BANCA ဝက်ဝံထိန်းသိမ်းရေးတာဝန်ခံ ဦးတင်ထွန်းအောင်နှင့်တွေ့ဆုံခြင်း

‘‘တစ်ကောင်မှမရှိတော့တဲ့အချိန်ကျမှ မရှိတော့ဘူးဆိုပြီး ကြေညာတာထက်စာရင် အခုကတည်းက ထိန်းသိမ်းနိုင်ရင် ကောင်းတာပေါ့’’
ဝက်ဝံ မွေးမြူရေးခြံအတွင်းရှိ ၀က်ဝံများ (ဓာတ်ပုံ − Animal Asia)

သည်းခြေနှင့် ခြေဖဝါး၊ လက်ဖဝါးများက ဆေးဖက်ဝင်သည်ဆိုကာ ဝက်ဝံများ သတ်ဖြတ်ရောင်းချခံနေရရာမှ လှောင်အိမ်ဖြင့် မွေးထားပြီး အရှင်လတ်လတ် သည်းခြေထုတ်ယူသည့် ဝက်ဝံမွေးမြူရေးခြံများမှာရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသအချို့တွင် ဖြစ်ထွန်းလာနေသည်။

အရှင်လတ်လတ် ဝက်ဝံသည်းခြေထုတ်ယူနေခြင်းကို ရပ်တန့်ရန် နိုင်ငံတကာ အဖွဲ့အစည်းများက လှုပ်ရှားဆောင်ရွက်လာခြင်းနှင့် တရုတ်နိုင်ငံတွင် ဆန့်ကျင်ကန့် ကွက်မှုများကြောင့် တရုတ်နိုင်ငံရှိ တရားမဝင် ဝက်ဝံမွေးမြူရေးခြံများ အရေးယူ ပိတ်ပင်သော်လည်း ဈေးကွက်လိုအပ်ချက်ကြောင့် တရုတ်-မြန်မာနယ်စပ်သို့ ရွှေ့ပြောင်းလာ သည်။

ယင်းအခြေအနေကြောင့်ပင် မြန်မာနိုင်ငံရှိ ဝက်ဝံများမှာ အသက်ရှင်ရပ်တည်နိုင်ရန် ခြိမ်းခြောက်ခံနေရပြီး တိကျသည့်ကောင်ရေစာရင်း မသိရှိမီမှာပင် မျိုးသုဉ်းပျောက်ကွယ်မှုအန္တရာယ်နှင့် ကြုံတွေ့နေရသည်။ယင်းအတွက် ဝက်ဝံထိန်းသိမ်းရေးဆောင်ရွက်နေသည့် ဇီဝမျိုးစုံမျိုးကွဲ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးအသင်း (BANCA) မှ ဝက်ဝံ ထိန်းသိမ်းရေးတာဝန်ခံ ဦးတင်ထွန်းအောင်နှင့် မေးမြန်းခဲ့သည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မြန်မာနိုင်ငံမှာ နေထိုင်ကျက်စားတဲ့ ဝက်ဝံမျိုးစိတ်တွေနဲ့ ဘယ်နေရာ တွေမှာ နေထိုင်ကျက်စားလဲဆိုတာ သိချင်ပါတယ်။

ကမ္ဘာပေါ်မှာက ဝက်ဝံရှစ်မျိုး ရှိတယ်။ မြန်မာနိုင်ငံမှာက ဝက်ဝံ နှစ်မျိုးကျက်စားတယ်။ Sun Bear ခွေးဝံ (မလေးဝက်ဝံ)နဲ့ Moon Bear မြင်းဝံ (ဟိမဝန္တာဝက်ဝံ)ဆိုပြီး နှစ် မျိုးရှိတယ်။ မြင်းဝံက နေရာအနှံ့ရှိ တယ်ဆိုပေမယ့် ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာတော့ ပိုများ တယ်။ အလယ်ပိုင်းဒေသတွေမှာ တော့မရှိဘူး။ တောကျန်တဲ့နေရာ၊ တောကောင်းတဲ့နေရာတွေမှာ ဒီ ကောင်တွေကို တွေ့ရတယ်။ ခွေးဝံ ကျတော့ တနင်္သာရီနဲ့ ရခိုင်ဘက်မှာ များတယ်။

တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်ဖောက်ကားမှု ဈေး ကွက်မှာ ဝက်ဝံက ဘယ်အခြေအ နေအထိ ရှိနေပြီလဲ။

ပထမဆုံးက ကျားပဲ။ ဒုတိယက ဆင်ဖြစ်မယ်။ ဝက်ဝံကတော့ တတိယလိုက်နေတယ်။ အမှန်က ဝက်ဝံ က ဒုတိယနေရာမှာရှိနေတာ။ အကောင်သေးထဲမှာဆိုရင် လိပ်တွေ၊သင်းခွေချပ်တွေ ဘာတွေရှိသေးတယ်။


ဦးတင်ထွန်းအောင်

ဝက်ဝံထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး BANCA ရဲ့ ဆောင်ရွက်မှုတွေကို ပြောပြပေးပါ။

ဝက်ဝံရဲ့ Population Status က ဘယ်သူမှ မကောက်ရသေးဘူး။ ခြိမ်းခြောက်ခံနေရတာတော့ သိ တယ်။ တရားမဝင် ရောင်းဝယ် ဖောက်ကားမှု Top List ထဲမှာပါနေ တယ်။ ပိုပြီးရောင်းဝယ်ဖောက်ကား ခံနေရတယ်။ ဘာကြောင့်လဲဆို တော့ သူ့ရဲ့ သည်းခြေက တန်ဖိုးရှိ တယ်။

 နောက်အစွယ်ရယ်၊ လက် သည်းခွံတွေရယ်။ နောက်အသား လည်းစားကြတယ်။ ဈေးကွက်ဝင် တဲ့ထဲပါတော့ စပြီးခြိမ်းခြောက်ခံနေ ရတယ်ဆိုပြီး ဆာဗေးတွေစလုပ် တယ်။ လေ့လာတဲ့အခါကျတော့ မြန်မာပြည်မှာ ဝက်ဝံသည်းခြေ ထုတ်စက်ရုံတွေ ပေါ်နေတယ်ဆို တာ သိရတယ်။

ဝက်ဝံအရှင်တွေကို သည်းခြေထုတ် ယူတဲ့ ဈေးကွက်က မြန်မာနိုင်ငံနယ် စပ်မှာ ဘယ်အချိန်ကတည်းက ရှိ နေတာလဲ။

လွန်ခဲ့တဲ့ ခုနစ်နှစ်၊ ရှစ်နှစ်က တည်းက ရှိနေတာ။ လွန်ခဲ့တဲ့ ၂ နှစ် လောက်က ပိတ်သွားတယ်။ မြန်မာ လူမျိုးတွေက အစားကျွေးတာတွေ လုပ်ရပြီး သည်းခြေထုတ်တာက တရုတ်နိုင်ငံသားတွေပဲ ထုတ်တာ။ တရုတ်ပြည်ကို ပို့တာများတယ်။ တချို့စက်ရုံမှာ ဝက်ဝံအကောင် ၁၀၀ ကျော်တယ်။ လောလော ဆယ် အသစ်ဆောက်တဲ့စက်ရုံမှာ တော့ ၁၃ ကောင် တွေ့တယ်လို့ သတင်းရတယ်။

ဝက်ဝံမွေးမြူရေးခြံတွေက မြန်မာ နိုင်ငံအတွင်း ဘယ်နေရာတွေမှာ အဓိကဆောင်ရွက်နေတာပါလဲ။

အဓိကက မိုင်းလားဘက်မှာ ပေါ့။ မိုင်းလားနဲ့ ပန်ဆန်းကြားမှာ။ ပန်ဆန်းမှာတော့ အခုတဖြည်းဖြည်း နဲ့ လျော့ကျလာတယ်။ အဓိကဖြစ် ရတဲ့အကြောင်းရင်းကလည်း ကာစီ နိုလောင်းကစားဝိုင်းတွေနဲ့ ဆက်စပ် နေတာ။ ကာစီနိုလောင်းကစားရုံရှိ မယ်ဆိုရင် တိရစ္ဆာန်မွေးမြူရေးခြံ တွေက ရှိနေတာ။ ပန်ဆန်းမှာက စက်ရုံလျော့တာက ကာစီနိုရုံတွေ လျှော့ချလိုက်တာကြောင့်လည်း ပါတယ်။

သည်းခြေထုတ်တဲ့ ဝက်ဝံမွေးမြူရေး ခြံတွေက ဝက်ဝံတွေက မြန်မာနိုင်ငံ က ဝက်ဝံတွေလား၊ တခြားဒေသ တွေက ဝက်ဝံတွေလား။

မြန်မာနိုင်ငံက များတယ်။ တခြားကဆို လာအို၊ ဗီယက်နမ်တို့ က ဖြစ်ရင်ဖြစ်မယ်။ ဒါပေမဲ့ မြန်မာ ပြည်နယ်စပ်မှာဖြစ်နေတော့ သယ် ယူပို့ဆောင်ရေးအရ မြန်မာပြည်က ပဲ သယ်မှာပေါ့။ ရှမ်းပြည်နယ်က လည်း ပေါသေးတာကို။

သည်းခြေထုတ်နေတယ်ဆိုတဲ့ ဝက် ဝံမွေးမြူရေးခြံတွေက ဘယ်လိုနည်းတွေနဲ့ ဆောင်ရွက်နေတာပါလဲ။

ဝက်ဝံသည်းခြေထုတ်စက်ရုံ တွေဆိုတာကလည်း အရင်ကိုရီး ယားက စခဲ့တဲ့ လုပ်ငန်း။ ဝက်ဝံ သည်းခြေက အရက်သောက်သူ တွေအတွက် ကောင်းတယ်။ ဆေး ဖက်ဝင်တယ်။ အပူငြိမ်းတယ်ဆိုပြီး ကျယ်ပြန့်သွားတာ။ တရုတ်ပြည်မှာ စက်ရုံနှစ်သောင်းကျော် ကျန်သေး တယ်။ ဒါက သူတို့နိုင်ငံမှာ ဆန့် ကျင်လို့ ပိတ်လိုက်ရတာတွေရှိ တယ်။ ပိတ်လိုက်တော့ တော်တော် များများက လာအိုတို့၊ ဗီယက်နမ် တို့၊ မြန်မာတို့မှာ လာလုပ်ကြတယ်။ အစိုးရလက်လှမ်းမမီတဲ့ အရှေ့ ဘက်တစ်ကြောမှာ ဝက်ဝံသည်းခြေထုတ်စက်ရုံတွေရှိတယ်လို့ သတင်း ရတယ်။ လိုက်လေ့လာတော့ ဝက် ဝံသည်းခြေထုတ် စက်ရုံနှစ်ရုံ လောက်တွေ့ရတယ်။ သုံးရုံရှိတာ တစ်ရုံက ပိတ်ထားလို့။ အခုပြန်ဖွင့် ပြီလို့ ပြောတယ်။ ဝက်ဝံသည်းခြေ ထုတ်တယ်ဆိုတာကလည်း နိုင်ငံ တကာက ဒါကို တိရစ္ဆာန်ညှဉ်းပန်း နှိပ်စက်မှုလို့ သတ်မှတ်ထားတာ။ ဘာကြောင့်လဲဆိုတော့ သည်းခြေ ကို နေ့တိုင်းနီးပါးလောက် ထုတ် တာ။

သည်းခြေထုတ်တော့ ဘာဖြစ် လဲ။ လူတောင်မှ သည်းခြေပျက်ပြီး ရူးရတာ။ အရှင်လတ်လတ်ထုတ် တယ်ဆိုတော့ ဘယ်ခံနိုင်မလဲ။ နေရထိုင်ရတာကလည်းကျဉ်းကျဉ်း ကျုတ်ကျုတ်လေး။ လှောင်အိမ်ကျဉ်းကျဉ်းလေးထဲမှာ ထည့်ထားတယ်။ မလှုပ်နိုင်အောင် သံကြိုးတွေနဲ့ပတ် ထားတယ်။ သည်းခြေနေရာကို အ ပေါက်ဖောက်ထားပြီးတော့ နေ့ တိုင်းယူတာပေါ့။

ဝက်ဝံ သည်းခြေထုတ်ယူတာ ကြောင့် ဝက်ဝံတွေမှာ ဘယ်လိုဆိုး ကျိုးတွေ ဖြစ်လာနိုင်ပါသလဲ။

တချို့တွေကလည်း နေ့တိုင်း ကို နှစ်ကြိမ်ထုတ်နေတာ။ ဝက်ဝံ အခြေအနေပေါ် မူတည်ပြီးတော့။ လပြည့်ချိန်ပိုထုတ်တယ်။ လိုအပ် ချက်ပေါ်မူတည်ပြီးတော့ ထုတ် တယ်။ နေ့တိုင်းထုတ်နေတော့ အ သက်မရှည်တော့ဘူး။ ရောဂါတွေ ကပ်ငြိလာတယ်။ ရူးသွပ်တဲ့ပုံစံနဲ့။

ဘယ်လိုမျိုးဖြစ်လဲဆိုတော့ ဝက်ဝံမ ကြီးက သူမွေးထားတဲ့ကလေးကို သတ်လိုက်ပြီး သူ့ဘာသာသူ တိုင်နဲ့ ခေါင်းနဲ့ ဆောင့်နေတာ။ သည်းခြေ ပျက်သွားတဲ့သဘောပေါ့။ ကျန်းမာ ရေးရော၊ ရောဂါတွေရော ဝင်လာ ပြီး သက်ဆိုးမရှည်တော့ဘူး။ မရှည် တော့ မွေးမြူရေးလုပ်လို့မရဘူး။ တစ်ကောင်ပေါက်လာရင် မြန်မာ ပြည်ဥပဒေအရ မွေးပြီးတော့ တတိ ယမျိုးဆက်ကို ရောင်းလို့ရတယ်။ သူက အဲဒီလိုတောင် မရဘူး။ တော တွင်းကယူမှပဲရမယ်။ အကောင်ရေ အချိန်နဲ့အမျှ ကုန်နေတာပေါ့။ အပို့ ခံနေရတာပေါ့။ အကောင်ရေက ဘယ်လောက်ရှိမှန်းမသိဘူး။ တစ် ကောင်မှ မရှိတော့တဲ့အချိန်ကျမှ မရှိ တော့ဘူးဆိုပြီး ကြေညာတာထက် စာရင် အခုကတည်းက ထိန်းသိမ်း နိုင်ရင် ကောင်းတာပေါ့။

တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်ဖောက်ကားမှုနဲ့ ပတ် သက်ပြီး နယ်စပ်ဂိတ်တွေမှာ ထိန်း သိမ်းရေးတွေ၊ ကာကွယ်ရေးတွေ လုပ်နေတာရှိပေမယ့် နယ်စပ်ဒေသ တွေမှာ ဝက်ဝံမွေးမြူရေးခြံတို့၊ တောရိုင်းတိရစ္ဆာန်ဈေးကွက်တို့ ရှိနေသေးတယ်ဆိုတော့ ဘယ်လို ကြောင့်ဖြစ်နိုင်လဲ။

အားနည်းချက်ကတော့ရှိ တယ်။ ဂိတ်တွေကလည်း ဒီတစ် ဂိတ်တည်းရှိတာမှမဟုတ်တာ၊ ဂိတ်ပေါက်တွေက အများကြီး၊ မိုင်းလား ဂိတ်တို့ဆို Free Trade Zone လို့ သတ်မှတ်ထားတာ။ အဲဒီဘက် ရောက်ရင် ဘာမှ လုပ်လို့မရတော့ ဘူး။ တချို့တွေက ဆပ်ကပ်ဆိုပြီး သွားကြတယ်။ ပြန်လာရင် အ ကောင်တွေမရှိတော့ဘူး။ နည်းမျိုးစုံ နဲ့ သယ်ကြတယ်။ အဖွဲ့တွေထိန်း သိမ်းရေးလုပ်တာတော့ ကောင်း တယ်။ ဒီထက်ပိုများများလုပ်သင့် တယ်။

ဝက်ဝံတွေက သည်းခြေထုတ်ယူ တာတွေအပြင် တခြားဘာတွေခြိမ်း ခြောက်ခံနေရပါလဲ။

ခြိမ်းခြောက်ခံရတာ အများ ကြီးပဲ။ လူနဲ့ဝက်ဝံက ပဋိပက္ခဖြစ် တာတွေရှိတယ်။ ပုံမှန်ဆို ရန်မပြု တတ်ဘူး။ စားကျက်မရှိတော့အခါ ကျတော့ လူတွေက ဝက်ဝံတွေ့တာ နဲ့ ပစ်မယ်။ တရားမဝင်သစ်ခုတ်မှု တွေ၊ မြေယာတွေ တိုးချဲ့မှုတွေ ကြောင့် သူတို့ စားကျက်မြေပျောက် ဆုံးလာတယ်။ မိရိုးဖလာ အမဲလိုက် ခြင်းနည်းစနစ်တွေကို မလိုက်နာတဲ့ အတွက်ကြောင့်၊ အရင်ကဆို အ ကောင်ကြီးပဲပစ်ရမယ်။ အကောင် သေးမပစ်ရဘူး။ အကောင်သေးရှိ တဲ့ မိခင်ဆို မပစ်ရဘူး။ ဒါပေမဲ့ အ ကောင်သေးက အိမ်မွေးလို့ရတဲ့အ တွက် မိခင်ပစ်ပြီး အသေးကိုဖမ်း လာခဲ့တယ်။ ပြောရရင် မကောင်း မွန်တဲ့ အမဲလိုက်နည်းစနစ်တွေကို သုံးလာကြတာတွေကြောင့်။ နောက်ဝက်ဝံသည်းခြေထုတ်တဲ့ စက်ရုံတွေ ကလည်း တစ်ချက်ပဲ။

မြန်မာနိုင်ငံနယ်စပ်ဒေသတွေမှာ ဝက်ဝံသည်းခြေထုတ်တဲ့ စက်ရုံတွေ ရှိတာလည်း သိပြီဆိုတော့ အရေး ယူမှုအပိုင်းအတွက် ဘာတွေလုပ် ဆောင်ဖို့ရှိပါသလဲ။

ပထမဆုံးအနေနဲ့ လူထုကို အသိပေးရမယ်။ ပညာပေးက အ ရေးကြီးတယ်။ ဝက်ဝံကို ချစ်လာ တော့မှ ဝက်ဝံကာကွယ်ရေးပေါ် လာမှာ။ ကျွန်တော်တို့ကတော့ ဒါ တွေ၊ ဒါတွေရှိနေတယ်ဆိုပြီး အစိုးရ ကို တင်ပြမယ်။ အစိုးရအနေနဲ့ ဆက်စပ်ပတ်သက်တဲ့ အဖွဲ့အစည်း တွေ ပူးပေါင်းပြီးတော့ ရပ်သွား အောင် အပြင်ထပ်မံတိုးချဲ့လို့မရ အောင် လုပ်ရမယ်။ ဒုတိယအချက် အနေနဲ့ သူတို့နဲ့ညှိနှိုင်းပြီး ဒါကိုရပ်ဖို့ အတွက် လုပ်ရမယ်။ လုပ်ငန်းစဉ် တွေကတော့ ကြာမယ်။ ချက်ချင်း ကြီးတော့ မရဘူး။ လောလောဆယ် ဒီဘက်က အကောင်တွေ ဟိုဘက် မရောက်အောင် အသိပညာပေး တာတွေ လုပ်ရမယ်။ ဥပဒေစိုးမိုး မှု အားကောင်းလာအောင်လုပ်ရ မယ်။ ဝက်ဝံတွေရဲ့ ကာကွယ်မှုအ ခြေအနေကို မြင့်တက်လာအောင် လုပ်ရမယ်။ ပြည်သူတွေကတော့ အရေးကြီးဆုံးပေါ့။

ပြီးခဲ့တဲ့ အောက်တိုဘာက ဝက်ဝံ ထိန်းသိမ်းရေးအတွက် လားရှိုးမှာ ဥပဒေပြုရေး ဆွေးနွေးခဲ့တာရှိ တယ်။ ဒါက ဝက်ဝံတစ်ခုတည်း လား၊ တခြားအကောင်တွေကော ပါသေးလား။

ဝက်ဝံကို အဓိကထားတာ။ ဒီ စက်ရုံတွေ၊ ဝက်ဝံခြိမ်းခြောက်မှုတွေ ကို ဘယ်လိုလျှော့ချကြမလဲ နိုင်ငံ တော်အစိုးရအနေနဲ့ ဘယ်လိုလုပ် မလဲ၊ အစိုးရကို တင်ပြနိုင်ဖို့ Stake-holder တွေနဲ့ ဆွေးနွေးတာ၊ တွေ့ ရှိခဲ့တဲ့ အစီရင်ခံစာကိုလည်း တင်ပြ မယ်။

ဝက်ဝံထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောချင်တာရှိရင် ပြောပြ ပေးပါဦး။

ဝက်ဝံထိန်းသိမ်းရေးက ပြည် သူလူထုသိဖို့ အရေးကြီးတယ်။ ဒေသခံတွေရော၊ ပြည်သူလူထုရော ပူးပေါင်းပါဝင်နိုင်မှ ဝက်ဝံတင်မက ဘူး။ တခြားအကောင်တွေလည်း ကောင်ရေတိုးပြီး ရေရှည်တည်တံ့ မယ်။ ဇီဝမျိုးစုံမျိုးကွဲတွေရဲ့ တန်ဖိုး ကိုသိဖို့လိုတယ်။ ဒီကောင်ကို ပစ်သင့်လား၊ မပစ်သင့်လား။ မုဆိုး တွေကလည်း ဒီကောင်ရောင်းသင့် လား၊ မရောင်းသင့်လား စဉ်းစားရ မယ်။

ကျေးဇူးတင်ပါတယ်။