လရောင်ဖြာတဲ့ အင်းလေးမှာ

ဒီနေ့ရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍမှာတော့ အင်းလေးဒေသကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဘဝသရုပ်ဖော် ဇာတ်ကားလေးကို ညွှန်းပေးလိုက်ပါတယ်။

စိုင်းဝဏ္ဏနှင့် နန်းခမ်းကြာညို သွယ်တို့က အရမ်းချစ်တဲ့မောင်နှမတွေပါ။ စိုင်းဝဏ္ဏက သူ့ညီမကို အရမ်းချစ်ပြီးညီမအတွက်ဆိုရင်ဘာပဲဖြစ်ဖြစ် ရင်ဆိုင်မယ်ဆိုတဲ့ အစ်ကိုမျိုးပါ။ သူတို့မိသားစုမှာ အဆင်မပြေမှုတွေရှိတာကြောင့်ငယ်ငယ်ကတည်းကညီမလေးအတွက် ကျောင်းထွက်ပြီးအလုပ်လုပ်ခဲ့သူပါ။ နန်းခမ်းကြာညိုသွယ်က ဂီတကို ဝါသနာပါသူပါ။ သူကသီချင်းဆိုလည်း ကောင်းပါတယ်။

တစ်ရက်မှာတော့ သူတို့နေထိုင်တဲ့ရွာနားကို မင်းနောင်ရိုး ဆိုတဲ့သူ တစ်ယောက်ရောက် လာခဲ့ပါတယ်။ မင်းနောင်ရိုးတို့ ပြောင်းလာတဲ့အိမ်က သူတို့ရွာကလူတွေ သွားလေ့သွားထမရှိတဲ့ အိမ်မည်းကြီးပါ။ နောက်ပြီး မင်းနောင်ရိုးနဲ့အတူပါလာတဲ့ လူကြီးက ခါးကုန်းကုန်းနဲ့ မျက်နှာမှာလည်း အမာရွတ်တွေရှိသလို ရွာသားတွေနဲ့တွေ့ရင် စကားမပြော ချင်သလိုနေတာကြောင့် ဘယ်သူကမှ အပေါင်းအ သင်းမလုပ်ကြ ပါဘူး။

တစ်ရက်မှာတော့ ဂီတဝါသနာပါတဲ့ နန်းခမ်းကြာညို သွယ် သီချင်းဆိုသံ ကြားခဲ့ပါတယ်။ သူကြားတာကအခြားတော့မဟုတ်ပါဘူး။ မင်းနောင်ရိုးသီချင်းဆိုနေတာကို ကြားခဲ့တာပါ။ အဲဒါကြောင့် အသံလာတဲ့ဆီကို လှေနဲ့ ထွက်လာချိန်မှာတော့ ဘယ်သူမှမရှိခဲ့ပါဘူး။ မင်းနောင်ရိုးနဲ့ နန်းခမ်းကြာညိုသွယ်တို့ကအဲဒီလိုအလွဲတွေ ရှိခဲ့ပေမယ့် နန်းခမ်းကြာညိုသွယ်ရဲ့ အဒေါ်အက်ဆီးဒင့်ဖြစ်တာကြောင့် လိုအပ် တဲ့ သွေးကို မင်းနောင်ရိုးက ကူညီခဲ့ပါတယ်။ အဲဒီအကြောင်းကြောင့် သူတို့နှစ်ယောက်ကြားမှာရင်းနှီးမှုတွေရလာခဲ့ ပါတယ်။

အဲဒီအချိန်မှာပဲ လပြည့်ည တစ်ညမှာ အဲဒီရွာသားတစ်ဦးကို မကောင်းဆိုးဝါးတစ်ကောင်က ရက်ရက်စက်စက်သတ်သွား ခဲ့ပါတယ်။ အဲဒီလို အဖြစ်အပျက်ကနောက်တစ်ခါ လပြည့်ညမှာလည်း ထပ်ပြီးကြုံခဲ့ရပါတယ်။ ဒီတစ်ကြိမ်မှာတော့ အသက်ဘေးကလွတ်မြောက်အောင် ထွက်ပြေးလာနိုင်ခဲ့တာကြောင့် မကောင်းဆိုးဝါးအကြောင်းက သူတို့ရွာထဲမှာ ပျံ့နှံ့နေခဲ့ပါတယ်။

မင်းနောင်ရိုးက ကိုယ်ပိုင်စီးရီးထုတ်ဖို့ကြိုးစားနေတဲ့သူပါ။ နန်းခမ်းကြာညိုသွယ်ကလည်း ဂီတကို ဝါသနာပါသူဖြစ်တာကြောင့် သူတို့နှစ်ယောက် အချိန်တိုလေးအတွင်းမှာ ပိုမိုရင်းနှီးမှုတွေရလာခဲ့ပါတယ်။ မင်းနောင် ရိုးက နန်းခမ်းကြာညိုသွယ်ကို ချစ်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ အုပ်ထိန်းသူကို ကတိပေးထားတာကြောင့် ဖွင့်မပြောခဲ့ပါဘူး။လပြည့်ညတိုင်း ကြုံနေရတဲ့ မကောင်းဆိုးဝါးကြီးက ဘယ်သူလဲ။ ဘာကြောင့် သူက လူတွေ လိုက်သတ်နေတာလဲ။ မင်းနောင်ရိုးက နန်းခမ်းကြာညိုသွယ်ကို ဘာကြောင့်ဖွင့်မပြောတာလဲ။ဘယ်လိုဇာတ်လမ်းတွေဆက်ဖြစ်ဦးမလဲဆိုတာကိုတော့ ဇန်နဝါရီ ၅ ရက်ကနေစတင်ပြီး ရန်ကုန်၊ မန္တလေးအပါအဝင် နယ်မြို့ တွေမှာ တစ်ပြိုင်တည်း ရုံတင်ပြသမယ့် လရောင်ဖြာတဲ့ အင်းလေးမှာ ဇာတ်ကားမှာ ဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ မင်းနောင်ရိုးအဖြစ် နေတိုး၊ စိုင်းဝဏ္ဏအဖြစ်ဝါဇင်၊ နန်းခမ်းကြာညိုသွယ်အဖြစ် ဝတ်မှုံရွှေရည်တို့ ပါဝင်သရုပ်ဆောင်ထားပြီး မင်းခိုက်စိုးစံနဲ့ ထက်မြက်နိုင်ဇင်တို့ရဲ့ဇာတ်လမ်းကို ဝါဝါဝင်းရွှေက အနုပညာအကြံပေးအနေနဲ့ ဆောင်ရွက်ကာဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်က ရိုက်ကူးပုံဖော်ထားပါတယ်။