ကာဂျစ္စတန်-မြန်မာ ပြန်ကန်ပွဲကစားမည့် နိုင်ငံကို အေအက်ဖ်စီက ဆုံးဖြတ်ပေးဖွယ်ရှိ

ကာဂျစ္စတန်နှင့် မြန်မာ အသင်းတို့ အာရှဖလားခြေစစ်ပွဲ ပြန်ကန်ပွဲကစားမည့် နိုင်ငံကို နှစ်ဖက် ဘောလုံးအဖွဲ့ချုပ် ညှိနှိုင်းမှု အဆင်မပြေသဖြင့် အေ အက်ဖ်စီက ဝင်ရောက်ဆုံးဖြတ် ပေးဖွယ်ရှိကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမှုဆောင် အရာရှိချုပ် ဦးဘုန်းနိုင်ဇော်က ပြောသည်။

အဆိုပါပွဲကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့်ထိုင်း (သို့မဟုတ်) ဗီယက်နမ်နိုင်ငံ၌ ကစားခွင့်ရရန် ဆန္ဒရှိပြီး ကာဂျစ္စတန်ဘောလုံးအဖွဲ့ချုပ်က  ကာဇက်စတန် (သို့မဟုတ်) ဥဇဘက် ကစ္စတန်နိုင်ငံ၌ ကစားခွင့်ရရန် တောင်းဆိုထားသည်။

ထို့ကြောင့် အာရှဘောလုံး အဖွဲ့ချုပ် (အေအက်ဖ်စီ)အနေ ဖြင့် မြန်မာနှင့် ကာဂျစ္စတန်နိုင်ငံ နှစ်ဖက် ဘောလုံးအဖွဲ့ချုပ်က တောင်းဆိုထားသည့် နိုင်ငံများ အနက် တစ်နိုင်ငံကို ခွင့်ပြုပေး ဖွယ်ရှိကြောင်း ဦးဘုန်းနိုင်ဇော်က ဆိုသည်။

‘‘ကျွန်တော်တို့ကလည်း မြန် မာနဲ့နီးတဲ့ အိမ်နီးချင်းနိုင်ငံကို ရွေးတယ်။ ကာဂျစ်ကလည်း သူ တို့နဲ့နီးတဲ့ အိမ်နီးချင်းနိုင်ငံကို လာကစားစေချင်တယ်။ အခုထိ ညှိမရသေးဘူးဖြစ်နေတယ်။ အေအက်ဖ်စီက ကြားဝင်ရွေးချယ် ပေးဖို့များတယ်။ ဘယ်ရက်ဆုံး ဖြတ်မလဲတော့ မသိသေးဘူး။ဒီလ နောက်ဆုံးပတ်လောက်တော့ ဖြစ်နိုင်ပါတယ်’’ဟု ၎င်းက ဆိုသည်။ 

၂၀၁၇ စက်တင်ဘာ ၅ ရက် က လုံခြုံရေးအခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့သည့် ကာဂျစ္စတန် အသင်းနှင့် မြန်မာအသင်းတို့၏ အာရှဖလားခြေစစ်ပွဲကို ၂၀၁၈ မတ်လ ၂၂ ရက်တွင် ကြားကွင်း၌ ယှဉ်ပြိုင်ရန် အာရှဘောလုံးအဖွဲ့ ချုပ်က ဆုံးဖြတ်ထားသည်။ ယင်း ဆုံးဖြတ်ချက်အရ မြန်မာအသင်း ၏ ယင်းပွဲအတွက် ကုန်ကျစရိတ် နှင့် ပွဲကျင်းပရန် ကုန်ကျစရိတ်အားလုံးကို ကာဂျစ္စတန်ဘောလုံးအဖွဲ့ချုပ်က ကျခံရမည်ဖြစ်သည်။ ၂၀၁၇အောက်တိုဘာ ၁၀ ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ခဲ့သည့်မြန်မာအသင်းနှင့် ကာဂျစ္စတန်တို့၏ အာရှဖလားခြေစစ်ပွဲ ဒုတိယအကျော့တွင် နှစ်ဂိုးစီ သရေကျထားသည်။

မြန်မာအသင်းပါဝင်သည့် ၂၀၁၉ အာရှဖလား တတိယ အဆင့် ခြေစစ်ပွဲ အုပ်စု(က)တွင် အိန္ဒိယအသင်းက ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီး လက်ကျန်ခြေစစ် ပွဲအောင် တစ်နေရာအတွက် ကာ ဂျစ္စတန်နှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

Top News