ပါကစ္စတန်တွင် မိန်းကလေးငယ်တစ်ဦး အသတ်ခံရမှုအတွက် ဆန္ဒပြရာမှာ ရဲများပစ်ခတ်သဖြင့် ၂ ဦးသေဆုံး

မိန်းကလေး၏ ဈာပန မြင်ကွင်း။

ပါကစ္စတန်တွင် ၇ နှစ်အရွယ် ကလေးမလေးတစ်ဦး အသတ်ခံရမှုအတွက် ဆန္ဒပြရာမှ ရဲတပ်ဖွဲ့နှင့် ပဋိပက္ခ ဖြစ်ပွားပြီး လူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ကာဆာမြို့တွင် ယခုသီတင်းပတ် အစောပိုင်းက အသက် ၇ နှစ်အရွယ် ဇိုင်နက်ဘ်၏ ရုပ်အလောင်းကို အမှိုက်စွန့်ပစ်သည့် ဧရိယာ တစ်ခုတွင် ရှာဖွေ တွေ့ရှိခဲ့သည်။ မိန်းကလေးငယ်မှာ ရက်ပိုင်းမျှ ပျောက်ဆုံးနေခဲ့ပြီးနောက် ယခုလို ပြန်လည် ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။

ဇိုင်နက်ဘ်သည် မုဒိမ်းကျင့်ကြံပြီး လည်ပင်းညှစ်သတ် ခံထားရခြင်းဟု ဒေသခံ မီဒီယာများက ဖော်ပြခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ ဒေသခံများက ရဲတပ်ဖွဲ့၏ ညံ့ဖျင်း အားနည်းမှုကို ဒေါသတကြီး ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။ ကာဆာမြို့တွင် လွန်ခဲ့သည့် ၂ နှစ်အတွင်း အလားတူ လူသတ်မှုမျိုး ၁၂ ကြိမ်မျှ ဖြစ်ပွားခဲ့ကြောင်း ရဲများက ဝန်ခံထားသည်။

ဇိုင်နက်ဘ် သေဆုံးမှုနှင့် ပတ်သက်၍ ဒေါသထွက်နေသော ဆန္ဒပြသူများက ကာဆာရှိ ရဲဌာန တစ်ခုကို အတင်းအဓမ္မ ဝင်ရောက်ရန် ကြိုးစားရာ ရဲများက တုံ့ပြန် ပစ်ခတ်သဖြင့် ၂ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဖြစ်ရပ်ကို သီးခြား စုံစမ်းမှုများ ပြုလုပ်နေသည်။

မုဒိမ်းကျင့် သတ်ဖြတ်မှုများအနက် ၅ ခုမှာ ဆက်စပ်မှု ရှိနိုင်ကြောင်း ရဲများက ဝန်ခံထားသည်။ ထို့ကြောင့် ဆက်တိုက်လူသတ်မှု ကျူးလွန်သည့် ဖြစ်စဉ်တစ်ခုသဖွယ် ရုပ်လုံးပေါ်လာသည်။ ရဲတပ်ဖွဲ့ဝင်များက မသင်္ကာသူ ၉၀ ခန့်ထံမှ DNA နမူနာများကို ရယူပြီး စတင် စစ်ဆေးနေကြောင်း ပြောကြားထားသည်။

ဇိုင်နက်ဘ် အသတ်ခံရမှုသည် ပါကစ္စတန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဒေါသထွက်စရာ ဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့၏ အရည်အသွေးအပေါ် ဝေဖန် မေးခွန်းထုတ်မှုများ ရှိလာသည်။ ကာဆာမြို့ ရဲတပ်ဖွဲ့သည် မှုခင်းများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးရန် ပျက်ကွက်ခဲ့ကြောင်း စွပ်စွဲမှုများလည်း ပြင်းထန်လာခဲ့သည်။

ဇိုင်နက်ဘ်သည် ကိုရန်ကျမ်းစာ ရွတ်ပွဲတစ်ခုသို့ သွားရောက်စဉ် လမ်းတွင် ပျောက်ဆုံးသွားခြင်း ဖြစ်သည်။ ရက်ပိုင်းအကြာ၌ သူမ၏ အလောင်းကို နေအိမ်နှင့် ၂ ကီလိုမီတာမျှ အကွာ အမှိုက်ကျင်းထဲတွင် ရှာတွေ့ခဲ့သည်။

ဇိုင်နက်ဘ်၏ မိသားစုက လူပျောက်တိုင်ကြားခဲ့သော်လည်း ရဲတပ်ဖွဲ့ အနေဖြင့် အရေးတယူ တုံ့ပြန် ဆောင်ရွက်မှု လုံးဝ မရှိခဲ့ဟု အခိုင်အမာ စွပ်စွဲ ပြောဆိုထားသည်။ ဇိုင်နက်ဘ် မပျောက်ဆုံးမီက သူမ လှုပ်ရှားသွားလာနေသည့် ဗီဒီယို မှတ်တမ်း အချို့ကို ပြန်လည် ရယူနိုင်ခဲ့သော်လည်း ယင်းသည် ရဲတပ်ဖွဲ့ကြောင့် မဟုတ်ဘဲ ဆွေမျိုးအချို့က ဝိုင်းဝန်းကူညီခဲ့၍ဟု မိသားစုများက ပြောကြားခဲ့သည်။

မှတ်တမ်းဗီဒီယို တစ်ခုတွင် မိန်းကလေးကို အမျိုးသား တစ်ဦးက လက်ဆွဲ ခေါ်ဆောင်သွားသည်ကို တွေ့မြင်နေရသည်။ “တကယ်လို့ ရဲတွေကသာ မြန်မြန်ဆန်ဆန် တုံ့ပြန် ဆောင်ရွက်ခဲ့မယ်ဆိုရင် တရားခံကို ဖမ်းမိနိုင်မှာပါ”ဟု ဇိုင်နက်ဘ်၏ ဖခင်က ဝေဖန်ခဲ့သည်။

ကာဆာမြို့ ရဲတပ်ဖွဲ့က အဆိုပါ ဖြစ်စဉ်မျိုးသည် ပျမ်းမျှအားဖြင့် အချိန်တစ်လကျော်တိုင်း တစ်ကြိမ်မျှ ကြုံနေရကြောင်း ဆိုသည်။ ပြီးခဲ့သည့် လကလည်း ကာဆာ မြို့တော်ခန်းမ အနီးတွင် အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသော်လည်း ထွက်ပြေး လွတ်မြောက်လာနိုင်ခဲ့သည်။ သို့သော် သနားစရာ မိန်းကလေးမှာ သူမကြုံခဲ့သည့် ချောက်ချားစရာ အတွေ့အကြုံကြောင့် ပြင်းပြင်းထန်ထန် စိတ်ဒဏ်ရာ ရခဲ့ကြောင်း သိရှိရသည်။

Ref: Dawn