မြေခွေး

 ကိုကျောက်စီဆိုတဲ့လူကို တစ်နယ်လုံးက သိကြတာတော့ မဟုတ်ဘူး။ သူနေတဲ့ တဲကလေး နဲ့ တော်တော်လေးလှမ်းတဲ့ တန်း လျား လေးငါးလုံးက (မသကာရှိ လှရင် လူခြောက်ဆယ်လောက်က) လူတွေကပဲ သိတာပါ။ ကျောက်စီ ဆိုတဲ့နာမည်ကိုလည်း တချို့က ကျောက်စိတဲ့။ တချို့က ကျောက် စည်တဲ့။ ကိုကျောက်စီကလည်း ထူးလိုက်တာပါပဲ။ သူ့ဟာသူ တောင် ကျောက်စိလား၊ ကျောက် စီလား၊ ကျောက်စည်လား သိတာ မဟုတ်ဘူး။ သူ့ပုံက ကျောက်ပွင့် လေးတွေ စီထားတဲ့ ကျောက်စီ တော့ မဖြစ်နိုင်ဘူး။ ဘုန်းကြီး ကျောင်းတွေက အင်ကြင်းပင်ကြီး တွေ သိပ်ကြီးသွားလို့ ကျောက် ဖြစ်သွားတဲ့အခါ လုပ်လေ့ရှိတဲ့ ကျောက်စည်ထိုးတဲ့ ကျောက်တုံး ကြီးတစ်တုံးနဲ့တူလို့ ဖြစ်ချင်းဖြစ် ရင် ကျောက်စည်ဆိုတဲ့ နာမည်နဲ့ က ပိုလိုက်တယ်။ ထားပါတော့။ ကျောက်စီပဲ။ လူကမည်းလိုက် တာ သပိတ်ကိုသာကြည့်တော့။ ခေါင်းတုံးကအမြဲရိပ်တော့ ဦး ပြည်းဟာ ဘယ်တော့မဆို ပြောင် နေလေ့ရှိတယ်။ ရုပ်ကလည်း ဇာတ်ထဲက ဘီလူးခေါင်းစွပ်ကို တွေ့ဖူးတယ်မဟုတ်လား။ အဲဒီ ရုပ်မျိုး။ မျက်ခုံး၊ မျက်လုံးတွေက အပေါ်ကို ထောင်တက်နေတော့ အမြဲတမ်း ရန်လိုနေတဲ့ မျက်နှာ ပေးက ထင်းခနဲပေါ်နေတတ် တယ်။

ရင်ဘတ်မှာက မင်ကြောင် ထိုး နဂါးတစ်ကောင်ရှိတယ်။ မည်းနေတဲ့အသားပေါ်က စိမ်း ဖန့်ဖန့်ဆေးမင်ရယ်၊ နဂါးကြေးခွံ ဟင်္သပဒါးအနီရယ်ဟာ ရုတ် တရက်ကြည့်ရင် မပေါ်ချင်ဘူး။ ဒါပေမဲ့ နဂါးခေါင်းကတော့ သေ သေချာချာကြည့်ရင် သိပ်အနု စိတ်တဲ့ခေါင်းမျိုး။ မြန်မာနဂါး လည်းမဟုတ်ဘူး။ အကွေးအတွန့် တွေနဲ့၊  အမွေးအမှင်တွေများတဲ့ စိန့်တိုင်းက နဂါးရုပ်မျိုး။ အကြေး ခွံတွေက အထပ်ထပ်နဲ့။ နဂါး ကိုယ်လုံးဟာ သူ့ရင်ဘတ်ကတစ် ဆင့် ညာဘက်လက်မောင်းကနေ ဆင်းသွားလိုက်တာ ညာဘက် လက်ခုံပေါ်မှာ ဆုံးတယ်။ ရင် ဘတ်က နဂါးခေါင်းက အောက် ဘက်ကို ပါးစပ်ဖြဲလှည့်ထားတော့ ဝမ်းဗိုက်တစ်ခုလုံး နီးပါးဟာ နဂါး ခေါင်းနဲ့ ပြည့်နေလေရဲ့။


‘‘ကျောက်စီတို့ကတော့ နတ် ပြာတွဲတောင်တို့၊ တော်ကျွတ်မုန်း ရှေ့တို့ မဟုတ်ဘူးဗျ။ အမြဲတမ်း နဂါးခေါင်း အောက်ကိုလှည့် တယ်’’လို့ မူးလာရင် အမြဲပြော တတ်တယ်။ အမြဲပြောနိုင်ဖို့ကို လည်း အမြဲမူးနေဖို့ လိုတယ်လို့ လည်း တွက်ထားဟန် တူပါရဲ့။ အရက်နဲ့မျက်နှာသစ်၊ အရက်နဲ့ ပလုတ်ကျင်း၊ အရက်နဲ့ပဲထမင်း စား၊ အရက်နဲ့ပဲ ခြေဆေးတယ်ဆို တဲ့လူ။

လောလောဆယ်တော့ သူ ဟာ လူသူနဲ့ဝေးဝေး တောအုပ် ညို့ညို့ကြီးထဲက တဲကလေးတစ် လုံးမှာ နေတယ်။ သူ့ပတ်ဝန်းကျင် မှာ အင်မတန် နက်ရှိုင်းတဲ့ ကျင်း ကြီး ချိုင့်ကြီးတွေရှိတယ်။ အတော်အတန်ကြီးတဲ့ သစ်ပင် ကြီးတွေရှိတယ်။ တောင်ကုန်း မြင့်မြင့်ကြီးတွေ ရှိတယ်။ ပြီးတော့ သူတာဝန်ယူစောင့်ရတဲ့ မြေကော် တဲ့ ယန္တရားကြီးတစ်လုံးလည်းရှိ တယ်။ ဒီယန္တရားကြီးဟာ အဲသည် ပတ်ဝန်းကျင်က တောတွေ၊ တောင်ကုန်းတွေကို ဖြိုတဲ့ ယန္တရားကြီးပဲ။ ကျင်းတွေ၊ ချိုင့် တွေဟာ အဲသည်ယန္တရားကြီးရဲ့ လက်ချက်ပဲ။ အမြဲတမ်းတော့ မဟုတ်ဘူး။ လိုအပ်တဲ့အခါ မောင်းတဲ့လူ ရောက်လာပြီး ကော်တော့တာပဲ၊ ဖြိုတော့တာပဲ၊ တူးတော့တာပဲ။ မလိုတဲ့အခါ သုံးလ လေးလလောက် မလာပြန် ဘူး။ ဘာပဲဖြစ်ဖြစ် ကိုကျောက်စီ က ပစ္စည်းတွေ မပျောက်ပျက် အောင် စောင့်ရတယ်။ စက်ကြီး က တောထဲမှာ နှစ်ပေါက်ရှိနေ တတ်တော့ သူကလည်း နှစ် ပေါက် နေနေရတော့တယ်။ သည်တောထဲမှာကိုပဲ သူနေရတာ ရှစ်နှစ်ပြည့်တော့မယ်။ သောက် ရေအိုး အညှိတက်တစ်လုံး၊ သင် ဖြူးဟောင်းတစ်ချပ်နဲ့ မီးဖိုချောင် ပစ္စည်းလေး အနည်းအကျဉ်းက လွဲရင် တဲထဲမှာလည်း ဘာမှမရှိ ဘူး။ ယန္တရားကြီး အလုပ်ရှိတဲ့ အခါ သူအူစိုတယ်။ ဆီလေးဘာ လေးရတယ်။ ပိုက်ဆံလေးဘာ လေးလည်းရတယ်။ ကျန်တဲ့ အချိန်တော့ ကလေးတွေပြော သလို လက်ချည်းပဲ။ ရတဲ့လခ လေးနဲ့ စားရတာပဲ။ တစ်လ တစ် လ ရတဲ့လခလေးဟာ မနီးမဝေး တန်းလျားက အိမ်ဆိုင်ကလေးကို အရက်ဖိုး ဆပ်ရတာနဲ့ ကုန်တာပါ ပဲ။ လဆန်းရင် ပြန်စ၊ လကုန်ရင် အကုန်ဆပ်။ သည်လိုနဲ့ လည် ပတ်နေတာပါပဲ။ အိမ်ဆိုင်က လေးကလည်း အရက်ကောင်း ကောင်း ရောင်းတာမဟုတ်ဘူး။ တာဇံလို့ခေါ်တဲ့ ကောက်ညှင်း အရက်ခေါ်မလား၊ ထန်းလျက် အရက်ခေါ်မလား အဲဒါပဲရတာ။ ဘာပဲဖြစ်ဖြစ် သူ့အတွက်တော့ ညနေစောင်းရင် သူ့တဲကလေးက နေ နာရီဝက် မရှိတရှိလောက် လျှောက်လာ၊ တန်းလျားခန်းထဲ ကိုဝင်၊ တစ်ခွက်တစ်ဖလား သောက် ပြီးရင်ပြန်။ ဒါဟာ နေ့စဉ် သူလုပ်နေကျပဲ။ အရင် တုန်းကတော့ (သည်ယန္တရားကြီး ကို လုံခြုံရေး မစောင့်ရခင်တုန်း က) ဘဝတော်တော်များများမှာ ကျင်လည်ခဲ့တာ၊ ထားပါတော့။ အခု ဒီဘက် ရှစ်နှစ်လောက်က တော့ သူ့မှာ မနက်ည သည်တန်း လျားလေးကိုလာပြီး အရက် သောက်၊ ပြီးရင်ပြန်ပဲ။ တောထဲ က တဲကလေးထဲမှာ ညဘက် ဒီ ဇယ်ဆီ မီးခွက်ကလေးနဲ့ မှိတ် တုတ်မှိတ်တုတ် နေတော့တာပါပဲ။

ခက်တာက ယန္တရားကြီး မလည်ရတာ ကြာပါပြီ။ ယန္တရား မောင်းတဲ့လူကလည်း ယန္တရား မလည်ရတော့ မလာတော့ဘူး။ သည်တော့ သူ့မှာ တခြားဝင်ငွေ လည်းမရှိဘူး။ အစားမှန်မှန် မစား တာရော၊ အရက်တွေ ထောင်းထ အောင် သောက်တာရောကြောင့် သူလည်း တစ်စတစ်စ ပိန်ချုံးသ ထက် ပိန်ချုံးလာတယ်။ သူပိန်ချုံး လာတော့ သူ့ရင်ဘတ်က နဂါး ကြီးကလည်း ပိန်ချုံးလာတော့တာ ပဲ။ လက်တွေခြေတွေလည်း တုန် လာတယ်၊ မကြာ မကြာလည်း အအေးမိတယ်၊ အဆုတ်ကလည်း ပွချင်တယ်။ ခြင်တွေ၊ ဖြုတ်တွေ ကလည်း သီးနေအောင် ကိုက် ထားတော့ အရေပြားတွေမှာလည်း အနာပဆုပ်တွေ၊ ပွေးတွေ၊ ဝဲစို တွေ၊ ညှင်းကြီးညှင်းကွက်တွေနဲ့ အပြည့်ပဲ။ ရေဆိုတာကလည်း တူးထားတဲ့ ချိုင့်တွေထဲက တင် နေတဲ့ မိုးရေကို ချိုးရင်ချိုး၊ သောက်ရင်သောက် ဒါပဲ။ ဘယ် ကမှ ရေသန့်သန့် မရနိုင်ဘူး။

အဲသလိုနဲ့ အဝါရင့်ရောင် ယန္တရားကြီးရယ်၊ တဲကလေးတစ် လုံးရယ်၊ သူရယ်၊ သူ့ရင်ဘတ်က နဂါးတစ်ကောင်ရယ်၊ ကျင်းတွေ ချိုင့်တွေရယ်၊ သစ်တောညို့ညို့ ရယ်၊ ဖျာတစ်ချပ်၊ ရေအိုးတစ်လုံး ရယ်၊ တာဇံထည့်တဲ့ပုလင်းလွတ် လေးငါးလုံးရယ် လွဲရင် သူ့မှာ တွယ်တာစရာ ဘာသံယောဇဉ်မ မရှိဘဲ နေလာတာကိုက ပြောခဲ့ပါ ပြီကော။ ရှစ်နှစ်လောက်ရှိပြီလို့။

* * *

ရေတမာရွက် ကြမ်းကြမ်း တွေကြားက နှင်းဆီပွင့်တွေဟာ ရောင်စုံပဲ။ လှလိုက်တာလည်း မပြောနဲ့တော့။ အဝါလည်းပါ တယ်၊ ပန်းသွေးနုနုလည်းပါရဲ့။ ကြက်သွေးရောင် စိုစိုဖတ်ဖတ် ကြီး တွေဆိုတာကလည်း မနည်း ဘူး။ နှင်းဆီရနံ့တွေကလည်း သူ့ တဲကလေးထဲမှာ ကြိုင်လို့။ လှောက်လို့။ လှချင်တိုင်းလှနေတဲ့ နှင်းဆီပွင့်တွေကို ကိုကျောက်စီ ငေးတောင် နေမိတယ်။ အပွင့် ရောင်စုံတွေကိုလည်း သူ့လက် ကြမ်းကြမ်းကြီးတွေနဲ့ တယုတယ ပွတ်သပ်ကြည့်မိသေးတယ်။

ကိုကျောက်စီက သူ့ရဲ့ ကတုန်ကယင် လက်တွေနဲ့ နှင်း ဆီပွင့်ကလေးတွေကို အသာ အယာ ဆွဲနုတ်တယ်။ အဝါတွေ ကို သတ်သတ်ဖယ်တယ်။ ပန်း ရောင်အဖူးကလေးတွေကို သီး သန့်ထားတယ်။ ကြက်သွေး ရောင် နီညိုညို အပွင့်ကြီးတွေကို တော့ များလွန်းလို့ နှီးစမျှင်မျှင် ကလေးတွေနဲ့ အရင်စည်းတယ်။ ငါးပွင့်တစ်စည်း၊ လေးပွင့်တစ် စည်း စည်းတယ်။ ဖြစ်သင့်တာက ဆန်ကောလို၊ လင်ပန်းလို အချပ် ကြီးမှာ စီပြီးထည့်ထားရမှာ။ သူ့ မှာ ဆန်ကောမရှိဘူး။ သည်တော့ တောငှက်ပျောရွက်ကြီးတွေနဲ့ တစ်ရောင်စီ ခွဲထုတ်တယ်။ ရေညှိ တက်နေတဲ့ သောက်ရေအိုးက ရေတစ်ခွက်ခပ်တယ်။ တစ်ဝက် ကို သောက်တယ်။ တစ်ဝက်ကို ပန်းတွေအပေါ် ဖျန်းတယ်။ တဲ အပြင်ထွက်ပြီး အလင်းရောင်ကို ကြည့်တယ်။ အချိန်ရှိသေးတယ်။  ရှိလှမှ ၃နာရီခွဲပဲ။ သူနှစ်နှစ်ခြိုက် ခြိုက် ပြုံးလိုက်တယ်။ တာဇံ နည်းနည်း သောက်လိုက်တယ်။ ပြီးတော့မှ တန်းလျားဘက်ကို နှင်းဆီပန်းတွေပိုက်ပြီး ထွက်လာ ခဲ့တယ်။

တစ်သက်နဲ့တစ်ကိုယ် ကို ကျောက်စီ ပန်းရောင်းတာ မတွေ့ ဖူးကြတဲ့ တန်းလျားထဲက လူတွေ က ကိုကျောက်စီ ပန်းရောင်းတယ် ဆိုတော့ အထူးအဆန်းဖြစ်လို့။ ဘယ်လိုဖြစ်တာလဲ၊ ဘာသဘော လဲ၊ ဘယ်လို ရည်ရွယ်ချက်နဲ့ ပန်း ရောင်းဖြစ်သွားတာလဲ၊ အဲသလို  တွေးကြတယ်။

‘‘ကိုင်း... ပန်းတွေဗျို့။ ခြံပန်း လတ်လတ်ဆတ်ဆတ်တွေ၊ နှင်း ဆီတွေ’’

တချို့ကလည်း ရယ်ကြ တယ်။ တချို့ကလည်း သနားကြ တယ်။ တချို့ကလည်း ဒီကောင် လုပ်လာပြန်ပြီလို့ တွက်ကြဟန်တူ ပါရဲ့။ ခပ်တည်တည်ပဲ။ မည်းချိပ် နေတဲ့အသား၊ အင်္ကျီမပါ၊ ဖိနပ် မပါ၊ ပုဆိုးတိုတို (အဲဒီပုဆိုးက နှစ်ပေါက်ပုဆိုးပဲ)နဲ့ နှင်းဆီပန်း ရောင်စုံနဲ့က ဘယ်လိုမှ ဆက်စပ် ကြည့်လို့ မရဘူးမဟုတ်လား။ တန်းလျားက ဟိုဘက်ထိပ်က ဒီဘက်ထိပ်ကို တစ်ခေါက်ပဲ လျှောက်ရတယ်။ နှင်းဆီပန်းတွေ လုယူလိုက်သလို ကုန်သွားတယ်။ အဲသည်ဝယ်ကြတဲ့ မိန်းမတွေထဲ မှာ သူလာသောက်နေကျ တာဇံ ရောင်းတဲ့ဆိုင်က မိန်းမကိုတော့ သူမရောင်းဘူး။ အဲဒီမိန်းမက နှင်းဆီဝါတစ်စည်းကို လာကိုင် တယ်။ သူက အတင်းပြန်ယူလိုက် တယ်။ ဘာမှတော့မပြောဘူး။ အဲသည်မိန်းမက ‘‘ရှင့်အရက် ကြွေးနဲ့ မနှိမ်ပါဘူး။ ပိုက်ဆံပေး မှာပါ’’ ပြောတဲ့ကြားကကို သူ မရောင်းတာ။

 ‘‘ခင်ဗျားကို သက်သက် အလကားပေးပါ့မယ်။ နောက်မှ ယူပါဗျာ။ နောက်မှယူပါဗျာ’’ လို့ပဲ ပြောတယ်။ အဲသည်မိန်းမ လည်း စိတ်ဆိုးသွားတယ်နဲ့တူပါ တယ်။

 ‘‘သောက်ကြီးသောက် ကျယ်’’လို့ တစ်ခွန်းပဲပြောပြီး ပြန် သွားတယ်။ ဒါပါပဲ။ ကျန်တဲ့မိန်းမ တွေအားလုံးကို ရောင်းလိုက်တာ ပါပဲ။ ဈေးထဲမှာ တစ်စည်းကို ခုနစ်ကျပ်၊ ရှစ်ကျပ် ပေးရမယ့် အစည်းတွေကို လေးကျပ်၊ ငါး ကျပ်နဲ့ရောင်းတော့ နှင်းဆီပန်း တွေအားလုံးဟာ ခဏလေးနဲ့ ကုန်သွားတယ်။

ကိုကျောက်စီရဲ့ စိတ်တွေ ဟာလည်း ပေါ့ပါးလွတ်လပ်သွား တယ်။ အဘွားကြီးတစ်ယောက် ကတော့ လူကြီးမဟုတ်လား။ ကိုကျောက်စီပန်းရောင်းတယ်ဆို တော့ ဝမ်းသာလို့ အားပေးတဲ့ သဘောနဲ့ တစ်စည်းဝယ်တယ်။

‘‘ငါ့တူ ကျောက်စီလည်း မရောင်းစဖူး ပန်းတွေဘာတွေ ရောင်းလို့ပါလား။ သာဓုတော် သာဓု။ ကိုတော်လေးဆက်ရမယ့် ... မှန်း တစ်စည်းကို ဘယ်လို ရောင်းတုံး’’လို့လည်း ပြောတယ်။ မရောင်းစဖူးဆိုတာ အဓိပ္ပာယ်ရှိ တယ်။ ကောင်းရောင်းကောင်း ဝယ် လုပ်စားနေပါရောလားလို့ ပြောလိုက်တာလည်းဖြစ်တယ်။

သူတို့သိထားတဲ့ ကျောက်စီ ဟာ ဘယ်တုန်းကမှ ကောင်း ရောင်းကောင်းဝယ် ရှိခဲ့တာမှ မဟုတ်တာကိုး။ အရက်မိုးလင်း အောင်သောက်ပြီးရင် စရိုက် ကြမ်းကြမ်းနဲ့ ရိုက်ဖို့ နှက်ဖို့ လောက် စဉ်းစားနေတဲ့လူ၊ ခိုးဖို့ ဝှက်ဖို့ ကြည့်နေတဲ့လူ၊ လိမ်ဖို့ညာ ဖို့ တွက်ဆနေတဲ့လူမဟုတ်လား။ သူ့တဲနဲ့ မနီးမဝေး တောထဲမှာ ကိုးကျင်း ကိုးကြောင်း လျှောက် သွားနေတဲ့ နွားတစ်ကောင်ရဲ့ တင်ပါးသားတွေချည်းပဲ ရဲတင်းနဲ့ ခုတ်ယူရင် ယူလိုက်တဲ့သူမဟုတ် လား။ တင်ပါးဆုံသားအိအိကြီး တွေ ပါမလာတဲ့ နွားတွေဟာ နည်းတာမှမဟုတ်တာ။ ပိုင်ရှင် တွေက ကိုကျောက်စီလက်ချက် မှန်းလည်း သိပါတယ်။ ခက်တာ က ကိုယ်တိုင် မမြင်ဘူးလေ။ ပြောလည်းမပြောရဲဘူးလေ။

နောက် လုပ်နေကျရှိသေး တယ်။ ဟိုဘက်ထိပ် ဒီဘက်ထိပ် ငုတ်ရိုက်၊ လေးခွသားရေတင်း တင်းဆွဲချည်၊ ပြီးရင် ထစ်ကလေး တစ်ခုခံပြီး ကြိုးနဲ့ခပ်ဝေးဝေးကို ဆွဲထား၊ သားရေကြိုးပတ်လည် မှာ ဆန်စေ့တွေကြဲထား၊ စာက လေးတွေက အုပ်လိုက်ဝင်စားပြီ ဆိုမှ ကြိုးနဲ့ခလုတ်ကို ဖြုတ်လိုက် ရင် စာကလေး ဆယ်ကောင် လောက်ဟာ တုံးလုံးပက်လက် ကျန်ရစ်နေရော။ ဒါက ကိုကျောက်စီအတွက် အမြည်းပဲ။ အဲသည်ညနေဟာ တာဇံနဲ့ စာ ကလေးကင် ညနေပဲ။

သည့်အရင်ကလည်း ပန်း ရန် နောက်လိုက်ဆိုပြီး တစ်ရက် နှစ်ရက် ပန်းရန်လိုက်လုပ်ဖူးတယ်။ နောက်တစ်နေ့ မလိုက်ရတော့ ဘူး။ ပန်းရန်ဆရာခေါင်းဆောင် ရဲ့ ညို့သကျည်းကို ခုတ်တူနဲ့ ခုတ်ပစ်ခဲ့လို့တဲ့။ ကိုကျောက်စီ အတွက် တစ်ခုကောင်းတာက သူ့ မိခင်ဌာနက သူရှိနေတဲ့ တဲက လေးနဲ့ တော်တော်ကြီး ဝေးတဲ့နေ ရာမှာ ရှိနေတာပဲ။ သည်ယန္တရား ကြီးနဲ့ ကိုကျောက်စီရှိနေတဲ့နေရာ ကို တော်ရုံတန်ရုံ တာဝန်ရှိသူက လည်း ရောက်လာလေ့မရှိဘူး။ ယန္တရားကြီးက ပစ္စည်းမပျောက် သရွေ့ ကိုကျောက်စီဟာ ယန္တရား နဲ့အတူရှိသလား၊ မရှိဘူးလား၊ ဂရုတစိုက် စောင့်ကြည့်သလား၊ မစောင့်ကြည့်ဘူးလားလည်း သိပ် စစ်ဆေးလေ့မရှိဘူး။

သည်တော့ သူစိတ်ကူး တည့်ရာ လုပ်လေ့ရှိတယ်။ ယန္တ ရားကြီးကို ပစ်ထားပြီး သွားချင် ရာ သွားနေတာပဲ။ လုပ်ချင်တဲ့ အလုပ် ထွက်လုပ်နေတာပဲ။ လုပ်တိုင်းလည်း ဇာတ်သိမ်းက မကောင်းဘူး။ ပြဿနာနဲ့ ဆုံးတာ ချည်းပဲ။

တော်ရုံတန်ရုံလည်း ကို ကျောက်စီရဲ့ ပုံပန်းသဏ္ဌာန်နဲ့ သူ့ ရင်ဘတ်က နဂါးကြီးကိုကြောက် လို့ မပြောဖြစ်ကြတော့ဘူး။ နောက်တစ်ခါ မဆက်ဆံတာပဲရှိ တယ်။ သူကတော့ စုံတယ်။ မိန်းမပျက်တချို့ကို ဆက်သွယ် ပေးတဲ့ အလုပ်လည်းလုပ်တယ်။ ဝက်သေးအိမ်နဲ့ တာဇံသယ်ပေး တာလည်းလုပ်တယ်။ အငှားဝက် ပေါ်၊ နွားပေါ်ဖို့ ရဲတင်းတစ်လက် နဲ့ အသင့်စောင့်နေတတ်တာလည်း ရှိတယ်။ ခပ်တည်တည်နဲ့ မိုက် ကြေးခွဲတတ်တာလည်း ရှိတယ်။ တာဇံဆိုင်လေးမှာ ခွက်တစ်လုံးနဲ့ လိုက်တောင်းပြီး သူများသောက် စားနေတဲ့အထဲက ဆိုးခနဲဆတ် ခနဲ နှိုက်စားလိုက်တာလည်း ရှိ တယ်။ တန်းလျားထဲက လူတွေသိ တဲ့ ကိုကျောက်စီက အဲသလို ကို ကျောက်စီကိုး။ အခု ပန်းရောင်း တယ်ဆိုတော့ နားမလည်နိုင်ကြ ဘူး။ ဘာပဲဖြစ်ဖြစ် ပန်းရောင်း တာဟာ ကောင်းတဲ့အလုပ်ပဲ။ နူးညံ့ပျော့ပျောင်းတဲ့သဘောပဲ။ ကိုကျောက်စီ သည်လိုနည်းနဲ့ သူ့ ဘဝကို ပြုပြင်လာတယ်ဆိုရင် ပြီး တာပဲ။ လူဆိုတာ မှားတုန်းက မှားခဲ့တာပဲ။ ကောင်းလာပြီဆိုရင် လည်း ဘာပြောစရာရှိမလဲ။ ခွင့် လွှတ်လိုက်ကြရတာပဲ မဟုတ် လား။

အဲသည် ညနေက ကို ကျောက်စီ အဘွားကြီးကို ပန်း တစ်စည်း အပိုပေးတယ်။ အဘွား ကြီးကို မူးမူးနဲ့ ထိုင်လည်းကန် တော့လိုက်သေးတယ်။ သူ့ အတွက်ပါ ပန်းကပ်ပေးပါဆိုပြီး တစ်စည်းသတ်သတ် ပေးလိုက် သေးတယ်။ အဘွားကြီးဆိုတာ သာဓုချင်း မိုးမွှန်သွားတယ်။

ကိုကျောက်စီပြန်လာတော့ လက်ထဲမှာ ငွေလေးဆယ်ကျော် ကျော် ပါလာတယ်။ တာဇံရောင်း တဲ့ အိမ်ကလေးဆီသွားတယ်။ တာဇံရောင်းတဲ့မိန်းမက သူ့ကို ပန်းမရောင်းလို့ မကျေနပ်ပေမယ့် လက်ငင်း ပေးသောက်တော့ ရောင်းတာပါပဲ။ တစ်ပိုင်းသောက် တယ်။ တစ်ပိုင်းကို ပုလင်းငှား ထည့်လာပြီး ယူလာခဲ့တယ်။ သူ တဲကလေးထဲရောက်တော့ ထပ် သောက်တယ်။ အူလည်း မြူးနေ တယ်။ ပျော်လည်းပျော်နေတယ်။

အဲသည့်ညက ကိုကျောက်စီ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော် သွားတယ်။ ခြင်တွေ၊ ဖြုတ်တွေ တစ်ကိုယ်လုံး သီးနေတဲ့ကြားက အိပ်မက်တွေတောင် မက်လိုက် သေးတယ်။

 နောက်တစ်ရက်မှာတော့ နှင်းဆီပန်းတွေ မဟုတ်ပြန်ဘူး။ ပန်းတော့ပန်းပဲ။ ဂန္ဓမာတွေ။ရောင်စုံလည်းမဟုတ်ဘူး။ အဖြူ ချည်းသန့်သန့်။ ဂန္ဓမာအဖြူပွင့် တွေဟာ အပွင့်ထွားထွားကြီးတွေ ပါ။ လှနေတာပါပဲ။ ဂန္ဓမာပွင့် တွေကိုလည်း တောငှက်ပျောဖက် နဲ့ သေသေသပ်သပ်ထုပ်တယ်။ ရေဖျန်းတယ်။ တန်းလျားဘက် ကို ထွက်ရောင်းတယ်။

‘‘ဟော...ကိုကျောက်စီကြီး၊ နှင်းဆီပန်း မရတော့ဘူးလား’’

‘‘အင်း...ကနေ့ ဂန္ဓမာပဲရလို့၊ ကောင်းလိုက်တာ။ ဂန္ဓမာတွေယူ ပါဦး’’

‘‘နေပါဦး ဘယ်ကယူရောင်း တာလဲ’’

‘‘ခြံက။ သူငယ်ချင်းခြံက အဝေးကြီးပါဗျာ။ မတတ်နိုင်ဘူး ဗျာ။ တစ်နေ့ နှစ်ဆယ်ကျန်ကျန်၊ အစိတ်ကျန်ကျန် လုပ်ရတော့ တာပဲ’’

‘‘ကောင်းတာပေါ့ ဒီအစည်း ကြီးက ဘယ်လိုရောင်းတုံး’’

‘‘ငါးကျပ်နဲ့ပဲယူ’’

သည်လိုနဲ့ ဂန္ဓမာတွေလည်း  ကုန်သွားတာပဲ။ အဲသည်နေ့က လည်း ကိုကျောက်စီ မြက်မြက် ကလေးရတယ်။ ငါးဆယ်ကျော် ကျော်ရတယ်။ သည်ကနေ့ တန်း လျားက မိန်းမဆိုင်မှာ သွား မသောက်တော့ဘူး။ ကိုမောင် ကွန့် ဘီအီးဆိုင်သွားတယ်။ ပဲ ခြမ်းသုပ်ကလေးနဲ့ ဘီအီးတစ်ပိုင်း နဲ့ ထိုင်နေလိုက်တာ ညနေ ၆ နာရီ ကပ်နေပြီဆိုတော့မှ ထတယ်။

 အဲသည်ညက ဘီအီး သောက်လာပေမယ့် တဲကို ရောက်တော့ တာဇံနဲ့ပိတ်တယ်။ တော်တော်လေး မူးတော့မှရပ် တယ်။ သူ့မျက်နှာကြီးဟာ အဲ သည်ညက တော်တော်ကြောက် စရာကောင်းနေတယ်။ အရက်မူး နေတဲ့ ဘီလူးတစ်ကောင်နဲ့လည်း တူတယ်။ အဲသည်ညက တဲအ ပြင်မှာ ထိုင်နေရင်းက ပန်းရောင်း ရတဲ့ငွေတွေကို ရေတယ်။ တဲ ခေါင်မိုးမှာ ပိုက်ဆံခေါက်ကို ညှပ် တယ်။

 ဘာစိတ်ကူးပေါက်လို့လဲ မသိဘူး။ ကိုကျောက်စီ တဲရှေ့က ကွင်းပြင်ကိုကြည့်ရင်း ရယ်တယ်။ အားရပါးရကို ရယ်တယ်။ တော တွေ၊ တောင်ကမူတွေ၊ ချိုင့်ဝှမ်း တွေကြားမှာ အဲသည်ညက ကို ကျောက်စီရဲ့ ရယ်သံဟာ ချောက် ချားစရာ ကောင်းနေတယ်။

ကိုကျောက်စီရဲ့ ဝမ်းဗိုက် ပေါ်က နဂါးကြီးဟာလည်း အဲ သည်ညက မာန်စွယ်တဖွေးဖွေး နဲ့၊ တလှုပ်လှုပ်နဲ့၊ ထိလိုက်ရင် ပေါက်လိုက်မယ့် အစွယ်တွေနဲ့၊ မျက်စောင်းတစ်ချက်ထိုးလိုက်ရင် ပြာဖြစ်သွားလောက်တဲ့ မျက်လုံး တွေနဲ့။ နောက်နေ့တွေ နောက် နေ့တွေမှာလည်း ကိုကျောက်စီ ပန်းရောင်းထွက်တာပါပဲ။ ညနေ တိုင်း တောငှက်ပျောရွက်လေးနဲ့ စည်းလာတဲ့ အစည်းထဲမှာ ပန်း တွေသာ ပြောင်းသွားတယ်။ ပန်း တွေကတော့ ပါတာချည်းပဲ။

တစ်ခါတစ်ခါတော့လည်း ပန်းပြတ်သွားတာလည်း ပါတယ်။ မလာဖြစ်ဘူး။ တစ်ခါ တစ်ခါ လည်း ဆက်တိုက် ရောင်းဖြစ်နေ ပြန်ရော။ ပန်းရရင် ရသလိုဆိုပါ တော့။ ပန်းတွေကတော့ အမျိုး မျိုးပေါ့လေ။ တစ်ခါ တစ်ခါနှင်းဆီ၊ တစ်ခါတစ်ခါဂန္ဓမာ၊ တစ်ခါတစ် ခါ ဖယောင်းပန်း ရိုးတံရှည်အဖြူ၊ အနီ၊ တစ်ခါတစ်ခါ ဟော်လန် ဒေစီ၊ တစ်ခါတစ်ခါ အာဖရိကန် ဒေစီ။

* * *

ပထမတော့ ကိုကျောက်စီ ပန်းလာမရောင်းတဲ့ နှစ်ရက် လောက်ကို တန်းလျားစုကလူတွေ က သတိမထားမိကြဘူး။ ပန်းမရ တဲ့နေ့တွေမှာ ကိုကျောက်စီ လာ လေ့မှမရှိတာကိုး။ ကိုကျောက်စီ သောက်နေကျ တာဇံဆိုင်ကလေး ကိုလည်း နှစ်ရက်လောက် မရောက်ဖြစ်ဖူး။ ဒါလည်း မောင် ကွန့်ဆိုင်ဘက် လှည့်နေတာ ဖြစ် မှာပဲလို့ တွက်လို့ရနိုင်တာကိုး။ ကိုကျောက်စီ နှစ်ရက်လောက် ပန်းလာမရောင်းတာဟာ ဘာမှ လည်း ထူးဆန်းတာ မဟုတ်ဘူး။ ဒါပေမဲ့ မဟုတ်ဘူး။ အဲသည်ည မှာပဲ ချောက်ချားဖွယ် သတင်း တစ်ခုက တန်းလျားခန်းကလေး တွေဆီကို ရောက်လာတယ်။

ကိုကျောက်စီဟာ သူ့တဲ ကလေးထဲမှာ သေနေတာ နှစ် ရက်ရှိပြီဆိုတဲ့သတင်းပဲ။ တိုက် တိုက်ဆိုင်ဆိုင် ယန္တရားကြီး စက် နှိုးဖို့ ရောက်လာတဲ့ အော်ပရေ တာက အလောင်းကို စတွေ့တာ လို့လည်း ဆိုတယ်။ မြေကော် ယန္တရားကြီးကို စက်နှိုးဖို့များမရှိ ရင် ကိုကျောက်စီရဲ့ ရုပ်အလောင်း ဟာ ဘယ်လောက်အထိ လူမသိ သူမသိ ရှိနေမလဲတောင် မသိနိုင် ဘူး။

သည်သတင်းကို ကြားစက တန်းလျားက လူတွေဟာ ငြိမ် သက်သွားကြတယ်။ အင်္ကျီမပါ ဘာမပါနဲ့ မိုးလေးတဖြောက် ဖြောက်ကြားမှာ ပုဆိုးကြမ်းလေး ခြုံပြီး တင်းတင်းတောင့်တောင့် သေနေတဲ့ ကိုကျောက်စီကိုလည်း သွားကြည့်ကြဖို့ စိုင်းပြင်းကြ တယ်။ ကိုကျောက်စီရဲ့ မိခင်ဌာန က တာဝန်ရှိတဲ့လူတွေလည်း ရောက်နေကြတယ်။

ဝမ်းဗိုက်ကြီးက ကျောက် ပျဉ်တစ်ချပ်လို မာကျောစူထွက် နေတဲ့ ကိုကျောက်စီရဲ့ ရုပ် အလောင်းကိုလည်း သယ်ဆောင် သွားကြတယ်။ တန်းလျားက လူ တော်တော်များများက ကိုကျောက် စီရဲ့ တဲကလေးရှိရာ ရောက်နေ ကြချိန်မှာတော့ အလောင်းမရှိ တော့ဘူး။ ဒါပေမဲ့ လူတော်တော် များများရဲ့ မျက်လုံးတွေဟာ ကို ကျောက်စီရဲ့ တဲကလေးနဲ့ ပတ် ဝန်းကျင်ကို အကဲခတ်မိသွားကြ တယ်။

ဘာမှတော့ မဟုတ်ပါဘူး။ ပန်းခြောက်တွေ။ နှင်းဆီပန်း ခြောက်တွေ၊ ဂန္ဓမာပန်းခြောက် တွေ၊ ဟော်လန်ဒေစီပန်းခြောက် တွေ၊ ဒေလီယာပန်းခြောက်တွေ၊ အင်မတန် များပြားတဲ့ ရေတမာ ရွက်ခြောက်တွေ၊ လွမ်းသူ့ပန်းခွေ လုပ်တဲ့ ဝါးစအဟောင်းတွေ၊ ကြိမ်ခွေတွေ၊ နှီးစတွေ၊ စက္ကူ ရောင်စုံအစတွေ၊ ဖဲပြားအနက်စ တွေ။ အဲသည်မှာတင် လူတွေဟာ ကိုယ့်အခန်းကို လေရဲ့ပြင်းထန် တဲ့ အဟုန်မျိုးနဲ့ ပြန်လာကြတယ်။ ဘုရားစင်ပေါ်ကပန်းတွေ၊ နတ် စင်ပေါ်က ပန်းတွေကို ဆွဲချကြ တယ်။ ဘုရားစင်၊ နတ်စင်တွေကို ရေဆေးကြတယ်။ အမွှေးနံ့သာ တွေ ပက်ကြတယ်။ တောင်းပန် တိုးလျှိုးကြတယ်။ ကန်တော့ပွဲ ထိုးကြတယ်။ ရေအိုးစင်တွေ၊ နတ်အုန်းသီးတွေ လဲကြတယ်။ တချို့မိန်းမတွေက ဒေါသအမျက် ခြောင်းခြောင်း ထွက်ကြတယ်။ တချို့မိန်းမတွေက နံ့သာဖြူ၊ ကရမက် သွေးရင်း ပါးစပ်က တတွတ်တွတ် ရွတ်ကြတယ်။

အဲသည်ညနေက တန်းလျား ကလေးမှာ ဆူညံပွက်ထသွားတာ အမှန်ပဲ။

ကိုကျောက်စီ ပန်းမရောင်း လို့ မဝယ်ဖြစ်တဲ့ တာဇံရောင်းတဲ့ မိန်းမကလွဲလို့ ကျန်တဲ့မိန်းမတွေ ဟာ ကြက်သီးမွေးညင်းထကုန် ကြတယ်။ တာဇံရောင်းတဲ့မိန်းမ က သူ့ဆီမှာ အရက်အကြွေး သောက်နိုင်ဖို့အတွက် မသန့်တဲ့ ပန်းတွေကို မရောင်းတဲ့ ကျေးဇူး သိသွားရှာတဲ့ ကိုကျောက်စီရဲ့ စေတနာကို အခုမှ သဘောပေါက် သွားတယ်။

ကျန်တဲ့ မိန်းမတွေ အားလုံး ကတော့ စောစောကများသိရင် ကိုကျောက်စီရဲ့ အလောင်းကို တောင် တစ်စစီ ဆုတ်ဖြဲပစ်ကြ တော့မလား မှတ်ရအောင် ဒေါသ တွေ ဖြစ်နေကြတယ်။ အဲဒီ အကြောင်းကို ရက်တော်တော် ကြာတဲ့အထိ တချို့က ကြေကြေ ကွဲကွဲ ပြောကြတယ်။

 တန်းလျားခန်းကလေးက လူတွေဟာ သည်ဖြစ်ရပ်ကို မမေ့ နိုင်ကြဘူး။

လူဆိုတာကလည်း ခက် သားပဲ။  ဘယ်လောက်ပဲကြာကြာ  ကောင်းတဲ့ လူတွေကိုလည်း အောက်မေ့ သတိရနေတတ် တယ်။ ကောက်ကျစ်စဉ်းလဲတဲ့လူ တွေကိုလည်း အောက်မေ့သတိရ နေတယ်မဟုတ်လား။ တန်းလျား က လူတွေဟာ ကိုကျောက်စီကို သတိရနေကြတုန်းပဲ။