ကူးတို့လှေမြုပ်၍ သေဆုံးသူသုံးဦးကို အစိုးရက ကျပ် ၁၈ သိန်း ထောက်ပံ့

ပုဏ္ဏားကျွန်းမြို့နယ် အင်ဇုံပြင်ကျေးရွာမှ လှေမြုပ်ကျောင်းသားများအတွက် အစိုးရအဖွဲ့က ထောက်ပံ့ငွေပေးနေစဉ် (ဓာတ်ပုံ − ပုဏ္ဏားကျွန်းမြို့နယ်ပညာရေးမှူးရုံး)

 ကူးတို့လှေနစ်မြုပ်မှု ကြောင့် ပုဏ္ဏားကျွန်းမြို့နယ် အင် ဇုံပြင်ကျေးရွာမှ သေဆုံးသူသုံး ဦးအတွက် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့နှင့် လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဦးစီးဌာန ကျပ် ၁၈ သိန်း ထောက်ပံ့ခဲ့ကြောင်း သေဆုံး သူများ၏ မိသားစုဝင်များကပြော သည်။

ပုဏ္ဏားကျွန်းမြို့နယ် ငှက် ကြီးကျွန်းကျေးရွာရှိ မူလတန်းလွန်ကျောင်းမှ ကျောင်းဆင်းလာသည့် ကျောင်းသားလေးဦးနှင့် လှေ လှော်သူတစ်ဦးပါဝင်သော လှေ သည် ဇန်နဝါရီ ၉ ရက်က ငှက် ကြီးကျွန်းကျေးရွာနှင့် အင်ဇုံပြင် ကျေးရွာကြားရှိ တန်ခိုးချောင်း အတွင်း လှေဝမ်းပေါက်ကာ နစ်မြုပ်၍ ကျောင်းသူနှစ်ဦးနှင့် လှေလှော်သူတို့ သေဆုံးခဲ့သည်။

‘‘ပြည်နယ်လူမှုရေးဝန်ကြီး က သေသွားတဲ့သူတွေအတွက် တစ်ဦးကို သုံးသိန်းနှုန်းနဲ့ ငွေကျပ် ကိုးသိန်းထောက်ပံ့ပေးပြီးတော့ လူကယ်ပြန်ဌာနက တစ်ဦးကို သုံးသိန်းနှုန်းနဲ့ ကိုးသိန်းစုစုပေါင်း ငွေဆယ့်ရှစ်သိန်း ထောက်ပံ့ပေး သွားပါတယ်’’ ဟု ငှက်ကြီးကျွန်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော် ဇံလှက ပြောသည်။

အဆိုပါထောက်ပံ့ငွေများ ကို ဇန်နဝါရီ ၁၀ ရက်တွင် တာဝန် ရှိသူများက ကျေးရွာသို့ လာ ရောက်ထောက်ပံ့ခဲ့ပြီး သေဆုံး သူ ကျောင်းသူနှစ်ဦးအတွက် ပညာရေးဌာနက ကျပ်နှစ်သိန်း ထောက်ပံ့ခဲ့ကြောင်း သေဆုံးသူ ငါးတန်းကျောင်းသူ၏ ဖခင်ဦး သန်းထွန်းဝင်းက ပြောသည်။

 ‘‘ကျွန်တော်တို့ကတော့ ထောက်ပံ့ငွေတွေ လက်ခံလိုက်ပါ တယ်။ ဒါပေမဲ့ တကယ့်ဆန္ဒရှိတာ က ချောင်းကိုတံတားထိုးပေးစေ ချင်ပါတယ်။ ဒီလိုပုံစံမျိုးနဲ့ ကလေး တွေရဲ့ ပညာသင်ကြားရေးက တော်တော်ကို အသက်အန္တရာယ် စိုးရိမ်စရာပါ’’ ဟု ဦးသန်းထွန်းဝင်း ကဆိုသည်။

ယခုပညာသင်နှစ်တွင် အင် ဇုံပြင်ကျေးရွာမှ ငှက်ကြီးကျွန်း ကျေးရွာသို့ ချောင်းကိုဖြတ်ကာ သွားရောက်ကျောင်းတက်နေရ သည့် ကျောင်းသား (သေဆုံးသူ နှစ်ဦးအပါအဝင်) ရှစ်ဦးရှိခဲ့ ကြောင်း ငှက်ကြီးကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

ရခိုင်ပြည်နယ်သည် မြစ် ချောင်း ပေါများပြီး ပြည်နယ်တွင်း တစ်နေရာမှ တစ်နေရာသို့ ဆက် သွယ် သွားလာရာတွင် ရေလမ်း ခရီးကို အဓိကအားထား အသုံးပြု နေရကာ ကျောင်းတက်၊ ကျောင်း ဆင်းသွားလာရသော ကျောင်း သားကလေးငယ်အချို့ ရေနစ် မြုပ်သေဆုံးမှုများ ယခင်ကလည်း ဖြစ်ပွားခဲ့သည်။