နန္ဒလင်းကျော်ချစ် ထိုင်းကလပ်ပရာဂျပ်နှင့် အကြိုသဘောတူညီမှုရ

ဓာတ်ပုံ- နန္ဒလင်းကျော်ချစ်ဖေ့စ်ဘွတ်ခ်

ထိုင်းလိဂ်-၁ ကလပ် ပရာဂျပ်အသင်းသို့ ပြောင်းရွှေ့ ကစားရန် အကြိုသဘောတူညီမှု ရရှိထားကြောင်း ရတနာပုံကွင်း လယ်ကစားသမားဟောင်း နန္ဒ လင်းကျော်ချစ်က ပြောသည်။

နန္ဒလင်းကျော်ချစ်သည် မြန်မာလိဂ်ကလပ် ဧရာဝတီ၊ ရတနာ ပုံအသင်းတို့တွင် ကစားဖူးသည့် အပြင် ၂၀၁၇ ဘောလုံးရာသီက စင်ကာပူကလပ် ဘလက်စတီးယားအသင်းသို့ တစ်ရာသီအငှားဖြင့် သွားရောက်ကစားခဲ့ဖူးသည်။

လက်ရွေးစင်ကစားသမား ဟောင်း အသက် (၃၀) အရွယ် နန္ဒလင်းကျော်ချစ်သည် ၂၀၁၇ ဒီဇင်ဘာလကုန်က ရတနာပုံအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့သဖြင့် လက်ရှိတွင် အသင်းလက်မဲ့ဖြစ်နေသည်။ ထိုင်းလိဂ်-၁ ကလပ်ပရာဂျပ်အသင်းက လစာကန်ဒေါ်လာ ၅,၀၀၀ ပေးမည့်အပြင် နေအိမ်နှင့် ကားပါစီစဉ်ပေးမည်ဖြစ်ကြောင်း  နန္ဒလင်းကျော်ချစ်က ဆိုသည်။

‘‘ကျွန်တော် စင်ကာပူမှာ သွားကစားကတည်းက ပရာဂျပ် အသင်းရဲ့  တာဝန်ရှိသူတစ် ယောက်နဲ့ စကားပြောဖူးတယ်။ အခု ဒီရာသီကျမှ သူတို့ဆီက အေးဂျင့်ကနေတစ်ဆင့် ကျွန်တော့်ဆီ ကို လှမ်းဆက်သွယ်တာပါ။ ဖြစ် ချင်တော့ အဲဒီထိုင်းအေးဂျင့်နဲ့က လည်း ကျွန်တော်နဲ့ အစောက တည်းက သိနေတာ။ ဒါ့ကြောင့် ပိုအဆင်ပြေပြီး သွားကစားဖို့ ဆုံး ဖြတ်ဖြစ်ခဲ့တာပါ’’ဟု ၎င်းက ဆို သည်။နန္ဒလင်းကျော်ချစ်သည် ဇန် န၀ါရီ ၁၃ ရက် (ယနေ့)တွင် ပရာ ဂျပ်အသင်းနှင့် ဆေးစစ်မည်ဖြစ်ပြီး ဆေးစစ်မှုအောင်မြင်ပါက ဇန်န၀ါရီ ၁၄ ရက်တွင် ပရာဂျပ်အသင်းနှင့် တရားဝင်စာချုပ်ချုပ်ဆိုမည် ဖြစ်သည်။ ပရာဂျပ်အသင်းသည် ၂၀၁၁ က စတင်တည်ထောင်ခဲ့ပြီး ၂၀၁၇ ဘောလုံးရာသီတွင် ထိုင်းလိဂ်-၂ ၌ အဆင့် သုံးနေရာရပ်တည်နိုင်၍ ၂၀၁၈ ရာသီတွင်ထိုင်းလိဂ်-၁ သို့ ပထမဆုံးတန်းတက်လာခြင်းဖြစ်သည်။

၂၀၁၈ ဘောလုံးရာသီ ထိုင်း လိဂ်-၁ ပွဲစဉ်ဇယားရေးဆွဲမှုအရ အောင်သူပါဝင်မည့် Police Tero အသင်းနှင့် နန္ဒလင်းကျော်ချစ် ပြောင်းရွှေ့မည့် ပရာဂျပ်အသင်း တို့ ဖေဖော်ဝါရီ ၉ ရက်၌ အဖွင့်ပွဲ အဖြစ် စတင်တွေ့ဆုံမည် ဖြစ်သည်။ ယခုနှစ်တွင် ထိုင်းလိဂ်-၁ Police Tero အသင်းသို့ အောင်သူ၊ ချင်းရွိုင်အသင်းသို့ ကျော်ကိုကိုတို့ ပြောင်းရွှေ့ပြီးဖြစ်၍ နန္ဒလင်းကျော်ချစ်သည် ထိုင်းလိဂ်-၁ သို့ ပြောင်းရွှေ့မည့် တတိယမြောက်  မြန်မာကစားသမားဖြစ်လာမည် ဖြစ်သည်။