန်စေဖို့၊ အထူးသဖြင့် အမျိုးသမီးတွေ ကိုယ့်ဘာသာရပ် တည်နိုင်ဖို့ ရည်ရွယ်ထားတဲ့ အ သက်မွေးဝမ်းကျောင်း ပညာပေး ရေးအပါအဝင် ဒေါ်လာသန်း ၂၀ တန်ဖိုးရှိတဲ့ ကူညီထောက်ပံ့မှုကို ဆောင်ရွက်ဖို့ စီစဉ်နေပါတယ်။ ဒါက ဂျပန်လွှတ်တော်ရဲ့ သဘော တူညီချက်ကိုရမှ တရားဝင်ပြော နိုင်မှာ ဖြစ်ပါတယ်’’ဟု ဂျပန်နိုင်ငံ ခြားရေးဝန်ကြီးက ဒေါ်အောင် ဆန်းစုကြည်နှင့် ပူးတွဲပြုလုပ် သည့် သတင်းစာရှင်းပွဲတွင် ပြော ကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နှင့် မြန်မာနိုင်ငံ ဆက်ဆံရေးသည် အစဉ်နွေးထွေးပြီး မြန်မာနိုင်ငံလိုအပ်ချိန်တွင် ဂျပန်နိုင်ငံက အကူအညီများ  အမြဲပေးလေ့ရှိ ကြောင်းနှင့် ယခုကဲ့သို့ စေတနာရှိ သည့်အပေါ် ကျေးဇူးတင်ကြောင်း တုံ့ပြန်ပြောကြားသည်။

ထို့အပြင် ဂျပန်နိုင်ငံသည် ဒေါ်အောင်ဆန်းစုကြည်ခေါင်း ဆောင်သည့် မြန်မာ့ပြုပြင်ပြောင်း လဲရေးလုပ်ငန်းစဉ်နှင့် ရခိုင်ပြည် နယ်အရေးတို့တွင် တတ်နိုင်သမျှ ကူညီပံ့ပိုးပေးရန် ဆန္ဒရှိကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရိုကိုနိုက ပြောကြားသည်။

အဆိုပါ အရေးပေါ်ကူညီမှု သည် ရခိုင်ပြည်နယ်မြောက်ပိုင်း ရှိ ရွှေ့ပြောင်းဒုက္ခသည်များ ပြန် လည်လက်ခံရေးစခန်းများတွင် လျှပ်စစ်မီး၊ ရေသန့်၊ လောင်စာ နှင့် ပလတ်စတစ်ဘူးများအပါအ ဝင် ပြန်လည်တည်ဆောက်ရေး လူသားချင်းစာနာကူညီထောက်ပံ့ မှုပစ္စည်းများ   ပေးအပ်ရန်ဖြစ် သည်။ 

ဂျပန်နိုင်ငံခြားရေးဝန်ကြီး သည် ယမန်နေ့က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် နေ ပြည်တော်၌ တွေ့ဆုံခဲ့သည်။ 

ထိုသို့ တွေ့ဆုံရာတွင် နှစ် နိုင်ငံဆက်ဆံရေး၊  မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ဂျပန်နိုင်ငံ ၏ ကူညီဆောင်ရွက်ခဲ့မှုများ၊ တပ် မတော်နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်မှုအခြေအနေများ အ ပါအ၀င်  နှစ်နိုင်ငံရေးရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း တပ်ချုပ်ရုံးက  သတင်းထုတ်ပြန် သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ဂျပန်နိုင်ငံခြားရေးဝန် ကြီးတို့ တွေ့ဆုံရာတွင် မြန်မာ နိုင်ငံ၌ ဒီမိုကရေစီနိုင်ငံတည် ဆောက်နိုင်ရေး ကြိုးပမ်းမှုများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ရခိုင် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စ ရပ်များအပေါ် ဂျပန်နိုင်ငံက ဆက် လက်အကူအညီပေးအပ်ရေး၊ အပါအ၀င်  နှစ်နိုင်ငံရေးရာများကို အလေးပေးဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန က ယမန်နေ့၌ သတင်းထုတ်ပြန် သည်။ ထို့အပြင် ဂျပန်နိုင်ငံအစိုးရ နှင့် ပုဂ္ဂလိကတို့ ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ဂျပန်ယန်း ဘီလီယံ ၈၀၀ သုံးစွဲအကောင်အထည်ဖော် ဆောင်ရွက်မည့် ဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းများလည်း  ထည့် သွင်းဆွေးနွေးခဲ့ကြောင်း  ဖော်ပြ သည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး သည် မြန်မာခရီးစဉ်အတွင်း ရန် ကုန်မြို့ရှိ သီလဝါအထူးစီးပွားရေး ဇုန်သို့လည်းကောင်း၊ ရခိုင်ပြည် နယ် စစ်တွေနှင့် မောင်တောဒေသသို့လည်းကောင်း သွားရောက် လေ့လာရန် စီစဉ်ထားပြီး ဂျပန် နိုင်ငံခြားရေးဝန်ကြီး၏ ရခိုင်ခရီး စဉ်အားလုံး ပြေပြစ်ချောမွေ့မည် ဟု မျှော်လင့်ကာ မြန်မာအစိုးရက တတ်နိုင်သမျှ သေချာစွာ စီစဉ် ထားကြောင်း ပြောကြားသည်။