မှန်းချက်နှင့် နှမ်းထွက်မကိုက်သည့် ငြိမ်းချမ်းရေး

၂၀၁၇ မေလက ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံညီလာခံ ဒုတိယအစည်းအဝေးတွင် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးနေစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

၂၀၁၇ ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်နိုင် ရေး ကြိုးပမ်းကြရန် ဒေါ်အောင်ဆန်းစုကြည်က နှစ် ဆန်းပိုင်းကပင် မေတ္တာရပ်ခံထားသည်။

သို့သော် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း တစ်ခုကို ပထမဆုံးအကြိမ် ချုပ်ဆို နိုင်ခြင်းမှအပ ငြိမ်းချမ်းရေးလုပ် ငန်းစဉ် ရပ်တန့်နေကြောင်း သုံး သပ်မှုများလည်း ရှိသည်။

ထို့အပြင် ဩဂုတ်အတွင်းက မောင်တောဒေသတွင် ဖြစ်ပွားခဲ့ သည့် အကြမ်းဖက်တိုက်ခိုက်မှုများ ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပေါ် စိတ်ဝင်စားမှု လျော့နည်း စေခဲ့ကြောင်း လေ့လာသူများက မှတ်ချက်ပြုသည်။

၂၀၁၇ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က လူငယ်များဖြင့် စကား ဝိုင်းကျင်းပခြင်းဖြင့် စတင်ခဲ့ရာ စိတ်ဝင်တစား စောင့်ကြည့်မှုများ ပြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးစကားဝိုင်းများကို နေ ပြည်တော်၊ ပင်လုံနှင့် ဝမ်းတွင်း မြို့နယ် မြေတိုင်ကန်ကျေးရွာတို့ တွင် ဇန်နဝါရီ ၁ ရက်ကစ၍ ရှစ်လ အတွင်း လေးကြိမ်ဆက်တိုက် ပြု လုပ်ခဲ့သည်။ ထို့ကြောင့် ၂၀၁၇ နှစ်ဆန်းကာလများသည် ပြည်သူ တို့၏ စိတ်ဝင်စားမှုနှင့်အတူ ငြိမ်းချမ်းရေးရောင်နီသန်းသည့် ကာလဟုပင် ဆိုနိုင်သည်။

ထို့အပြင် တစ်နိုင်ငံလုံး အ ပစ်ရပ်စာချုပ် (NCA) အရ အမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ များကို ကရင်၊ ချင်းနှင့် ပအိုဝ်း ဒေသများတွင် ပြုလုပ်နိုင်သဖြင့် ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်း ရေးနှစ်အဖြစ် ညွှန်းဆိုခဲ့သော ၂၀၁၇ သည် တာထွက်ကောင်းခဲ့ ကြောင်း လေ့လာသူများက မှတ် ချက်ပြုခဲ့သည်။

ထို့နောက်တွင် ၂၀၁၇ မေလ ၂၄ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံဒုတိယ အစည်းအဝေးတွင် နိုင်ငံရေးဆိုင် ရာ မူဝါဒအဆိုပြုချက် ၁၂ ချက်၊ စီးပွားရေးဆိုင်ရာ မူဝါဒ ၁၁ ချက်၊ လူမှုရေးဆိုင်ရာ မူဝါဒလေးချက်၊မြေယာနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ မူဝါဒ ၁၀ ချက် စုစုပေါင်း ၃၇ ချက်ကို သဘောတူညီမှုရရှိပြီး ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၁)အဖြစ် သတ်မှတ်ချုပ်ဆိုခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ငြိမ်းချမ်းရေးလုပ်ငန်း များ ဆောင်ရွက်နေသည့် လက်ရှိ အစိုးရလက်ထက်တွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအကြား ရရှိသော ထူးခြားသည့် နိုင်ငံရေးဆွေးနွေးမှုရလဒ်ပင်ဖြစ် သည်။

‘‘ငြိမ်းချမ်းရေးဖြစ်စဉ်မှာ စိတ်ဓာတ်ကျစရာတွေ၊ စိတ်တက်ကြွ စရာတွေ ကျော်ဖြတ်ပြီးမှ အခုလို ရရှိလာခဲ့တာ ဖြစ်ပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က မှတ် ချက်ပြုသည်။

ထို့အပြင် ရရှိသည့် ပြည် ထောင်စုသဘောတူစာချုပ် အ စိတ်အပိုင်းနှင့်ပတ်သက်၍ အငြင်းပွားမှု၊ မေးခွန်းထုတ်မှုများ ရှိခဲ့သည်။ ငြိမ်းချမ်းရေးညီလာခံမတိုင် မီ NCA လက်မှတ်ထိုးအဖွဲ့အချို့ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပနိုင် ခြင်း၊ ညီလာခံတွင် ဆုံးဖြတ်ချက် ချမှတ်မှုအပိုင်းနှင့် NCA မထိုးရ သေးသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ ကျန်ရှိနေခြင်း တို့ကို ထောက်ပြကြသည်။

၂၁ ရာစု ပင်လုံဒုတိယအ စည်းအဝေးမတိုင်မီ NCA လက် မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့အနက် ကရင် အဖွဲ့များ၊ ပအိုဝ်းအဖွဲ့၊ ချင်းအဖွဲ့ တို့က အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကျင်းပပြီး ညီလာခံသို့ သဘောထား တင်ပြနိုင်သော် လည်း ရှမ်းအဖွဲ့ (RCSS)နှင့် ရခိုင် အဖွဲ့ (ALP)တို့သည် ကျင်းပနိုင် ခြင်းမရှိပေ။

ဤအချက်က NCA အရဆောင်ရွက်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အကျပ်အ တည်း ဖြစ်စေခဲ့သည်။ ယင်း အကျပ်အတည်းနှင့်အတူ ၂၁ ရာစုပင်လုံဒုတိယအစည်းအဝေးအပြီးတွင် အစိုးရနှင့် NCA လက်မှတ်ထိုးအဖွဲ့များအကြား လအတန်ကြာ ဆွေးနွေးညှိနှိုင်းမှုများ တန့်သွားခဲ့ သည်။

ထို့အပြင် တစ်ဖက်တွင် လည်း အစိုးရအနေဖြင့် NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ ပါဝင်လက်မှတ်ထိုးရေး ကြိုးစားခဲ့ရာ တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့၏ ရပ်တည်ချက်အ ပြောင်းအလဲဖြစ်ပေါ်ခဲ့၍ ပိုမိုအ ခက်ကြုံခဲ့ရသည်။

NCA တွင် ပါဝင်လက်မှတ် ထိုးရေး အစိုးရနှင့် ညှိနှိုင်းနေသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် အဖွဲ့အစည်းများဖြစ် သော ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA)၊ ရှမ်းလက်နက်ကိုင် အဖွဲ့ (SSPP) တို့သည် ဇွန်လအတွင်း UNFC မှ နုတ်ထွက်၍ ‘ဝ’လက်နက်ကိုင်အဖွဲ့ (UWSA) ဦးဆောင်မှုအောက် ရောက်သွားခြင်းကြောင့် ဖြစ်သည်။

UWSA  ဦးဆောင်မှုဖြင့်မြောက်ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့ဟူ၍ စုဖွဲ့ကာ NCA မထိုးဘဲ အစိုးရနှင့် နိုင်ငံရေးဆွေးနွေးရန် ကြိုးစား ခြင်းဖြစ်သည်။

မြောက်ပိုင်းခုနစ်ဖွဲ့က လက် ရှိ NCA သည် တိုင်းရင်းသားများလို လားသည့် လိုလားချက်အတွက် မပြည့်စုံဟုဆိုကာ NCA ကို ပြင်ဆင်ရေးကြိုးစားခဲ့သည်။ ထို့နောက် ၎င်းတို့ရေးဆွဲထားသည့် မြောက် ပိုင်းခုနစ်ဖွဲ့၏ မူဝါဒများ၊ ရပ်တည် ချက်များနှင့် အပစ်ရပ်စာချုပ်များ ကို ဖော်ပြလာသည်။

အစိုးရက မြောက်ပိုင်းခုနစ် ဖွဲ့၏ စုဖွဲ့မှုနှင့် မူဝါဒအပေါ် လက်ခံခြင်းမရှိ၍ ယင်းအဖွဲ့များ NCAတွင်ပါဝင်လက်မှတ်ထိုးရေး ညှိနှိုင်းမှုပင်မလုပ်နိုင်ခဲ့ပေ။ အထူးသဖြင့် တပ်မတော်က NCA ကို ပြင်ဆင် ရန်မရှိဟု တုံ့ပြန်ရပ်တည်ခဲ့သည်။

ယင်းအခြေအနေနှင့်အတူ မြောက်ပိုင်းခုနစ်ဖွဲ့တွင် ပါဝင် သည့် KIA, TNLA, AA နှင့် MNDAA အဖွဲ့တို့နှင့် တပ်မတော် အကြားတွင် တိုက်ပွဲများ ဆက် လက်ဖြစ်ပေါ်ခဲ့သည်။

မြန်မာ-တရုတ် နယ်စပ်အ ခြေပြုအဖွဲ့များဖြင့် ဖွဲ့စည်းထား သော မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွင် ပါဝင်လာရေး နည်းလမ်းတစ် ခုအနေဖြင့် အစိုးရက တရုတ်နိုင်ငံ ကို ချဉ်းကပ်မှုများ ပြုလုပ်ခဲ့သည်။

ရလဒ်အနေဖြင့် မေလက ကျင်းပခဲ့သည့် ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးသို့ အထူးဖိတ်ကြားသူအဖြစ် UWSA မှ ဦးကျောက်ကော်အမ်း၊ KIO မှ ဗိုလ်ချုပ်ကြီး အင်ဘန်လတို့ တရုတ်အစိုးရကြား ဝင်ဆောင်ရွက်ပေးမှုဖြင့် နေပြည်တော်သို့ ရောက်ရှိလာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က မြောက်ပိုင်းခုနစ်ဖွဲ့ကို နှစ်ဖွဲ့ခွဲ၍ ၎င်း၏ နေအိမ်တွင် မိသားစုပုံစံ ဧည့်ခံခဲ့သည်။ ဆွေးနွေးပွဲအဆင့် တွေ့ဆုံမှုမဟုတ်၍ မည်သည့် ရလဒ်မှ ထွက်ပေါ်လာခြင်းမရှိခဲ့ ပေ။ ဤသို့ဖြင့် မြောက်ပိုင်းခုနစ်ဖွဲ့ နေပြည်တော်သို့ လာသည်ဆိုရုံ လာပြီး အိမ်ပြန်သွားခဲ့သည်။

UNFC အနေဖြင့် NCA လက်မှတ်ထိုးရေး အစိုးရနှင့် ညှိနှိုင်းနေ သော်လည်း ၂၁ ရာစု ပင်လုံဒုတိ ယအစည်းအဝေး တက်ရောက် ခြင်းမပြုခဲ့ပေ။ တန်းတူရည်တူ ပါဝင်တက်ရောက်ခွင့်မရသေးသည့် အခြေအနေကြောင့်ဟု UNFC ဘက်က ဆိုသည်။ UNFC တွင် မွန်အဖွဲ့ (NMSP)၊ ကရင်နီအဖွဲ့ (KNPP) အပါအဝင် တိုင်းရင်းသား အဖွဲ့ လေးဖွဲ့ရှိသည်။

အစိုးရနှင့် UNFC အကြား NCA လက်မှတ်ထိုးရေး တစ်နှစ်ခွဲကြာသည်အထိ တရားဝင်ဆွေးနွေးပွဲ ရှစ်ကြိမ်ပြုလုပ်ကာ ညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့သည်။ သို့ရာတွင်UNFC အဆိုပြုသည့် နိုင်ငံရေး၊ စစ် ရေးဆိုင်ရာအချက်များအားလုံး ဆွေးနွေးပြီးသည့်တိုင် ရေရေရာရာသဘောတူညီသည့် အဆင့်ထိ မရောက်ခဲ့ပေ။

ဤသို့ NCA လက်မှတ်ထိုးပြီး ၂ နှစ်ကျော်ကြာသည်အထိ လက် မှတ်ထိုးရန် ကျန်နေသည့်တိုင်းရင်း သားလက်နက်ကိုင် ၁၁ ဖွဲ့အနက် မည်သည့်အဖွဲ့မျှ NCA တွင် ပါဝင်လက်မှတ်ထိုးနိုင်ခြင်းမရှိဘဲ ဖြစ်ခဲ့ သည်။

‘‘ကျွန်မတို့ရဲ့ နိုင်ငံရေးဆွေး နွေးပွဲဟာ ပြီးပြည့်စုံပြီလားမေးရင် မပြည့်စုံသေးပါဘူး။ နောက်ထပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေပါဝင်ဖို့ လိုအပ်ပါသေးတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည် အောက်တိုဘာ ၁၅ ရက်တွင် ပြု လုပ်သည့် NCA လက်မှတ်ရေးထိုး ခြင်း ၂ နှစ်ပြည့်အခမ်းအနားတွင် ပြောကြားသည်။

NCA လက်မှတ်ထိုးခြင်း ၂ နှစ်ပြည့်အခမ်းအနားသည် မေလ ၂၁ ရာစု ပင်လုံဒုတိယအစည်းအ ဝေးအပြီး ကာလအတန်ကြာ ရပ် တန့်နေသော ငြိမ်းချမ်းရေးလုပ် ငန်းစဉ်အတွက်တွန်းအားဖြစ်စေခဲ့ သည်။

အစည်းအဝေးအပြီး နိုဝင် ဘာကစ၍ အစိုးရနှင့် NCA လက်မှတ်ထိုးအဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာအကောင်အထည်ဖော်မှုများ ပြုလုပ်ရန် ဆွေးနွေးပွဲများ ဆက်တိုက်ပြုလုပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် NCA လက်မှတ်ထိုးရှစ် ဖွဲ့မှ ခေါင်းဆောင်များ၏ NCA အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)တွင် ကာလအတန်ကြာ ညှိနှိုင်းမရဖြစ် နေသည့် ရှမ်းလူမျိုးအလိုက်အမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမည့်နေရာကို သဘောတူ ညီမှုရရှိခဲ့သည်။

RCSS က တောင်ကြီး (သို့မ ဟုတ်) ပင်လုံမြို့တွင် ကျင်းပလိုပြီးတပ်မတော်က မိုင်းပန်၌ကျင်းပရန် သဘောထားပေးထားသည့် ရှမ်း လူမျိုးအလိုက် ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည်၏ ကြားဝင်ညှိ နှိုင်းပေးမှုဖြင့် လင်းခေးမြို့တွင် ကျင်းပရန် သဘောတူခဲ့သည်။

ထို့အပြင် နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်များ ဆက်လက်ချမှတ်နိုင်ရေး ရည်ရွယ်ပြီး ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို ၂၀၁၈ ဇန်နဝါရီတွင် ကျင်းပရန် သတ်မှတ်ခဲ့သည်။ ထို့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ၂၀၁၇ နှောင်းပိုင်းတွင် ပြန်လည်အသက် ဝင်လာကြောင်း သုံးသပ်ကြသည်။

၂၀၁၇ နှစ်ကုန်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား ထူးခြားသည့် တွေ့ဆုံမှု ပြုလုပ်ခဲ့သည်။ NCA လက်မှတ် ထိုးရှစ်ဖွဲ့မှ KNU ဥက္ကဋ္ဌ၊ RCSS ဥက္ကဋ္ဌ၊ NCA ထိုးရေး ညှိနှိုင်းနေ သည့် UNFC ခေါင်းဆောင်အချို့ နှင့် NCA မထိုးဘဲ နိုင်ငံရေးဆွေး နွေးမည်ဆိုသော မြောက်ပိုင်းခုနစ်  ဖွဲ့မှ KIO ဒုဥက္ကဋ္ဌတို့သည် ဒီဇင် ဘာ ၉ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သုံးပွင့်ဆိုင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြ သည်။

အဆိုပါ တွေ့ဆုံမှုသည် UNFC က NCA လက်မှတ်ထိုးရေး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်တို့နှင့် တွေ့ဆုံညှိနှိုင်းရေး ကြိုးပမ်းမည်ဟု ထုတ်ပြန်အပြီးတွင် ပေါ်ပေါက်လာသည့် အခင်းအ ကျင်းသစ်တစ်ခုဖြစ်သည်။

သို့သော် မျှော်လင့်ချက် ရောင်နီ ပြန်သန်းလာသည့် ငြိမ်းချမ်းရေးဖြစ်စဉ်သည်  ၂၀၁၇ ကုန်ခါနီးတွင် စိုးရိမ်ဖွယ်အနေအထား ကို တွေ့လာရသည်။ UPDJC နှင့်JICM သဘောတူညီချက်အရ ပြုလုပ်မည့် ရှမ်းလူမျိုးအလိုက် အမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အကြိုလူထုတွေ့ဆုံပွဲများကို တပ် မတော်က ဟန့်တားခဲ့သည်။

ရှမ်းလူထုတွေ့ဆုံပွဲ ဟန့်တားခံရခြင်းနှင့် ခရစ္စမတ်ကာလတွင် တပ်မတော်နှင့် ကေအိုင်အေ၊TNLA တို့ကြား တိုက်ပွဲပြန်ဖြစ်ပွား ခဲ့ခြင်းသည် နှစ်ဖက်ယုံကြည်မှု တည်ဆောက်ရေးကို ထိခိုက်စေကြောင်း လေ့လာသူများက ရှုမြင် သည်။

ထို့ကြောင့် ဒေါ်အောင်ဆန်း စုကြည်က ‘ငြိမ်းချမ်းရေးနှစ်’အဖြစ် ညွှန်းဆိုခဲ့သော ‘၂၀၁၇’ သည် နိမ့် မြင့်တက်ကျဆွေးနွေးပွဲများကြား မှ လိုက်လေဝေးလေအနေအထား ပင်ရှိသေးကြောင်း သုံးသပ်သည်။