ဖိုက်တင်းပါ ဆရာကြည်

ဓာတ်ပုံ − စိုင်းဇော်

ပြည်ပထွက်ကစားပြီး အောင်မြင်မှုရနေသည့် လက်ရွေးစင်ဘောလုံးသမားတစ်ဦး ပြည်တွင်းပြန်ရောက်သည့်အခါ ရန်ကုန်မြို့တော်ဝန်သည် သူ၏ ဘောလုံးအသင်းသို့ လာကစားရန် ကစားသမားအိမ်အထိ သွားရောက်ညှိနှိုင်းစေခဲ့သည်။

မခေါ်ဘဲလာသည့် ဧည့်သည် များကြောင့် ဦးကြည်လွင်တစ် ယောက် မြို့တော်စည်ပင်နှင့် လွန်ခဲ့သော ၂၅ နှစ်က ရေစက်ဆုံခဲ့သည်။

‘‘၁၉၉၃ မှာ ကျွန်တော်က အသင်းလွတ်နေတယ်။ မြို့တော် ဝန်ကြီးဦးကိုလေးနဲ့ တွဲဖက်ကြီး ဦးကျော်ဝင်းတို့ကနေပြီး ကြည် လွင်လွတ်နေတယ်။ ညှိကြည့်ပါ လားဆိုပြီး ကျွန်တော့်ကို အိမ်တိုင် ရာရောက်ပဲ လာခေါ်တာ။ ကျွန် တော်က အလုပ်သွားလျှောက်တာ မဟုတ်ဘူး’’ဟု ဦးကြည်လွင်က လွန်ခဲ့သော ၂၅ နှစ်က အတိတ် ကို ပြန်တူးဆွသည်။

သို့သော်မြို့တော်စည်ပင်နှင့် ရေစက်ကုန်စေမည့် စာတစ်စောင် ဦးကြည်လွင်အိမ်သို့ နှစ်သစ်ကူး တွင် ရောက်လာသည်။

 စည်းကမ်းအရ လစာမဲ့ခွင့် ငါးနှစ်သက်တမ်းပြည့်သဖြင့် ဝန်ထမ်းအဖြစ်မှ အလိုအလျှောက် ရပ်စဲခံရကြောင်း အကြောင်းကြား စာရောက်လာခြင်းဖြစ်သည်။

 ‘‘ကျွန်တော်ကြိုးစားခဲ့သမျှ အလုပ်ပြုတ်ပါပြီ’’ဟု ဦးကြည်လွင် က ကင်ပွန်းတပ်သည်။

 သို့သော်ဘောလုံးနှင့် ပတ် သက်ပြီး နောင်တမရကြောင်း ဦးကြည်လွင်က ခိုင်ခိုင်မာမာဆို သည်။

ဦးကြည်လွင်ဝန်ထမ်းအဖြစ် မှ ရပ်စဲခံရသော သတင်း ကြောင့် မြန်မာဘောလုံးချစ်ပရိသတ်များ စိတ်နှလုံးညှိုးနွမ်းခဲ့ရသည်။

ဘဝတစ်လျှောက် ဘောလုံး လောကအတွက် မြှုပ်နှံခဲ့သူကြီး အတွက် စိတ်မကောင်းဖြစ်ကြ ခြင်းဖြစ်သည်။

‘‘ဘယ်လိုပဲဖြစ်ဖြစ် မြန်မာပြည်သူတွေနှင့် မြန်မာ ဘောလုံးပရိသတ်တွေရဲ့ ရင်ထဲမှာတော့ ဦးကြည်လွင်ကို နေရာတစ်နေရာ အပိုင်ပေးထားပြီး အသိအမှတ်ပြုပြီးသားမို့ ဖိုက်တင်းပါ ဆရာကြည် လို့ပဲ အားပေးပါရစေ’’ဟု ဦးကြည်လွင်၏အမာခံ ပရိသတ် Moe Khar Khar က ရေးသားအားပေးခဲ့သည်။

အသားညိုညို၊ အရပ်အ မောင်းကောင်းကောင်းနှင့် ကစား ပုံမာကျောသည့် တစ်ချိန်က မြန်မာဘောလုံးအသင်း အားကိုးရသည့် ကွင်းလယ်ဗိုလ်ချုပ် ဦးကြည်လွင် သည် သူ၏ ဘောလုံးသမားဘဝ ကို တပ်မတော်(ကြည်း)ဘောလုံး အသင်းက စတင်ခဲ့သည်။ စစ်မှူး ထမ်းဟောင်းတစ်ဦးဖြစ်သည့် ဦးဘတင်၏သား ဦးကြည်လွင် သည် စစ်သားဘဝကို လေးစား အားကျသည့် စိတ်ဖြင့် ၁၉၈၁ ၌ အခြေခံရဲဘော်သင်တန်းမှ တစ် ဆင့် သ.န.က (၄) တပ်ရင်းသို့ ဝင်ရောက်ခြင်းဖြစ်သည်။

ထိုစဉ်က အသက် (၁၉)နှစ် အရွယ် ဦးကြည်လွင်သည် ရန် ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဒိုင်း ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက် ကစားရင်း တပ်မတော် (ကြည်း) ဘောလုံးအသင်း၏ ကစားသမား အဖြစ် ရွေးချယ်ခံခဲ့ရသည်။ တပ် မတော်(ကြည်း)အသင်းတွင် ကိုး နှစ်ခန့် ဘောလုံးကစား၍ တပ် မတော်သားဘောလုံးသမားဘဝ ဖြင့် တိုင်းပြည်တာဝန်ကို ကျရာ ထမ်းဆောင်ရင်း နိုင်ငံတော်စစ်မှု ထမ်းတံဆိပ်၊ ပြည်သူ့စစ်တိုက်ပွဲ ဝင်တံဆိပ်၊ နိုင်ငံတော်အေးချမ်း သာယာရေးတံဆိပ်၊ မိုင်းယန်း/ မဲသဝေါတိုက်ပွဲဝင်တံဆိပ်စသည့် ဘွဲထူးများ ရရှိခဲ့ကြောင်း ဦးကြည် လွင်က ၎င်း၏ တပ်မတော်ထွက် ခွင့်လက်မှတ်စာအုပ်အဟောင်း လေးကို ထုတ်ပြခဲ့သည်။

‘‘ကျွန်တော်တို့တုန်းက တပ် မတော်သားအနေနဲ့ ဘောလုံး ကစားရတာပါ။ ဒါပေမဲ့ ဒါကို စစ်ဆင်ရေးတစ်ခုလို အောင်မြင် ဖို့ ကြိုးစားကစားခဲ့တာပါ။ စစ်ဆင်

ရေးတစ်ခုအောင်မြင်တိုင်း ရာထူး ဆင့်ကဲ၊ ဆင့်ကဲတိုးတာမျိုးနဲ့လည်း ချီးမြှင့်ခံရဖူးပါတယ်’’ဟု ၎င်း၏ တပ်မတော်သား ဘောလုံးသမား ဘဝကို ပြန်ပြောင်းပြောပြသည်။

၁၉၉၀ ၌ တပ်မတော်တွင် ငါးနှစ်ကျော် တပ်မတော်တာဝန် ထမ်းဆောင်ရင်း တပ်ကြပ်တစ်ဦး ဖြစ်လာသည့် ဦးကြည်လွင်သည်ဗိုလ်သင်တန်းတက်ရောက်ခွင့်ရရှိခဲ့သည်။

ထိုကာလအတွင်း ဦးကြည် လွင်၏ ဘောလုံးသမားဘဝ အ ပြောင်းအလဲကြီးတစ်ခုဖြစ်လာစေ မည့် မလေးရှားနိုင်ငံ ပီရက်ဇ် ဘောလုံးကလပ်အသင်းက ကြေး စားဘောလုံးသမားအဖြစ် လာ ရောက်ကစားရန် ကမ်းလှမ်းခဲ့ သည်။

‘‘အဲဒီတုန်းက ကျွန်တော်က ဗိုလ်သင်တန်းကို တိုင်းအဆင့်အ ထိ အောင်နေပြီ။ တစ်ချိန်တည်းပဲ ပီရက်ဇ်အသင်းက လာကစားဖို့ ကမ်းလှမ်းခံရတယ်။ ကျွန်တော့် မှာ ရွေးချယ်ရ အရမ်းခက်နေတယ်။ ဒါပေမဲ့ ကျွန်တော်ရူးသွပ်ခဲ့တဲ့ ဘောလုံးသမားဘဝကိုပဲ ရွေးချယ် လိုက်တယ်။ ကျေးဇူးတင်ဖို့ ကောင်းတာက ကျွန်တော် ပြည်ပ ထွက်ကစားဖို့ ခွင့်တောင်းတဲ့အချိန် မှာ တပ်ရင်းမှူးတို့၊ စစ်ရေးချုပ်တို့ က ကြည်ကြည်ဖြူဖြူခွင့်ပြုခဲ့ တယ်။ အားပေးခဲ့တယ်’’ဟု ဦး ကြည်လွင်က ဆိုသည်။

တပ်မတော်သားဘဝမှ စွန့် ခွာကာ မလေးရှားကလပ် ပီရက်ဇ် အသင်းနှင့် တရုတ်ကလပ်အသင်း သို့ ကြေးစားကစားသမားအဖြစ် ၁၉၉၀ မှ ၁၉၉၂ အထိ ပြည်ပ ထွက်ကစားခဲ့သည့် မြန်မာဘော လုံးသမားတစ်ဦးဖြစ်လာသည်။

၁၉၉၃ တွင် ပြည်ပမှ မြန်မာ သို့ ပြန်လည်ရောက်ရှိလာသည့် ဦးကြည်လွင်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဘောလုံးအ သင်းက ကမ်းလှမ်းခဲ့သဖြင့် ပြောင်းရွှေ့ကစားခဲ့သည်။

၁၉၉၃ တွင် ဆုဖလားများနှင့် ဝေးကွာနေသည့် မြန်မာ့လက်ရွေး စင်အသင်းကို ဆီးဂိမ်းဗိုလ်လု ပွဲအဆင့်ထိ ရောက်အောင် စွမ်း ဆောင်ခဲ့သည့် အဓိကစားသမား တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။ ဗိုလ် လုပွဲတွင် ခါးသီးပြိုင်ဘက် ထိုင်းအအသင်းကို ချေပဂိုးတစ်ဂိုးသွင်းယူ နိုင်ခဲ့သော်လည်း ပွဲအပြီး၌ ၄-၃ ဂိုးဖြင့် ရှုံးနိမ့်ကာ မြန်မာအသင်း ငွေတံဆိပ်ဖြင့်သာ ကျေနပ်ခဲ့ရ သည်။

ထိုစဉ်က မြန်မာ့ဘောလုံးကို အောင်မြင်မှုမှတ်တိုင်တစ်ခု စိုက် ထူပေးခဲ့သည့် ဦးကြည်လွင်၊ ဦးမျိုး လှိုင်ဝင်း၊ ဦးသန်းတိုးအောင်၊ ဦး တင်မြင့်အောင် အစရှိသည့် ငွေ ခေတ်ဘောလုံးသမားများသည် ၁၉၉၅ ဆီးဂိမ်းတွင်လည်း ပရိသတ်ရင်ထဲရောက်အောင် အားကြိုးမာန်တက် ကစားပြနိုင်ခဲ့သည်။

အုပ်စုတွင်း အဆုံးအဖြတ် လာအိုနှင့်ပွဲစဉ်တွင် နောက်ဆုံး မိနစ်ရရှိသည့် မြန်မာအသင်းပင် နယ်တီကို ဦးကြည်လွင်က တည် တည်ငြိမ်ငြိမ်ကန်သွင်းပြကာ ပရိ သတ်များ၏ အချစ်တော်ကစားသ မား ဖြစ်လာခဲ့သည်။

‘‘အဲဒီပင်နယ်တီကန်တဲ့ အ ချိန် သူဘယ်လိုနေမလဲတော့မသိ ဘူး။ မြန်မာပရိသတ်တစ်ယောက် အနေနဲ့တော့ လုံးဝမကြည့်ရဲတော့ ဘူး။ အိမ်နားက နှလုံးရောဂါရှိတဲ့ ဦးလေးကြီးတစ်ယောက်ဆို အ မောဖောက်ပြီး ဆေးခန်းတောင် ပြေးခဲ့ရတယ်။ အဲဒီခေတ်က တည်းက မြန်မာလူမျိုးဆိုတာက ဘောလုံးကို အရူးအမူး အားပေးခဲ့ တာ။ ၁၉၉၃ ဆီးဂိမ်းမှာ ကြည်လွင် တို့ အောင်မြင်ခဲ့ပေမယ့် ရုပ်သံ မကြည့်ရဘူး။ ၁၉၉၅ ဆီးဂိမ်းမှ စကြည့်ရတော့ သူ့ကစားပုံတည် ငြိမ်တာကို အရမ်းသဘောကျခဲ့ တာ’’ ဟု မြန်မာဘောလုံး ပရိသတ် တစ်ဦးက ဦးကြည်လွင်နှင့်ပတ် သက်၍ ၎င်း၏အမြင်ကို ပြော သည်။

၁၉၈၇ မှ ၁၉၉၅ အထိ ၂ နှစ် တစ်ကြိမ် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲတွင် ခြောက်ကြိမ်တိုင် ကစားခဲ့ သည့် မြန်မာ့လက်ရွေးစင်ကမား သမား ဦးကြည်လွင်သည် ၁၉၉၇ တွင် ကစားသမားဘဝ အနားယူ ကာ ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး ဘောလုံးအသင်းကို ကစားသမား၊ နည်းပြအဖြစ် စတင် ဆောင်ရွက်ခဲ့သည်။ ၂၀၀၀ ပြည့် နှစ်တွင် နည်းပြလိုင်းသို့ ကူးပြောင်း ခဲ့ပြီး ထိုစဉ်ကလည်း အသက် (၁၈) နှစ်အောက် လူငယ်အသင်း၏ လက်ထောက်နည်းပြအဖြစ် တွဲ ဖက်ဆောင်ရွက်ပေးခဲ့သည်။

၂၀၀၉ ခုနှစ် မြန်မာနေရှင် နယ်လိဂ် စတင်ပေါ်ပေါက်လာချိန် ၌ အစိုးရဝန်ထမ်း ဘောလုံးသမား နှင့် နည်းပြများကို သက်ဆိုင်ရာ ဌာနများက ၂ နှစ်သွားရောက်က စားခွင့်ပေးခဲ့သည်။ ၂ နှစ်သက် တမ်းပြည့်သည့် ကာလတွင် အ သက်အရွယ်နှင့် ဝန်ထမ်းဘဝ အရည်အချင်းများကို ကြည့်ရှု၍ စည်ပင်ဌာနက ဦးကြည်လွင်ကို လစာမဲ့ခွင့်ဖြင့် ကစားခွင့်ပြုခဲ့ကြောင်း ၎င်းကဆိုသည်။

‘‘ကျွန်တော်က အသက်အ ရွယ်လည်း ရနေပြီ။ ရာထူးတစ်ခု လည်း ရှိနေပြီဆိုတော့ ပင်စင်လေး ရအောင်ဆိုပြီး မြို့တော်ဝန် ဦး အောင်သိန်းလင်း လက်ထက်က နေ ဦးလှမြင့်လက်ထက်အထိ ၂ နှစ်တစ်ကြိမ် လစာမဲ့ခွင့်လေးရ အောင်လို့ ကျွန်တော့်ကို ခွင့်ပြုပေး ခဲ့တယ်’’ ဟု ဦးကြည်လွင်က ရှင်း ပြသည်။

သို့သော် ဦးကြည်လွင်ကို ငါးနှစ်လစာမဲ့ခွင့် ခံစားပြီးဖြစ်၍ နိုင်ငံ့ ဝန်ထမ်းနည်းဥပဒေများအခန်း (၂)၊ ဝန်ထမ်းခန့်ထားခြင်းဆိုင်ရာ နည်းဥပဒေ ၁၂ အရ ဝန်ထမ်းအဖြစ်မှ အလိုအလျောက်ရပ်စဲကြောင်း စည်ပင်က ထုတ်ပြန်ခဲ့သည်။

‘‘ဒီစာရရချင်းကဆို ကျွန် တော်စာရွက်လေး တကိုင်ကိုင်နဲ့ ဘာလုပ်ရမှန်းမသိဘူး။ တကယ် စိတ်မကောင်းဖြစ်မိတယ်။ ကျွန် တော်က ဘဝတစ်လျှောက်လုံး ဘောလုံးနဲ့ပဲ မြှုပ်နှံခဲ့တော့ ဝန်ထမ်းဥပဒေကို နားမလည်ဘူး။ ခွင့်မ တိုင်ဘဲ သွားခဲ့တာမျိုးလည်းမရှိပါ ဘူး’’ ဟု ဦးကြည်လွင်က ယင်းဖြစ် ရပ်နှင့်ပတ်သက်ပြီး စိတ်မကောင်း စွာဖြင့် ဆိုသည်။

 ထုတ်ပြန်ချက်နှင့်ပတ်သက် ၍ စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူတစ်ဦးက ‘‘စည်းကမ်း အရ လစာမဲ့ခွင့် ငါးနှစ်သက်တမ်း ပြည့်သွားတဲ့အတွက် ဦးကြည်လွင်က ဝန်ထမ်းအဖြစ်က အလို အလျောက် ရပ်စဲခံရတာပါ။ လော လောဆယ်တော့ သူ့ဘက်ကအ သနားခံစာ ပြန်တင်တာမျိုးလည်း မရောက်သေးပါဘူး။ ရောက်ခဲ့ မယ်ဆိုရင်တော့ စည်ပင်ကော်မ တီဝင်များ အစည်းအဝေးမှာ တာဝန်ရှိသူတွေက ဆွေးနွေးပြီး ဆုံးဖြတ်သွားမှာပါ’’ ဟု ဆိုသည်။

 ဝန်ထမ်းဘဝတစ်လျှောက် ဘောလုံးသမားအဖြစ်သာ ဖြတ်သန်းခဲ့သည့် ဦးကြည်လွင်သည် ပြည်သူ့ဝန်ထမ်း တံဆိပ်၊ လူမှုထူးချွန်တံဆိပ်၊ မြန်မာနိုင်ငံ အမျိုးသား အိုလံပစ်ကော်မတီ၏ ဂုဏ်ပြုမှတ်တမ်းလွှာ၊ နိုင်ငံ့ဂုဏ် ဆောင် အားကစားသမား ဂုဏ်ထူး ဆောင်လက်မှတ် စသည်တို့ကို ရရှိခဲ့သည်။

တစ်ချိန်က မြန်မာ့ဘောလုံး ငွေခေတ်တွင် ဘောလုံးပရိသတ် ၏ အချစ်တော် ဘောလုံးသမား ဦး ကြည်လွင်သည် နည်းပြဘဝတွင် လည်း ၂၀၁၅ စင်ကာပူဆီးဂိမ်း၌ မြန်မာယူ-၂၃ အသင်းကို ငွေတံ ဆိပ်ရအောင် စွမ်းဆောင်ပေးနိုင် ခဲ့သည်။ လက်ရှိတွင်လည်း ဆီး ဂိမ်းပြိုင်ပွဲဝင် မြန်မာယူ-၂၁ ဘော လုံးအသင်း နည်းပြချုပ်အဖြစ် တာဝန်ယူဆောင်ရွက်နေကာ မြန် မာနေရှင်နယ်လိဂ်ကလပ် မကွေး အသင်းမန်နေဂျာအဖြစ် ဆောင် ရွက်နေသည်။

သူ၏ကစားဖော်ဟောင်းများ ကလည်း သူ့ဘဝကိုစာနာသည်။

‘‘ဘောလုံးနဲ့ဝန်ထမ်းဘဝကို ပဲ တွဲဖက်လုပ်ရတာက တကယ် တော့ မလွယ်ကူပါဘူး။ သူက နည်းပြပိုင်းဆိုတော့ ပိုအားစိုက်ရ ပါတယ်။ ဌာနနဲ့ သူနဲ့ကြား နား လည်မှုလွဲတာမျိုးပါ။ အဆင်ပြေဖို့ အားလုံးဝိုင်းကူညီပေးနေပါတယ်။

ဘောလုံးနဲ့ပဲ ဖြတ်သန်းခဲ့ တာဆိုပေမယ့်လည်း နိုင်ငံအ တွက် ကိုယ်နိုင်တဲ့ဘက်က ဂုဏ် ဆောင်နိုင်အောင် ကြိုးစားကြတဲ့ သူတွေချည်းပါပဲ’’ဟု မြန်မာ့လက် ရွေးစင်အသင်း အုပ်ချုပ်သူ ဦးသန်း တိုးအောင်ကပြောသည်။ သူသည် ရန်ကုန်တိုင်း လမ်းဦးစီးဌာနညွှန် ကြားရေးမှူးလည်းဖြစ်သည်။

ဝန်ထမ်းအဖြစ်မှ ရပ်စဲခံရ ခြင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မ တီထံသို့ လိပ်မူကာ ယခုရက်ပိုင်း အတွင်း အသနားခံစာတင်ရန် စီစဉ်ထားကြောင်း ဦးကြည်လွင်ကဆိုသည်။

‘‘ကျွန်တော်လုပ်ခဲ့တဲ့ သမိုင်း တစ်ခုအနေနဲ့ ပင်စင်လေးတော့ လိုချင်ပါတယ်။ ဘာကြောင့်လဲဆို တော့ ဒါက ကျွန်တော့်ဘဝရဲ့ ပုံ ရိပ်တစ်ခုပါ။ ကျွန်တော့်မိသားစု မှာ ပတ်ဝန်းကျင်ကမေးရင်ဘယ် လိုဖြေမလဲ။ ဒါလေးစဉ်းစားပေး စေချင်ပါတယ်။ တကယ်ဆို တိုင်း ပြည်တာဝန်တစ်ခုအနေနဲ့ ကစား ရတာပါ။ ဘောလုံးဆိုတာမျိုးက ဌာနအတွက်တောင် မဟုတ်ဘဲ တစ်နိုင်ငံလုံးအတွက် ကိုယ်စားပြု ကစားရတာမျိုးပါ။ ဒီအတွက် ကြောင့် ကျွန်တော်တို့လို ကစား သမားတွေ၊ နည်းပြတွေကို ပြန်ပြီး တော့ ဌာနအနေနဲ့ ကြည့်ရှုပေးစေ ချင်ပါတယ်’’ဟု ဦးကြည်လွင်က သူ၏ သဘောထားကို ပြောသည်။

ဦးကြည်လွင်သည် မခေါ်ဘဲ လာခဲ့သည့် ဧည့်သည်နှင့် ရေစက် ကုန်ချင်ပုံမရပေ။  သို့သော်သူ သည် ဘောလုံးကိုသာ ဘဝဟု ခံ ယူထားသည်။

‘‘ကျွန်တော်လုပ်နိုင်လောက် တဲ့ အသက်အရွယ်အထိ ဘောလုံးနဲ့ပဲ ဘဝကို ဖြတ်သန်းသွားမှာပါ’’

ဟု ဦးကြည်လွင်ကဆိုသည်။     ။