၂၀၁၇ တွင် ကြွေလွင့်ခဲ့သူများ

ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်ကြီး၏ အန္တိမဈာပနအခမ်းအနား ကျင်းပနေစဉ် ဓာတ်ပုံ − ထက်သာဦး

၂၀၁၇ တွင် မြန်မာနိုင်ငံ၏ ထင် ရှားကျော်ကြားသူအများစု ကွယ် လွန်ခဲ့သည်။ ကွယ်လွန်သူများ သည် သာသနာတော်မှ ထေရ်ကြီး ဝါကြီးရဟန်းများ၊ နိုင်ငံရေးနယ် ပယ်တွင် ဩဇာရှိသူများနှင့် အနု ပညာနယ်ပယ်တွင်လည်း ခေတ်တစ်ခေတ်၌ ပရိသတ်ကို ဆွဲ ဆောင်နိုင်သူများ ပါဝင်ခဲ့ကြ သည်။


ဘာသာရေးနယ်ပယ်

ဘာသာရေး နယ်ပယ်တွင် သာ့သနာဦးသျှောင် ဆရာတော် ဖြစ်သည့် ၁၄ ပါးမြောက် ရွှေကျင် သာသနာပိုင်ဝါဆိုဆရာတော် ဘဒ္ဒန္တ အဂ္ဃိယမဟာထေရ် ဆရာတော် ကြီးသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်တွင် မန္တလေးမြို့၌ ပျံလွန် တော်မူခဲ့သည်။ ဆရာတော်သည် မန္တလေးမြို့ မဟာဝိသုဒ္ဒါရုံတိုက် သစ်၏ မဟာနာယက ဆရာတော် ကြီးဖြစ်သည်။ ပျံလွန်တော်မူချိန်တွင် သက်တော် (၁၀၀)ရှိပြီဖြစ်သည်။ ဆရာတော်၏ ဈာပနကို တိုင်းအစိုးရက တာဝန်ယူကျင်းပပေးခဲ့ပြီး လူသိန်းနှင့်ချီ၍ လိုက်ပါပို့ ဆောင်ခဲ့သည်။ ထို့အပြင် မန္တလေး မြို့ မစိုးရိမ်ကျောင်းတိုက်၏ မဟာ နာယကဖြစ်သည့် ဆရာတော် ဘဒ္ဒန္တပဒုမာဘိဝံသလည်း ဖေဖော် ဝါရီ ၁၇ ရက်တွင် ပျံလွန်တော်မူခဲ့ သည်။ ဆရာတော်ကြီးသည် အဘိ ဓဇမဟာရဋ္ဌဂုရုဘွဲ့ခံဖြစ်ပြီး နိုင်ငံ တော်၏ ဩဝါဒါစရိယ ဆရာတော် ကြီးလည်းဖြစ်သည်။ တစ်လအ တွင်းမှာပင် မြို့တစ်မြို့တည်းရှိ ထေရ်ကြီးဝါကြီးဆရာတော်နှစ်ပါး ပျံလွန်တော်မူခြင်းက သာသနာအ တွက် အင်အားတစ်ခု လျော့ပါးခဲ့ သည်။ 

မလေးရှားနိုင်ငံ ပီနန်မြို့ ကမ္ဘာ့ဗုဒ္ဓသာသနာပြု ဓမ္မိကာရာမကျောင်းတိုက်တွင် သီတင်းသုံးနေသည့် သက်တော်(၉၀)၊ ဝါတော်(၇၀)ရှိ ပီနန်ဆရာတော်ကြီးသည် နိုဝင်ဘာ ၂၄ ရက် နံနက်အစော ပိုင်းက ပျံလွန်တော်မူခဲ့သည်။ ဆရာတော်ကြီးသည် ကျောက်ကပ်ရောဂါကို ကာလရှည်ကြာခံ စားခဲ့ရပြီး ယင်းရောဂါဖြင့် ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။ ပီနန်ဆရာတော်ကြီးသည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများရှေ့၌ သံဃာတော်များ ဆန္ဒပြရန် ဥက္ကဋ္ဌဆရာတော်အဖြစ် တာဝန်ယူဆောင်ရွက် ခဲ့သူဖြစ်သည်။

စာပေနှင့် အနုပညာနယ်ပယ်

ယခုနှစ်အတွက် စာပေနှင့် အနုပညာနယ်ပယ်တွင် ဆုံးရှုံးသူ များပြားခဲ့သည်။ ယခုနှစ်အတွင်း အနိစ္စရောက်ခဲ့သည့် အနုပညာ ရှင်များသည် ခေတ်တစ်ခေတ်ကို လှုပ်ကိုင်ခဲ့သူများ၊ အနုပညာ ဩဇာရှိသူများ ပါဝင်သည်။ ၎င်း တို့ထဲမှ တစ်ဦးသည် ပိတောက်ပွင့် သစ်မဂ္ဂဇင်း၏ ပဲ့ကိုင်ရှင်ဖြစ်သည့် ကဗျာဆရာမောင်စိမ်းနီဖြစ်သည်။ ၎င်းသည် မဂ္ဂဇင်းခေတ်အင်အား ချည့်နဲ့နေသည့်အချိန်မှာပင် စာပေမဂ္ဂဇင်းဖြစ်သည့် ပိတောက်ပွင့် သစ်ကို အောင်မြင်စွာ ရပ်တည်နိုင် အောင် ကြိုးပမ်းခဲ့သူဖြစ်သည်။ ဆရာသည် မော်ဒန်ကဗျာများအပါ အဝင် စာပေများစွာကို ရေးသားခဲ့ သည်။ ဆရာမောင်စိမ်းနီသည်နှလုံးရောဂါဖြင့် ဖေဖော်ဝါရီ ၁ ရက်တွင် ဆုံးပါးခဲ့သည်။ ထို့အပြင်ကဗျာဆရာ ပျဉ်းမနားမောင်နီ သင်းလည်း အဖျားရောဂါဖြင့် ဇွန်လ ၂ ရက်တွင် ကွယ်လွန်ခဲ့ သည်။ ဆရာမောင်နီသင်းသည်ကဗျာဆရာတစ်ဦးသာမက ပညာ ရေးသုတေသနဌာန လက်ထောက် ညွှန်ကြားရေးမှူးဟောင်းတစ်ဦး လည်းဖြစ်သည်။ ကွယ်လွန်ချိန် တွင် အသက် (၇၀)ရှိပြီဖြစ်သည်။ ထို့အပြင် စီးပွားရေးဆောင်းပါးများ ဖြင့် စာပေလောကအပေါ် ဩဇာ ကြီးခဲ့သူ မောင်ချမ်းအေး (ခေါ်) စာရေးဆရာကြီး မောင်စူးစမ်း လည်း ဇူလိုင် ၂၀ ရက် အသက်(၉၁)နှစ်အရွယ်တွင် ကွယ်လွန် ခဲ့သည်။ ထို့အပြင် ကာတွန်းဆရာ ဟာဂျူလီ(ကသာ)နှင့် ကာတွန်း ဆရာရွာဆော်တို့လည်း ၂၀၁၆ ဩဂုတ်နှင့် ဇွန်လတို့တွင် ကွယ်လွန်ခဲ့သည်။ ပန်းချီ၊ စာရေးဆရာ၊ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ ဇာတ်ညွှန်းရေးဆရာကြီး၊ ကာ တွန်းတွတ်တွတ် (ခ) ပန်းချီကဲသာ (ခ) ဦးစောလှမြင့် အသက် (၇၁) နှစ်သည် ၂၀၁၇ နိုဝင်ဘာ ၈ ရက် တွင် ကွယ်လွန်ခဲ့သည်။

ထို့ပြင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က ရိုက်နှိပ် ထုတ်ဝေသည့် ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငွေစက္ကူ လက်ရာများ ဖန်တီးရေးဆွဲခဲ့သူ မြန်မာမှုဒီဇိုင်းပညာရှင် ဦးအေးမြင့် သည် အောက်တိုဘာ ၃ ရက်ညနေက အဖျားရောဂါဖြင့် မန္တလေး တိုင်းဒေသကြီး အမရပူရမြို့နယ် ပန်းပဲတန်းရပ်ရှိ ၎င်း၏နေအိမ်၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန် တွင် အသက်(၈၈)နှစ်ရှိပြီဖြစ် သည်။ ၎င်းသည် စွယ်တော်မြတ်စေတီ (ရန်ကုန်၊ မန္တလေး)၊ ရွှေတိဂုံစေတီတောင် ဘက်စောင်းတန်း၊ ကျိုက်မှော်ဝန်းရေလယ်ဘုရား အစရှိသည့် စေတီ ပုထိုးများနှင့် ဘာသာရေးဆိုင်ရာ နေရာများတွင် မြန်မာမှုဒီဇိုင်းများ ပုံထုတ် ကြီးကြပ်ဆောင်ရွက်ခဲ့ သည်။ လုံခြုံရေး တင်းကျပ်သော ဝါဇီတွင် တာဝန်ထမ်းဆောင်နေ စဉ် ပုဂံကို လွမ်း၍ ဝါဇီမှ ပုဂံသို့ လမ်းလျှောက်ပြန်သည့် ဖြစ်ရပ်က နာမည်ကြီးသည်။ 

မန္တလေးမြို့ အငြိမ့်သဘင် လောကတွင် ထင်ရှားခဲ့သော လူ ရွှင်တော်ကြီး ဦးရန်အောင်သည် အောက်တိုဘာ ၅ ရက်က အသက်(၈၈)နှစ်အရွယ်တွင် လူကြီးရောဂါ ဖြင့် ကွယ်လွန်ခဲ့သည်။ ဦးရန် အောင်သည် အငြိမ့်ခုံများတွင် မီးရှူးမီးပန်းများ၊ အဆင်တန်ဆာ များ၊ ကားလိပ်များကို ဆန်းသစ်တီထွင်ခဲ့ပြီး အငြိမ့်သဘင်လောကကို အမြင်ဆန်းစေသည့် ပညာရှင်ကြီး ဖြစ်သည်။

ယခုနှစ်အတွက် ဂီတလော ကတွင် ကြီးမားသည့် ဆုံးရှုံးမှုနှစ်ခု ရှိခဲ့သည်။ ဂန္ထဝင်တေးသီချင်းများ စွာကို သီဆိုခဲ့သည့် ဦးအံ့ကြီးသည် ဇွန်လ ၂၃ ရက်တွင် လူကြီးရောဂါ ဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန် ချိန်တွင် (၉၄)နှစ်ရှိပြီဖြစ်သည်။ ဦးအံ့ကြီးသည် တစ်သက်တာ ဂီတ ထူးချွန်ဆုရသည့် ခေတ်ဟောင်း တေးသံရှင်ဖြစ်သည်။ ဦးအံ့ကြီး သီဆိုခဲ့သည့် မြနန္ဒာ၊ မင်းဂံဘုတ် သီချင်းများသည် အထူး အောင်မြင်သည်။ ထို့အပြင် စတီရီယို အဆိုကျော်တစ်ဦးဖြစ်သူ အဆိုတော် ခိုင်ထူးသည် ဩဂုတ် ၈ ရက်တွင် ပန်ကရိယကင်ဆာဖြင့် ကွယ် လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် (၆၁) နှစ်ရှိပြီဖြစ်သည်။ အဆိုတော် ခိုင်ထူး၏ သီချင်းများသည် စတီရီယို ခေတ်ဦးမှ ယနေ့ထိတိုင် အောင်မြင်ဆဲဖြစ်ပြီး ပြန်ဆိုသူများစွာရှိသည်။ 

နိုင်ငံရေးနယ်ပယ်

နိုင်ငံရေးနယ်ပယ်တွင် တုန် လှုပ်ဖွယ်ရာ လုပ်ကြံမှုတစ်ခု ကြောင့် သေဆုံးမှု ၂၀၁၇ နှစ်စက ပင် ဖြစ်ပွားခဲ့သည်။ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံ ပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီသည် ရန်ကုန်လေဆိပ်ရှေ့ တွင် သေနတ်သမား၏ ပစ်ခတ် ခြင်းခံရပြီး သေဆုံးခဲ့သည်။ ဇန်န ဝါရီ ၂၉ ရက်တွင် လုပ်ကြံခံရခြင်း ဖြစ်ကာ ကွယ်လွန်ချိန်၌ အသက်(၆၅)နှစ်ရှိပြီဖြစ်သည်။ ထို့အပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေသည် ရန်ကုန်မြို့ရှိ ဝိတိုရိယဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် ဩဂုတ်၁၃ ရက် ညက လူကြီးရောဂါဖြင့် အသက် (၉၉) နှစ်အရွယ်၌ ကွယ် လွန်ခဲ့သည်။ ဦးအောင်ရွှေသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်စဉ်ကပင် ပါဝင်ခဲ့သူဖြစ်ပြီး ၁၉၉၀ နောက်ပိုင်းမှ ၂၀၁၁ မတိုင်မီ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မလွတ် မြောက်မီအချိန်အထိ NLD ပါတီရပ်တည်ရှင်သန်နိုင်ရေး ဦးဆောင်ခဲ့သူဖြစ်သည်။ နိုင်ငံ တော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဝင်၊ အငြိမ်းစားဒုတိယ ဗိုလ်ချုပ်ကြီး မျိုးညွန့်သည် ရန်ကုန်မြို့ရှိ တပ်မတော်ဆေးရုံ (ခုတင်၁,၀၀၀) ၌ မေလ ၂၆ ရက် ညကအသက် (၉၀) အရွယ်တွင် ကွယ်လွန်ခဲ့သည်။ ဦးမျိုးညွန့်သည် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်နှင့် သာသနာရေးဝန်ကြီးအ ဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ ထို့အပြင် အမျိုးသားပညာရေး မူဝါဒကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ မျိုးမြင့်သည် ဇွန်လ ၂၀ ရက် နံနက် ၇ နာရီ ၃၈ မိနစ်တွင် ရန်ကုန်ပြည် သူ့ဆေးရုံကြီး အထူးကြပ်မတ် ကုသဌာန၌ ၉၆ ပါးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ဒေါက်တာမျိုးမြင့်သည် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် ပါမောက္ခချုပ်တို့အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အမျိုးသားပညာရေး မူဝါဒကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင် နေစဉ် ကွယ်လွန်ခြင်းဖြစ်သည်။

ကချင်အဖွဲ့ ကေအိုင်အို ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ဇော်မိုင် သည် အောက်တိုဘာ ၂၇ ရက် က ရန်ကုန်မြို့ အာရှတော်ဝင် ဆေးခန်းတွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန် တွင် အသက်(၈၂)နှစ်အရွယ်ရှိပြီ ဖြစ်ပြီး ၎င်းသည် ၁၉၉၄ က အစိုးရ နှင့်အပစ်အခတ်ရပ်စဲရာတွင် အဓိ ကဦးဆောင်ခဲ့သူဖြစ်သည်။

နယ်ပယ်အထွေထွေ

ယခုနှစ်အတွက် ကမ္ဘာသိ မြန်မာ့စီးပွားရေးပညာရှင် ဒေါက် တာလှမြင့်သည် မတ်လ ၉ ရက် တွင် ထိုင်းနိုင်ငံ၌ ကွယ်လွန်ခဲ့ သည်။ ဒေါက်တာလှမြင့်သည် ရန် ကုန်တက္ကသိုလ်၏ ပါမောက္ခချုပ် ဟောင်းတစ်ဦးလည်းဖြစ်ပြီး ကွယ် လွန်ချိန်တွင် အသက် (၉၇)နှစ်ရှိ ပြီဖြစ်သည်။ ဒေါက်တာ လှမြင့် သည် ဖွံ့ဖြိုးမှုစီးပွားရေးပညာ၏ ကမ္ဘာသိရှေ့ဆောင်လမ်းပြတစ်ဦး ဖြစ်ခဲ့ပြီး ၎င်း၏ Welfare Econo-mics သီအိုရီသည် ထင်ရှားသည်။ထို့အပြင် တရားလွှတ်တော်ရှေ့နေဦးကိုနီလုပ်ကြံခံရမှုတွင် လူသတ်သမားကို ဖမ်းဆီးရင်း တက္ကစီယာဉ်မောင်း ဦးနေဝင်းသည် ယခုနှစ် ဇန် နဝါရီ ၂၉ ရက်တွင် ကွယ်လွန်ခဲ့ သည်။ ဦးနေဝင်းသည် လူသတ် သမားကြည်လင်းကို တားဆီးရင်း ကြည်လင်းက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဆုံးပါးခဲ့ခြင်းဖြစ် သည်။ ကွယ်လွန်ချိန်တွင် အသက် (၄၈)နှစ်ရှိပြီဖြစ်ကာ သားသုံးဦး နှင့် ဇနီးသည်ကျန်ရစ်ခဲ့သည်။ အ ခြေခံလူတန်းစားများကို တစ်ဦး လျှင် ကျပ်တစ်သိန်း၊ နှစ်သိန်း စသည်ဖြင့် မကြာခဏလှူဒါန်း လေ့ရှိပြီး ထိုသို့လှူဒါန်းမှုများ ကြောင့် နာမည်ကြီးလာသူ စိုးလျှပ်စစ်ကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးတင့်သည် ဇူလိုင် ၁၆ ရက်တွင် အဆုတ်ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် (၆၃)နှစ်ရှိပြီဖြစ်သည်။ ထို့အပြင် နာမည်ကျော် အကြားအမြင်ဆရာမ အီးတီ(ခ) ဒေါ်ဆွေဆွေဝင်းသည် အသက်(၅၈)နှစ်အရွယ် စက်တင်ဘာ ၁၀ ရက်တွင် ကွယ်လွန်ခဲ့သည်။ ဆရာမ အီးတီသည် ထိုင်းလူမျိုး များ ယုံကြည်အားထားသော အ ကြားအမြင်ဆရာမတစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံ၏ စစ်တပ်အသိုင်းအ ဝိုင်းနှင့် နိုင်ငံရေးအသိုင်း အဝိုင်း အကြား ထင်ပေါ်ကျော်ကြားသူဖြစ်သည်။ မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း ဦးမျိုးဝင်းညွန့်သည် မေလ ၃၁ ရက် အသက် (၇၂)နှစ်တွင် ကွယ်လွန်ခဲ့သည်။ 

ထို့အပြင် မြန်မာ့ဘောလုံးရွှေခေတ်တွင် နိုင်ငံလက်ရွေးစင်ဘောလုံးသမားဖြစ်ခဲ့သလို မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း၏ နည်းပြဖြစ်ခဲ့သည့် ဦးအေးမောင်လေးသည် နိုဝင်ဘာ ၂၅ ရက်က ၎င်း၏နေအိမ်တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၇၁ နှစ်အရွယ်ရှိပြီဖြစ်သည်။

ထို့အတူ မြန်မာ့အားကစားမယ်ဟောင်း ဒေါ်လီလီကြာညွန့်လည်း အသက် (၉၀)အရွယ် ဩဂုတ် ၂၆ ရက်တွင်ကွယ်လွန်ခဲ့သည်။

 

Top News