မြောက်ကိုရီးယားနှင့် ဆွေးနွေးရန် လမ်းဖွင့်ပေးထားဆဲဟု ထရမ့်ဆို

မြောက်ကိုရီးယားနှင့် ဆွေးနွေးရန် အမေရိကန်ဘက်က အမြဲတမ်း လမ်းဖွင့်ထားဆဲဖြစ်ကြောင်း သမ္မတ ဒေါ်နယ်လ် ထရမ့်က ပြောကြားလိုက်သည်။

တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းနှင့် ဖုန်းဆက် ဆွေးနွေးချိန်၌ ထရမ့်က သင့်တင့်လျောက်ပတ်သော အခြေအနေ၊ အချိန်ကာလမျိုးတွင် အမေရိကန်သည် မြောက်ကိုရီးယားနှင့် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု ထရမ့်က ကတိပြုခဲ့ခြင်း ဖြစ်သည်။

သမ္မတ နှစ်ဦး ဖုန်းဆက် ဆွေးနွေးမှုကို အိမ်ဖြူတော်က အတည်ပြု ထုတ်ပြန်ခဲ့ပြီး ထရမ့်သည် မြောက်ကိုရီးယားနှင့် ဆွေးနွေးမှု ကိစ္စကို လမ်းဖွင့်ထားသလို တစ်ချိန်တည်းတွင် မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် ဖျက်သိမ်းရေးအတွက် အပြင်းထန်ဆုံး ဖိအားပေးမှုများ လိုအပ်သည်ကို တောင်ကိုရီးယား သမ္မတထံ ထပ်မံ တိုက်တွန်း အကြံပြုခဲ့ကြောင်းလည်း ဖော်ပြခဲ့သည်။

ထရမ့်သည် မြောက်ကိုရီးယား အရေးနှင့် ပတ်သက်၍ ကိုင်တွယ်ရာတွင် ဆက်ဆံရေး ပိုမို နွေးထွေးစေရန် တဖြည်းဖြည်းနှင့် သတိကြီးကြီး ပြောင်းလဲ ချဉ်းကပ်လာသည်ဟု ယူဆရသည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင်လည်း ထရမ့်က သင့်တင့်သည့် အခြေအနေ တစ်ရပ်တွင် မိမိသည် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် ဆွေးနွေးရန် တွန့်ဆုတ်နေမည် မဟုတ်ဟု သတင်းထောက်များထံ မှတ်ချက် ပေးခဲ့ဖူးသည်။

သို့သော်လည်း ကင်မ်အနေဖြင့် အမေရိကန်က မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် ရည်မှန်းချက်များကို အလျှော့မပေးတမ်း ဆန့်ကျင်နေမည် ဆိုခြင်းကို အလေးအနက် သဘောပေါက်ထားရန် လိုကြောင်း ထရမ့်က သတိပေးခဲ့သည်။

လတ်တလောတွင် တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံသည် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲတွင် အတူပါဝင် ယှဉ်ပြိုင်ရေး ကိစ္စကို အခြေပြု၍ ဆွေးနွေးရင်း နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးတက်စေရန် ညှိနှိုင်းမှုများ ပြုလုပ်သွားရေး အတွက်လည်း မူအားဖြင့် သဘောတူညီထားသည်။ အိုလံပစ် ပြိုင်ပွဲ ကျင်းပနေစဉ် အတောအတွင်း အမေရိကန်ကလည်း တောင်ကိုရီးယားနှင့် ပူးပေါင်း၍ စစ်ရေးလေ့ကျင့်သည့် အစီအစဉ်များကို ရပ်ဆိုင်းထားရန် သဘောတူခဲ့ကြောင်း သိရသည်။

Ref: Reuters