၂၀၁၇၏သတင်းလူသားများ

၂၀၁၇ ကို အသက်ဝင်စေခဲ့သော သတင်းလူသားများစွာအနက် ဒေါ်အောင်ဆန်းစုကြည်က  ထုံးစံအတိုင်း ဦးဆောင်နေသည်။ သူ၏နောက်တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရှိနေပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တတိယနေရာတွင် ရှိနေသည်။ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ လှုပ်ခတ်ခဲ့သော နှစ်တစ်နှစ်ဖြစ်သဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာကိုဖီအာနန်နှင့် လူကယ်ပြန်ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့သည်လည်း သတင်းလူသားများဖြစ်ကြသည်။ အားကစားလောကတွင် အောင်လအန်ဆန်နှင့် အနုပညာလောက၌ မအေးသောင်းတို့က သတင်းလူသားများဖြစ်ခဲ့သည်။ ဆန်ခါတင်စာရင်းတွင်မူ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီး၊ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုနှင့် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူတို့ ပါဝင်ခဲ့သည်။ (သတင်းလူသားအဖြစ် ရွေးချယ်ရာတွင် အဆိုပါပုဂ္ဂိုလ်များ၏ လုပ်ဆောင်ချက်ကောင်းခြင်း၊ ဆိုးခြင်း၊ သဘောတူခြင်း၊ မတူခြင်းများအပေါ် အခြေမခံဘဲ ၎င်းတို့၏လုပ်ရပ်များသည်  တစ်နှစ်တာပတ်လုံး သတင်းဖြစ်ခဲ့ပြီး  လွှမ်းမိုးမှုရှိခြင်းအပေါ် အခြေခံ၍ နယ်ပယ်စုံမှ ပညာရှင်များ၊ နိုင်ငံရေးလေ့လာသူများနှင့် 7Day News အယ်ဒီတာအဖွဲ့ဝင်များ၏ မဲပေးမှုဖြင့် ရွေးချယ်ခြင်းဖြစ်သည်။)

ဒေါ်အောင်ဆန်းစုကြည် (နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်)


သတင်းလူသားအဖြစ် ထိပ်ဆုံးတွင်နှစ်စဉ်နေရာယူထားသည့် ဒေါ်အောင်ဆန်းစုကြည်သည် ယခုနှစ်စစ်တမ်းတွင်လည်း အစဉ်အလာကို ဆက်ထိန်းထားခဲ့သည်။ ကာလရှည် ထောက်ခံခဲ့သည့်အ နောက်အုပ်စုက ရခိုင်ပြည်နယ်အရေးတွင် အပြင်းအထန်ဖိအားပေးခဲ့သော်လည်း ပြည်တွင်း၌ သူ့အပေါ် ထောက်ခံမှုက ကျဆင်းမသွားခဲ့ပေ။ ကုလသမဂ္ဂအပါအဝင် ပြည်ပက မြန်မာနိုင်ငံအပေါ် မကြုံစဖူး ဖိအားပေးခဲ့သည့်အပေါ် တည်ငြိမ်စွာ ရင်ဆိုင်ကာ လုပ်သင့်သည်များကို တစ်ဆင့်ချင်းလုပ်ဆောင်နေခြင်းက ယခုနှစ်အတွင်း သူ၏ထင်ရှားသောလုပ်ရပ်ဖြစ်သည်။ ယခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး ၂၁ ရာစုပင်လုံအပါအဝင် ငြိမ်းချမ်းရေးစကားဝိုင်းများ ပြုလုပ်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ခေတ်မီတပ်မတော် တည်ဆောက်နေသူဟု ထောက်ခံသူများက ဆိုသလို၊  တစ်ဖက်တွင်လည်း လက်နက်ကိုင်ပဋိပက္ခ များရှိနေသေးသည့်အပေါ် ဝေဖန်မှုအချို့လည်းရှိသည်။ မြန်မာနိုင်ငံတွင် အစိုးရနှစ်ရပ်ရှိနေကြောင်း ထောက်ပြခံရခြင်းများ ရှိနေသည်။ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၁၇ တွင် ခပ်စိပ်စိပ်သွားခဲ့သည့် ပြည်ပခရီးစဉ်များနှင့်လှုပ်ရှားမှုများကို ၎င်း၏တရားဝင်လူမှု ကွန်ရက်စာမျက်နှာတွင် အချိန်နှင့်တစ်ပြေးညီ ဖော်ပြခဲ့သည်။ အာဇာနည်ဗိမာန်သို့ နှစ်စဉ်တက်ရောက် ဂါရဝပြုခြင်း၊ MMA ပြိုင်ပွဲ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကချင်တိုင်းရင်းသား အောင်လအန်ဆန်ကို ဂုဏ်ပြုခြင်းတို့က ယခင်တပ်ချုပ်များနှင့် ခြားနားသော ၎င်း၏ Public Relation ကောင်းမွန်စေရန် အားထုတ်မှုကိုဖော်ပြသည်။

ဦးဖြိုးမင်းသိန်း (ရန်ကုန်တိုင်းဝန်ကြီးချုပ်)

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်သည့် ပထမနှစ်ကပင် ပွဲဆူစေခဲ့ သောဝန်ကြီးချုပ်သည် ယခုနှစ်တွင်လည်း သတင်းလူသားဖြစ်လာပြန်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ပရိုတိုကောအရ ညွှန်ကြားရေးမှူးချုပ်အဆင့်ဟု ပြောကြားခဲ့မှုက ပွက်လောရိုက်ခဲ့ပြီး ရာထူးမှနုတ်ထွက်ပေးရန်အထိပင် တောင်းဆိုမှုများရှိခဲ့သည်။ နှစ်ပေါင်း ၅၀ ကျော်သက်တမ်းရှိ မထသယာဉ်လိုင်း စနစ်ကိုဖျက်သိမ်းပြီး YBS စနစ်ကို အတင်းပြောင်းယူမှုက ယခုနှစ်အတွင်း ဝန်ကြီးချုပ်၏ အထင်ရှားဆုံးအပြောင်းအလဲ ဖြစ်ခဲ့သည်။ ထို့အပြင် Water Bus စနစ်ကိုလည်း မိတ်ဆက်ခဲ့သည်။ ဝန်ကြီးချုပ်သည် ဒီချုပ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင်လည်း ပါဝင်နေသည်။

အောင်လအန်ဆန် (MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ)

မြန်မာ့စပါးအုံးအဖြစ် တင်စားခြင်းခံရသော အောင်လအန်ဆန်သည် MMA ပြိုင်ပွဲ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဖြစ်လာသည့်အခါ ယခုနှစ်၏သတင်းလူသားအဖြစ် အငြင်းပွားဖွယ်ရာမရှိသူဖြစ်လာသည်။ အထိုးအသတ်နှစ်ခြိုက်သော အမျိုးသားထု၏ အားပေးမှုသာမက နှုတ်ခမ်းနီမလေးများ၏ အသည်းစွဲဖြစ်လာသော အောင်လအန်ဆန်သည် နိုင်ငံရေးသမားသာ ကြီးစိုးလေ့ရှိ သောသတင်းလူသားနေရာကို ပခုံးချင်းယှဉ်နိုင်ခဲ့သည့် အားက စားသမားလည်း ဖြစ်သည်။ အောင်လအန်ဆန်က ၎င်း၏ချန်ပီယံလုပွဲကို အားပေးစဉ် လဲကျသေဆုံးခဲ့သူ၏ နာရေးအိမ်သို့ သွားရောက်အားပေးခဲ့ခြင်းက ပရိသတ်၏ မေတ္တာကို ပိုမိုရရှိခဲ့သည်။

မအေးသောင်း (သရုပ်ဆောင်)

မြန်မာဝတ်စုံများဖြင့် လှပကြော့ရှင်းနေသည့် မအေးသောင်းသည် ပုရိသများကို ဖမ်းစားနိုင်ရုံ သာမက မိန်းမသားအချင်းချင်းပင် ငေးရသူအဖြစ် စန်းထခဲ့သည်။ အနုပညာလောကတွင် သရုပ် ဆောင် အေးဝတ်ရည်သောင်းအဖြစ် ရရှိခဲ့သည့် ပရိသတ်အားပေးမှုနှင့် ခြားနားစွာပင် ဖေ့စ်ဘွတ်ခ်ဆယ်လီ မအေးသောင်းအဖြစ် ပရိသတ်၏အုန်းအုန်းကျွက်ကျွက် အားပေးမှုကို ရရှိခဲ့သူဖြစ်သည်။ အနုပညာလောကအတွက် ၂၀၁၇ သတင်းလူသားနေရာတွင် တစ်ကျော့ပြန် မအေးသောင်းကို ယှဉ်နိုင်သူမရှိခဲ့ပေ။

ဒေါက်တာဝင်းမြတ်အေး (ပြည်ထောင်စုဝန်ကြီး)

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ ဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်ပြန်လည်ထူထောင်ရေးတွင် အရေးပါသူဖြစ်လာ သည်။ နိုင်ငံတကာက ဖိအားပေးစောင့်ကြည့်နေသည့် အကဲဆတ် လှသော ရခိုင်ပြည်နယ်အရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည်စွာ တာဝန်ပေးအပ်ခံရမှုက ဒေါက်တာဝင်းမြတ်အေး၏ အခန်း ကဏ္ဍကို ထင်ရှားစေသည်။ အစိုးရအဖွဲ့တွင် ပြည်သူလူထုကအားမရခဲ့သည့် ဝန်ကြီးအချို့ရှိသော်လည်း ဒေါက်တာဝင်းမြတ်အေး မပါဝင် ခဲ့ပေ။ ရခိုင်ပြည်နယ်အရေး မတိုင် မီ ဖြစ်ပွားခဲ့သော ရေဘေးအပါအ ဝင် သဘာဝဘေးအန္တရာယ်သင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးကို နိုင်နင်းစွာ စီမံခန့်ခွဲနိုင်ခဲ့သူလည်း ဖြစ်သည်။ လူကယ်ပြန်ဝန်ကြီးဌာနသည် သူ၏လက်ထက်တွင် ပိုမိုအသက်ဝင်လာကြောင်း ဝန်ကြီးကို ထောက်ခံသူများက မှတ်ချက်ပြုသည်။

ဒေါက်တာကိုဖီအာနန် (ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ)

၂၀၁၆ ၏ သတင်းလူသားဖြစ်ခဲ့သူ ဒေါက်တာကိုဖီအာနန်သည် ၎င်းဦးဆောင်တင်သွင်းသည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အစီရင်ခံစာကြောင့် သတင်းလူသားအဖြစ် ဆက်လက် ရပ်တည်နိုင်ခဲ့သည်။ နိုင်ငံတကာ ဖိအားများ အပြင်းအထန်ရှိနေသည့် ရခိုင်ပြည်နယ်အရေးကိစ္စ တွင် ယင်းအစီရင်ခံစာက ဖိအားများကို လျှော့ချနိုင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ မိတ်ဆွေ မစ္စတာကိုဖီအာနန်သည် အစိုးရအတွက် အကောင်းဆုံးအကြံပြုအားထုတ်ခဲ့သည့်အပြင် ရခိုင်ပြည်နယ်အရေးတွင် ကုလသမဂ္ဂ၊ ပုပ်ရဟန်းမင်းကြီးတို့ကဲ့သို့ ကမ္ဘာ့သြဇာရှိသူများကို ရခိုင်အရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအပေါ် နားလည်ရန် အားထုတ်ခဲ့သူဖြစ်သည်။

Top News