ပြင်သစ် ဟိုတယ်တစ်ခုတွင် ဒေါ်လာ ၅.၄ သန်းဖိုး လက်ဝတ်ရတနာများ ဖောက်ထွင်းခိုးယူခံရမှု ဖြစ်ပွား

ပြင်သစ်နိုင်ငံ၊ ပါရီမြို့လယ်ရှိ ဟိုတယ်တစ်ခုတွင် ဖောက်ထွင်းမှု ဖြစ်ပွားပြီး ဒေါ်လာ ၅.၄ သန်းဖိုး လက်ဝတ်ရတနာများ ခိုးယူ ခံခဲ့ရကြောင်း သိရသည်။

Ritzဟိုတယ်တွင် ဖွင့်လှစ်ထားသည့် ရတနာဆိုင်ကို ပုဆိန်များ ကိုင်ဆောင်ထားသည့် မသမာသူများက ဝင်ရောက်ပြီး ဖောက်ထွင်းမှု ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။ ဇန်နဝါရီ ၁၀ ရက် ညပိုင်းက ဖောက်ထွင်းမှု ကျူးလွန်သည့် သံသယ တရားခံ သုံးဦးကို အခင်းဖြစ်ရာ နေရာတွင်ပင် ဖမ်းမိခဲ့ကြောင်း ပါရီရဲတပ်ဖွဲ့က ဆိုသည်။ ကျန် နှစ်ဦးမှာမူ လွတ်မြောက်နေဆဲ ဖြစ်သည်။ ခိုးယူခံရသည့် ရတနာများ ပြန်ရထားခြင်း ရှိမရှိ ရဲများက တိတိကျကျ မထုတ်ပြန်သေးချေ။

ဖောက်ထွင်းမှုအတွင်း မည်သူ တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရခဲ့ခြင်း မရှိချေ။ မျက်မြင်တစ်ဦးက ဖောက်ထွင်းမှု ကျူးလွန်သူ တစ်ဦးသည် လမ်းကြောင်းမှားပြီး ရဲနှင့် သူနာပြုများ ရှိနေသည့်ဘက် တည့်တည့်သို့ ထွက်ပြေးမိရာမှ အဖမ်းခံရကြောင်း Twitterပေါ်တွင် ရေးသားထားခဲ့သည်။

ယခုဖြစ်စဉ်သည် ဥရောပရှိ လူသိထင်ရှားသော မြို့ကြီးတစ်ခုတွင် တစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် ရတနာ ဖောက်ထွင်းမှု ပေါ်ပေါက်လာခြင်းဟု သိရသည်။ ဇန်နဝါရီ ၃ ရက်ကလည်း အီတလီနိုင်ငံ၊ ဗင်းဆင့်မြို့ရှိ ပြပွဲတစ်ခုတွင် လက်ဝတ်ရတနာများ ဖောက်ထွင်းလုယက် ခံခဲ့ရသည်။

ဗင်းဆင့်ရဲတပ်ဖွဲ့က ကာတာ တော်ဝင်မိသားစု Collection ရတနာများ ပြသထားရာ ဒိုဂီနန်းတော်ထဲတွင် အနည်းဆုံး လူနှစ်ဦးက ယခုဖောက်ထွင်းမှုကို ကျူးလွန်ခဲ့ခြင်းဟု ခန့်မှန်းထားသည်။ အခိုးခံရသည့် ပစ္စည်းများမှာ နားကပ်တစ်စုံ၊ စိန်ပွင့်များအပြင် ရွှေနှင့် ပလက်တီနမ်တို့ စီခြယ်ထားသည့် ရင်ထိုးတစ်ခုတို့ ဖြစ်ကြောင်း သိရှိရသည်။

Ref: CNN