ပထမဆုံးများ

ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ မြန်မာနိုင်ငံခရီးစဉ်

ကမ္ဘာ့သြဇာအကြီးဆုံးပုဂ္ဂိုလ်စာရင်းဝင် ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာတွင် လာရောက်ပြီး ရိုမန်ကက်သလစ်အသင်းတော်၏ ၂၆၆ပါးမြောက် ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ ပထမဆုံး သမိုင်းဝင်ခရီးစဉ်လည်းဖြစ်သည်။ ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် သမ္မတဦးထင် ကျော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဘာသာရေးခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့သည်။ ပုပ်ရဟန်းမင်းကြီးသည် နေပြည်တော်၌ အစိုးရအဖွဲ့ဝင်များနှင့် နိုင်ငံတကာသံတမန်များအား မိန့်ခွန်းပြောကြားခဲ့သလို ရန်ကုန်မြို့၌လည်း လူထုမစ္ဆား တရားပွဲပြုလုပ်ခဲ့သည်။

စာအုပ်လမ်း


ဓာတ်ပုံ − စိုင်းဇော်

ရန်ကုန်စာအုပ်လမ်းကို အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား သိမ်ဖြူလမ်းမပေါ်တွင်  ၂၀၁၇ ဇန်နဝါရီက စတင်ဖွင့်လှစ်ခဲ့သည်။  စာအုပ်လမ်းကို ပြန်ကြားရေးဝန်ကြီးဌာနဦးဆောင်မှုဖြင့် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းတို့ ပူးပေါင်း၍ အပတ်စဉ် စနေနှင့်တနင်္ဂနွေတွင် မိုးတွင်းကာလမှလွဲ၍ ဖွင့်လှစ်ခဲ့သည်။  ယခင်က ရန်ကုန်မြို့လယ် ပန်းဆိုးတန်း၊ ကုန်သည်လမ်းတို့ တွင် စာအုပ်အဟောင်းတန်းများဖြင့် စည်ကားခဲ့သော်လည်း စာပေစိစစ်ရေးဖျက်သိမ်းပြီးနောက် ကန့်သတ်တားမြစ်မှုများ မရှိသလောက်ဖြစ်ပွားချိန် ၂၀၁၃ နောက်ပိုင်းကစ၍  စာအုပ်အဟောင်းတန်းဈေးကွက်ပျက်သလောက်ဖြစ်ရာ ယခုရန်ကုန်စာအုပ်လမ်းကို စာချစ်သူများက လှိုက်လှဲစွာကြိုဆိုခဲ့သည်။

MMA ပြိုင်ပွဲတွင် မြန်မာအတွက် ပထမဆုံးရွှေခါးပတ်ယူပေးခဲ့သော အောင်လအန်ဆန်


ဓာတ်ပုံ −One Championship

ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံတွင် ဇွန်လ ၃၀ ရက်က ကျင်းပသည့် ကိုယ်ခံပညာပေါင်းစုံအသုံးပြုယှဉ်ပြိုင်သည့် MMA (One Championship) ပြိုင်ပွဲ မစ် ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲ တွင် ကချင်တိုင်းရင်းသား အောင် လအန်ဆန်က လက်ရှိချန်ပီယံရုရှားနိုင်ငံသားဗစ်တာလီဘစ်ဒက်ရှ်ကို အနိုင်ယူပြီး ကမ္ဘာ့ချန်ပီယံဆုဆွတ်ခူးနိုင်သော ပထမဆုံးမြန်မာတစ်ဦးဖြစ်လာခဲ့သည်။

ကမ္ဘာ့အဆင့် ကာယဗလပြိုင်ပွဲ ပထမဆုံးရွှေဆွတ်ခူး


ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

မွန်ဂိုလီးယားနိုင်ငံတွင် အောက်တိုဘာ ၆ ရက်က ကျင်းပသည့် (၉)ကြိမ်မြောက် ကမ္ဘာ့ကာယဗလပြိုင်ပွဲ ၆၀ ကီလိုတန်း၌ ထွန်းထွန်းအောင်က မြန်မာနိုင်ငံအတွက် ကမ္ဘာ့အဆင့်ပထမဆုံး ရွှေတံဆိပ်ရယူပေးခဲ့သည်။

ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး ပထမဆုံးထိုးနှံ


ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

မြန်မာနိုင်ငံရှိ ကလေးများကို တတိယမြောက်သေဆုံးမှုများပြား စေသည့် ဂျပန်ဦးနှောက်ရောင် ရောဂါအတွက် ကာကွယ်ဆေးကို နိုဝင်ဘာနှင့် ဒီဇင်ဘာတို့တွင် အစိုးရကတာဝန်ယူ၍ ပထမဆုံးအကြိမ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထိုးနှံပေးခဲ့သည်။ ယင်းထိုးနှံမှု၌ အသက် (၉) လမှ (၁၅) နှစ်အရွယ်ကလေးငယ်ဦးရေ ၁၄သန်းကို ထိုးနှံပေးခဲ့သည်။

ပထမဆုံး ကျပ်သိန်း ၁၀,၀၀၀ အောင်ဘာလေထီဆုဖွင့်လှစ်


ဓာတ်ပုံ − မိုးမင်း

အောင်ဘာလေသိန်းဆုဌာနခွဲက အမြင့်ဆုံးဆုကျပ်သိန်းတစ်သောင်းထီလက်မှတ်ကို ၂၀၁၇ မတ်လတွင် ရောင်းချပေးခဲ့ပြီး ဧပြီ ၁ ရက်တွင်  ဖွင့်လှစ်ပေးခဲ့သည်။ ယင်းထီလက်မှတ်ကို တစ်စောင်လျှင် ကျပ်ငါးရာ သတ်မှတ်၍ ရောင်းချပေးခဲ့ပြီး ပထမဆုံးလတွင်ရခိုင်ပြည်နယ်မှ ဦးစံရွှေခိုင်က ဆွတ်ခူးသည်။

MNL မှ ပထမဆုံးထုတ်ပယ်ခံရသောအသင်း


ဓာတ်ပုံ − Nay Pyi Taw FC

မြန်မာလိဂ်ပြိုင်ပွဲဝင် နေပြည်တော်ဘောလုံးအသင်းသည် အုပ် ချုပ်သူ၊ နည်းပြများနှင့် ကစားသမားများ၏လုပ်ခလစာကို ပုံမှန်ပေးချေခြင်းမရှိသဖြင့် စက်တင်ဘာ ၁၂ ရက်က လိဂ်ပြိုင်ပွဲမှ ထုတ်ပယ်ခြင်းခံရသည်။ ၂၀၀၉ က စတင် ကျင်းပသည့် မြန်မာလိဂ်ပြိုင်ပွဲသက်တမ်းကိုးနှစ်အတွင်း နေပြည်တော်အသင်းသည် မြန်မာလိဂ်ပြိုင်ပွဲမှ ပထမဆုံးထုတ်ပယ်ခံရသည့်အသင်း ဖြစ်သည်။

၁၉၉ သို့ နောက်ပြောင်ဖုန်းဆက်သူကို ဖမ်းဆီး၍ ပထမဆုံးပြစ်ဒဏ်ချ


ဓာတ်ပုံ − နစ်ကီ

199 Call Center သို့ နောက်ပြောင်၍ မမှန်သတင်းပေးသူ ဇင်ဇော်မင်းကို နှစ်နာရီခန့်ရှာဖွေပြီး နောက် ရဲတပ်ဖွဲ့က အကွက်ချဖမ်းဆီးအရေးယူပြီး ဒီဇင်ဘာ ၂၁ ရက်က ပြည်သူ့ဝန်ထမ်း ဥပဒေ ပုဒ်မ ၁၈၂ အရ အလုပ်နှင့် ထောင်ဒဏ်သုံးလချမှတ်ခဲ့သည်။ Call Center ကို ၂၀၁၆ ဇူလိုင်တွင် ဖွင့်လှစ်ပြီး 199 သို့ ဖုန်းဆက်၍ နောက်ပြောင်သူများ နေ့စဉ်ရှိနေသည့်အနက် ယခုအရေးယူမှုသည် ပထမဆုံးဖြစ်ပြီး နောက်ပြောင်သူက ရွှေပြည်သာ ကွန်ပျူတာတက္ကသိုလ်ရှေ့တွင် အုပ်စုဖွဲ့ရိုက်နှက်နေကြောင်း မမှန်သတင်း ပေးခြင်းဖြစ်သည်။

Top News