ဆန်လောကအတွက် သင်ခန်းစာ

ဆန်လောက ငွေကြေးလိမ်လည်မှုများကြောင့် အနာဂတ်ပြည်ပဆန်ဈေးကွက် အခိုင်အမာရရှိရေး ထိခိုက်မည်ကို ကုန်သည်များက စိုးရိမ်နေသည် (ဓာတ်ပုံ-စိုင်းဇော်)

လပိုင်းအတွင်း ရှစ်ဘီလီယံဝန်းကျင်ဖိုး ငွေကြေးလိမ်လည်မှုကြီးနှစ်ခု က အနာဂတ်ပြည်ပဆန်ဈေးကွက် အခိုင်အမာရရှိရေးကို ထိခိုက်လာ နိုင်ကြောင်း ဆန်စပါးကဏ္ဍမှ လုပ်ငန်းရှင်များ သုံးသပ်ပြောကြား သည်။

၂၀၁၇ စက်တင်ဘာ ၂၉ ရက်က ဘုရင့်နောင်ကုန်စည်ဒိုင်၌ ကြုံ တွေ့ခဲ့သော ကျပ်နှစ်ဘီလီယံခန့် ငွေကြေးလိမ်လည်မှုနှင့် ၂၀၁၈ ဇန်နဝါရီ ၅ ရက်တွင် ဖြစ်ပွားခဲ့ သော ကျပ် ၅ ဒသမ ၃ ဘီလီယံ ကျော် လိမ်လည်မှုနှစ်ခုက ဆန် လောကတွင် အင်အားကြီးငလျင် အဖြစ် လှုပ်ခတ်သွားခဲ့၏။

‘‘ဒါမျိုးတွေများလာရင် နိုင်ငံ တကာဈေးကွက်က မြန်မာကို ယုံ ကြည်မှုမဲ့လာနိုင်တယ်’’ဟု ပြည်ပ သို့ ဆန်တင်ပို့နေသည့် ဆန်စက် လုပ်ငန်းရှင် ဦးနေလင်းဇင်က ဖွင့် ဟသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ် မိုး စပါးဧက ၁၇ သန်း၊ နွေစပါး ဧက နှစ်သန်းကျော် စိုက်ပျိုးနေပြီး နှစ် စဉ်ဆန်ထုတ်လုပ်မှု တန်ချိန် ၁၄ သန်းခန့်ရှိသည်။ ပြည်တွင်းစားသုံး မှု ၁၁ သန်းခန့်ရှိခြင်းကြောင့် ပိုလျှံဆန်တန်ချိန် နှစ်သန်းမှ သုံးသန်း ခန့်ရှိသည်။ ဆန်စပါးသည်ပြည်ပ တင်ပို့နေသည့် လယ်ယာထွက် ကုန်သီးနှံများတွင် အလားအလာ အကောင်းဆုံးဖြစ်သည်။ ဆန်စပါးတင်ပို့ခြင်းမှ နှစ်စဉ်ကန်ဒေါ်လာ သန်း ၆၀၀ ကျော်ခန့်သာ ဝင်ငွေရရှိနေရာမှ ယခုနှစ်ကစ၍ ကန်ဒေါ်လာ တစ်ဘီလီယံအထိ ဝင်ငွေရရှိရန် ဆန်စပါးအသင်းချုပ်က မျှော် မှန်းထားသည်။

ပြည်ပဈေးကွက်သို့ ဆန်တင် ပို့ရောင်းချမှသာ နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေရရှိသကဲ့သို့ လယ် သမားများ ဝင်ငွေတိုးသည်။

ထို့ကြောင့် မြန်မာဆန် ပြည်ပဈေးကွက်ရရှိမှုသည် ကုန်သည် များအတွက်သာမက ကျေးလက် နေ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်သူ တောင်သူလယ်သမားအများစု ၏ အကျိုးအမြတ်အတွက် အဓိကကျနေသည်။ ထို့ကြောင့် ကုမ္ပဏီအချို့၏ ကြိုတင်ရောင်းချခြင်းမှ ငွေကြေး အရှုပ်အရှင်းလိမ်လည်မှု များနှင့်ဆက်စပ်၍ နိုင်ငံတကာဈေးကွက် ထိခိုက်လာမည်ကို ဆန်စပါးနှင့် ဆက်စပ်လုပ်ကိုင်သူ အားလုံးက စိုးရိမ်သည်။

ဆန်လောကတွင် ငွေကြေး အရှုပ်အရှင်း လိမ်လည်မှုများဖြစ် ဖြစ်လာခြင်းသည် ပြည်ပကုန်သည်များထံသို့ ကြိုတင်ရောင်းချထား ခြင်းများ၏ အကျိုးဆက်ကြောင့် ဖြစ်သည်ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောသည်။

ဆန်ကုန်သည်များသည် စပါးအသစ်ပေါ်ချိန်တွင် ရှိနိုင်သည့် ဈေးနှုန်းတစ်ခုကို မှန်းဆပြီး နိုင်ငံ ခြားကုန်သည်များထံ ကြိုတင် ရောင်းချသည်။ ၂၀၁၇ မိုးစပါး အသစ်ပေါ်ချိန်တွင် ပြည်တွင်းဆန် ဈေး ၂၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ရာ ပြည်ပဆန်တင်ပို့သည့် ဆန်ကုန် သည်အချို့အတွက် အကျပ်အ တည်းဖြစ်လာသည်။

ဆန် ကြိုတင်ဝယ်ယူထား သည့် ပြည်ပကုန်သည်များသည် မိုးစပါးပေါ်ချိန်တွင် မြန်မာနိုင်ငံမှ ဆန်တင်ရန် ရန်ကုန်ဆိပ်ကမ်းသို့ သင်္ဘောများစေလွှတ်သည်။ ဆိပ်ကမ်းသို့ သင်္ဘောများဆိုကပ်လာ ချိန်တွင် ကြိုတင်ရောင်းချထား သည့် ဆန်ကုန်သည်များက ဈေးကွက်အတွင်း ဆန်များကို အလု အယက် ဝယ်ယူသည်။

ကြိုတင်ရောင်းချထားသည့် ဆန်ကုန်သည်များ အလုအယက် ဝယ်ယူမှု၊ သင်္ဘောတင်ရန် ဆန် ဈေးများကို ဈေးကွက်ပေါက်ဈေး ထက် ပိုမိုပေး၍ ဝယ်ယူမှုတို့ ကြောင့် ပြည်ပသို့ ကြိုတင်ရောင်း ချထားသည့် ကုန်သည်များမှာ ငွေကြေး အကျပ်အတည်းများဖြစ် လာပြီး မရှင်းလင်းနိုင်ဘဲ ငွေတိမ်း ရှောင်လိမ်လည်မှုများ ဖြစ်လာ သည်။

ကြိုတင်ရောင်းချချိန်က ဆန် တစ်တန်လျှင် ကန် ၂၈၅  ဒေါ်လာခန့်ဖြင့်ရောင်းချပြီး သင်္ဘောတင် ချိန်တွင် ပြည်တွင်းဈေးကွက်၌ ဆန်တစ်တန်ဈေးနှုန်းက ဒေါ်လာ ၃၅၀ခန့်သို့ မြင့်တက်လာသည်။ ထို့အပြင် သင်္ဘောဆိုက်ကပ်ချိန်၌ ဆန်တင်ပေးရန် ပြည်တွင်းဈေးကွက်မှ ဈေးကွက်ပေါက်ဈေးထက်ပိုပေး ပြီး ဝယ်ယူရမှုကြောင့် ထပ်မံဆုံးရှုံးရခြင်းဖြစ်ကြောင်း ဦးအောင် သန်းဦးက ပြောသည်။

ပြည်ပသို့ ဆန်ကြိုတင် ရောင်းချမှုများကြောင့် ပထမဆုံး ငွေကြေး အရှုပ်အရှင်းနှင့် လိမ် လည်မှု ဖြစ်ပွားပြီးနောက် အဆိုပါ ပြဿနာများ ထပ်မံမဖြစ်ပွားစေ ရန် မြန်မာ့ဆန်လောကအတွက် သင့်တော်သော ဆန်စပါးမူဝါဒ တစ်ရပ် လိုအပ်နေပြီဖြစ်ကြောင်း 7Day News ဂျာနယ်က ၂၀၁၇ စက်တင်ဘာတွင် သတိပေးရေး သားခဲ့သည်။ ထိုသို့ သတိပေးရေး သားပြီး လေးလခန့်အကြာ ဆန် စပါးမူဝါဒ ပေါ်ထွက်လာခြင်းမရှိ သော်လည်း ငွေကြေးအရှုပ်အရှင်း ထပ်မံကြုံတွေ့ရခြင်းဖြစ်သည်။

‘‘ဆန်လုပ်ငန်းအတွေ့အကြုံ မရှိတဲ့သူတွေက အရှုံးဒဏ်အများ ကြီးခံရတဲ့ သဘောပဲ။ အတွေ့အ ကြုံရှိသူတွေက လက်ထဲမှာ ဆန် ၅၀၊ ၆၀ ရာခိုင်နှုန်းလောက်ရှိမှ ရောင်းတယ်’’ဟု ဦးအောင်သန်းဦး က ရှင်းပြသည်။

‘‘အန်တီတို့က ဘယ်လောက် မှ မြတ်တာမဟုတ်ဘူး။ တစ်အိတ် ကို ၁၀၀၊ ၂၀၀ ပဲမြတ်တာ။ ပေါက်ဈေးထက်ဈေးပိုပေးရင် သတိထား သင့်တယ်လို့ ပြောလို့ရသလို အန် တီတို့နီးစပ်မှုနည်းတော့ အဝေးက နေ မြင်နေရသူဆိုတော့ အခြေအ နေမကောင်းဘူးဆိုတာ မသိရဘူး’’ဟု ပြည်မြို့ ခိုင်ရွှေပွင့်ဆန်ပွဲရုံမှ ဒေါ်သန်းသန်းဌေးက ပြောသည်။

ဒေါ်သန်းသန်းဌေးသည် ၂၀၁၇ စက်တင်ဘာ ၂၉ ရက်တွင် ဖြစ်ပွားခဲ့သော ဘုရင့်နောင်မှ ပြည်ပဆန်တင်ပို့နေသည့် ကုန် သည်တစ်ဦး၏ ငွေကြေးလိမ်လည် မှုတွင် ဆန်အိတ် ၆၀၀၊ ကျပ်သိန်း ၁၂၀ အလိမ်ခံခဲ့ရသည်။

ငွေကြေးအရှုပ်အရှင်းလိမ် လည်မှုများက ပြည်ပဆန်တင်ပို့ သည့် လုပ်ငန်းရှင်များနှင့် ပြည် တွင်း ဆန်ကုန်သည်များအကြား ယုံကြည်မှု လျော့ကျလာပြီး လုပ် ငန်းလုပ်ကိုင်ရာတွင် အခက်အခဲ များ ဖြစ်ပေါ်စေကြောင်း ဆန်ကုန် သည်များက ဆိုသည်။ ငွေပေးငွေ ယူကိစ္စများတွင် ညှိနှိုင်းပြောဆိုရမှု များစွာ ပြုလုပ်နေရခြင်းက ပြည်ပ သို့ ဆန်တင်ပို့သူများအတွက် စိတ် ရှုပ်စရာဖြစ်သည်ဟု ဆိုသည်။

ပြည်ပတင်ပို့သူများက ဆန် ဝယ်ယူရာတွင် ယခင်က အကြွေး စနစ်ဖြင့် ဝယ်ယူနိုင်သော်လည်း စက်တင်ဘာ ငွေကြေးအရှုပ်အ ရှင်းကြောင့် ပြည်ပတင်ပို့ရန် ဆန် ဝယ်ယူရာ၌ သုံးရက်အတွင်း ငွေ ပေးချေရန် တောင်းဆိုလာကြောင်း ဘုရင့်နောင် ဆန်ကုန်သည်တစ်ဦး က ပြောသည်။

၂၀၁၇ သည် မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့ခဲ့သော သမိုင်းတစ်လျှောက်တွင် စံချိန်တင်တင်ပို့ နိုင်သော နှစ်တစ်နှစ်ဖြစ်ကြောင်း ကုန်သည်များက ဂုဏ်ယူခဲ့သည်။ ပြည်ပသို့ ဆန်တန်ချိန် နှစ်သန်း ကျော် သုံးသန်းခန့်အထိ တင်ပို့နိုင် ရန် မျှော်လင့်ထားပြီး ဘင်္ဂလား ဒေ့ရှ်၊ သီရိလင်္ကာကဲ့သို့ အာရှဆန် ဈေးကွက်များသာမက အာဖရိက၊ ဥရောပ ဆန်ဈေးကွက်များလည်း ရရှိခဲ့သည်။

ထိုကဲ့သို့ ဈေးကွက်အခွင့်အ လမ်းများ၊ အလားအလာကောင်း များ ရရှိချိန်တွင် ငွေကြေးအရှုပ်အ ရှင်းလိမ်လည်မှုများရှိလာခြင်း ကြောင့် နိုင်ငံတကာဆန်ကုန်သည် များက မြန်မာဆန်ကုန်သည်များ အပေါ် ယုံကြည်မှုကျဆင်းမည်ကို ဆန်လောကသားအချို့ စိုးရိမ်နေသည်။ လိမ်လည်မှုဖြစ်စဉ်များ ကြောင့် လက်ရှိရရှိထားသော နိုင်ငံတကာဆန်ဈေးကွက်များ ပျောက် ဆုံးနိုင်ကြောင်း ကုန်သည်အချို့က ခန့်မှန်းပြောကြားသည်။

‘‘အဓိက ကြိုရောင်းကြိုဝယ် လုပ်လို့ဖြစ်တာ။ ကြိုရောင်းကြို ဝယ်က ဈေးတက်ရင်လည်းထိ တယ်။ ဈေးကျရင်လည်း ထိတာ ပဲ’’ဟု မုံရွာမြို့မှ ပွဲရုံပိုင်ရှင် ဦးမျိုး ဆွေက ပြောသည်။

ရန်ကုန်ဆန်ဈေးကွက်တွင် လိမ်လည်မှုနှစ်ကြိမ် ဖြစ်လာခြင်း ကြောင့် ‘‘တတ်နိုင်သလောက် တော့ အကြွေးကို မရောင်းတော့ ဘူး’’ဟု ဆန်ကုန်သည် ကိုသိန်း ဇော်က သူ၏ ဆုံးဖြတ်ချက်ကို ပြောသည်။

ဇန်နဝါရီ ၅ ရက်တွင် ဖြစ်ပွား ခဲ့သော ASO ကုမ္ပဏီပိုင်ရှင် ဦးအောင်ဆွေဦး၏ ငွေကြေးလိမ် လည်မှုတွင် ကျပ်သိန်း ၁၀၀ ကျော် ဆုံးရှုံးခဲ့ရသည့် ကိုသိန်းဇော်က ဆန်လောက၏ အရောင်းအဝယ် ပုံစံကို ပြောင်းလဲရန် လိုနေပြီဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ကြိုတင် ရောင်းချမှုကြောင့် ငွေကြေးအရှုပ် အရှင်းနှင့် လိမ်လည်မှုများက ဆန် ကုန်သည်လောကတွင်သာမက ပဲကုန်သည်လောက၌ ရှိခဲ့ဖူးသည်။ ၂၀၀၉ က ကြုံတွေ့ခဲ့ရသည့် ကျပ် သန်း သောင်းချီငွေကြေးအရှုပ်အရှင်းများကြောင့် နိုင်ငံတကာသို့ ပဲတင်ပို့မှု အခက်အခဲများစွာ ဖြစ်ခဲ့ ဖူးကြောင်း ဘုရင့်နောင်မှ ပဲကုန်သည်တစ်ဦးက ပြောသည်။

ပဲလောကတွင် ငွေကြေးဆိုင် ရာ ပြဿနာများကို ဖြေရှင်းသည့် နည်းလမ်းတစ်ခုအဖြစ် ကုန်စည် ဒိုင်တွင် ၁၀ ရာခိုင်နှုန်း အာမခံ စနစ်ဖြင့် အရောင်းအဝယ်ပြုလုပ် ခြင်းစနစ် ပြောင်းလဲပြီးနောက် ပြဿနာအများစု ပြေလည်ခဲ့ ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်း အတွင်းရေး မှူး ဦးမင်းကိုဦးက ပြောသည်။

တွေ့ခဲ့ရသည့် ငွေကြေးလိမ် လည်မှု ဖြစ်စဉ်နှစ်ခုကြောင့် ဂုဏ် သိက္ခာနှင့် ငွေကြေးမလဲနိုင်သည့် စီးပွားရေးလုပ်ငန်းရှင်များ ဆန် လောကကို ထပ်မံဝင်လာရန် ကုန် သည်များက မျှော်လင့်နေသည်။

‘‘ယုံကြည်မှုနဲ့ လုပ်နေရတဲ့ နေရာမှာ လူကောင်းတွေများနေ ရင် လူဆိုးတွေ ဘယ်နေနိုင်မလဲ။ ဂုဏ်သိက္ခာတန်ဖိုးထားသူတွေ များများပါလာဖို့လိုနေတယ်’’ဟု ပြည်ပသို့ ဆန်တင်ပို့နေသည့် ဆန် ကုန်သည် ဦးမျိုးသူရအေးက သူ ၏အမြင်ကို ပြောသည်။

လွတ်လပ်သည့် ဈေးကွက် စီးပွားရေးစနစ်တွင် အရောင်း၊ အ ဝယ်လုပ်ငန်းများကို ထိန်းချုပ်မရ သော်လည်း စည်မျဉ်း၊ စည်းကမ်း များ ချမှတ်ဆောင်ရွက်နိုင်ကြောင်း ဆန်ကုန်သည်များက ပြောသည်။ စက်တင်ဘာ ငွေကြေးအရှုပ်အ ရှင်း လိမ်လည်မှုအပြီးတွင် ဆန် လက်ဝယ်ရှိသူများကိုသာ ပို့ကုန်လိုင်စင်ထုတ်ပေးရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို မြန်မာနိုင်ငံ ဆန်စပါးကုန် သည်အသင်းက အကြံပြုတင်ပြခဲ့ သည်။

မြန်မာဆန်ဈေးကွက်တွင် အ ရောင်းအဝယ်ပြုလုပ်ခြင်းက အ ကြွေးစနစ်ဖြင့် ကျင့်သားရနေချိန် တွင် ပြည်ပတင်ပို့သူများကို ဆန် ရောင်းချရာ၌ သက်တမ်းရင့်ပြီး ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူသူများကိုသာ ရွေးချယ်ရောင်း ချသင့်ကြောင်း ဆန်ကုန်သည် အချို့က ပြောသည်။

ထို့အပြင် ဆန် ပြည်ပတင်ပို့ သူများကို ဆန်ရောင်းချရာတွင် သုံးရက်အတွင်း ငွေချေနိုင်မည့် စနစ် မျိုးဖြင့် ရောင်းချသင့်ကြောင်း ကိုယ် တိုင်အလိမ်ခံခဲ့ရသော ကိုသိန်းဇော်က အကြံပြုလေသည်။