တစ်ပတ်ပြန်လည်ခဲ့တဲ့ ၂၀၁၇ ဖက်ရှင်ရေစီး

ဖက်ရှင်ရေစီးတွင်ရော၊ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင်ပါ ယခုနှစ်တွင် လွှမ်းမိုးခဲ့သော အေးဝတ်ရည်သောင်း (ဓာတ်ပုံ − Aye Thaung ဖေ့စ်ဘွတ်ခ်)

ယခုနှစ်အတွင်း ပြည်တွင်းအလှအပနှင့် ဖက်ရှင်လောကတွင် Be-auty Blogger များက  လွှမ်းမိုးခဲ့ပြီး လူမှုကွန်ရက်တွင် နာမည်ကျော် Blogger အချို့၏ ဖက်ရှင်များနှင့် အသုံးအဆောင်ပစ္စည်းများကို ပြင်ပတွင် လိုက်ပါသုံးစွဲဆင်ယင်မှုများခဲ့သည်။

၂၀၁၇ တွင် မြန်မာနိုင်ငံတွင်းအသားကပ် ပိုက်ကွန်များပေါ်မှ ဂျင်းဘောင်းဘီထပ် ဝတ်သော Fishnet ဖက်ရှင်၊ အောက်ခံအင်္ကျီအပေါ်မှ အင်္ကျီအရှည်ထပ်ဝတ်သည့် နှစ်ထပ်အင်္ကျီများ၊ မှန်ဇာအပါးမျိုး ထပ်ဝတ်သည့် Sheer ဖက်ရှင်များ ခေတ်စားခဲ့သည်။

ဂျင်းသားနှင့် ပိတ်အထူသား ဘောင်းဘီများပေါ် ပန်းထိုးဝတ် ဆင်သည့် ဒီဇိုင်း၊ ရှပ်အင်္ကျီနှင့် အ ပေါ်ထပ်အင်္ကျီများတွင် ပန်းထိုး ဝတ်ဆင်သည့်ဒီဇိုင်းများ ခေတ်စား ခဲ့သလို ခေါင်းလောင်းဘောင်းဘီ များလည်း တစ်ကျော့ပြန်ဝတ်ဆင် လာသည်။

စကတ်များ၊ အင်္ကျီများပေါ် တွင် အတွန့်အဖတ်လေးများနှင့် ဒီဇိုင်း လုပ်ထားသည့် Ruffle, Asymmetric ဖက်ရှင်များလည်း ၂၀၁၇ နှောင်းပိုင်းတွင် ရေပန်းစား ခဲ့သည်။


ခေတ်စားခဲ့သည့်ကုတ်ဝဲလည်ပင်းထောက် ဆံပင်ပုံစံဖြင့် စိုးပြည့်သဇင် (ဓာတ်ပုံ − Soe Pyae Thazin ဖေ့စ်ဘွတ်ခ်)

ခါးတိုအင်္ကျီများ၊ ပခုံးလျှော အင်္ကျီများက ယခင်နှစ်ကဲ့သို့ပင် လူကြိုက်များပြီး ယခုနှစ်တွင် BodySuit၊ ထိပ်ပိတ်နောက်ပွင့်ဒီဇိုင်း Mule ဖိနပ်ဒီဇိုင်းများ သိသိသာ သာဈေးကွက်ထဲရောက်ရှိလာပြီး ၁၉၈၀ ပြည့်နှစ်များဆီက ခေတ်စားခဲ့သော မျက်မှန်ဒီဇိုင်းများကို ရောင်စုံတပ်ဆင်လာကြောင်းI am fashion page မှ Fashion Blo-gger မေသော်က ပြောသည်။

အသုံးအဆောင်ပစ္စည်းများ၌ ၂၀၁၇ နှစ်စက စတင်၍ မျက်မှန်အကြည်အ၀ိုင်းလေးများတပ် ကြသည့် အလေ့အထခေတ်စားခဲ့သလို တစ်နှစ်တာလုံး ပျိုမဒီ များဝတ်ဆင်သည့် ဖက်ရှင်များ ထဲတွင် လည်ပိတ်အင်္ကျီဒီဇိုင်းများ အဓိကပါဝင်ခဲ့သည်။

၂၀၁၇ ဖက်ရှင်ရေစီးတွင် မအေးသောင်းအဆင်သည်လည်း မပါမဖြစ်သည့် အကြာင်းအရာ တစ်ခုဖြစ်ခဲ့သည်။ ကချင်၊ ရှမ်းကဲ့သို့ တိုင်းရင်းသားရိုးရာအဆင်ချည်ထည်များ၊  ချည်ကော်တွန်၊ ပိုးကော်တွန်နှင့် အပွင့်ဒီဇိုင်းများ မော်ဒယ်သရုပ်ဆောင် မအေးသောင်းကြောင့် တစ်ကျော့ပြန် ခေတ်စားလာကာ ပျိုမဒီများ ဝတ်ဆင်မှု များလာခဲ့သည်။ အပွင့်နု၊ အပွင့်သေး၊ အပွင့် နုတ်၊ အပွင့်ကြီး၊ အဆင်ရိုင်း၊ နုနု နယ်နယ်၊ ရင့်ရင့်ရဲရဲ အဆင်ဒီဇိုင်း ရောင်စုံများအပြင် ချစ်စရာကာ တွန်း ဒီဇိုင်းများနှင့် လှပနုရွလှ သော ချည်ထည်များကို မြန်မာဝတ် စုံကြိုက်နှစ်သက်သည့် အမျိုးသမီး ကြီးများသာမက အမျိုးသမီးငယ် များပါ နှစ်ခြိုက်စွာ ဝယ်ယူဝတ်ဆင်ကြခြင်းမျိုးကို ယခုနှစ်ပိုင်းတွင် မှတ်မှတ်ထင်ထင် တွေ့ရှိရသည်။

မြန်မာပွဲတက် ဖက်ရှင်ဘက် ကို ငဲ့ကြည့်မည်ဆိုလျှင် ချိတ်ဒီဇိုင်းများက ပွဲလမ်းသဘင်အတော်များများကို နေရာယူလာခဲ့သည်။


ရေပန်းစားခဲ့သည့် crop top ဖက်ရှင်

ယနေ့ခေတ်တွင် အနုပညာ ရှင်များနှင့် ပြင်ပလောကမှ လူများဝတ်ဆင်သော ဖက်ရှင်များ ကွာခြားမှုသိပ်မရှိကြပေ။ တစ်ခါတစ်ရံတွင် အနုပညာရှင်များကပင် အပြင်လူများဝတ်ဆင်သော ဖက်ရှင်များကို ပြန်လည်လေ့လာကာ လိုက်ဝတ်ရတတ်သည်။ ယနေ့ခေတ်တွင် အနုပညာရှင်မဟုတ်သော အပြင်လူများ၏ ဖက်ရှင်သည် ခေတ်နောက်ကျပြီး ကျန်မနေခဲ့တော့ပေ။

မြန်မာ ဖက်ရှင်ဘက်ကို ငဲ့ ကြည့်မည်ဆိုလျှင် မြန်မာ့ချိတ် ဒီဇိုင်းများက ပွဲတက်အခမ်းအနား များတွင် နေရာယူဆဲဖြစ်သည်။

ထို့အပြင် ၂၀၁၇ ထဲတွင် ထူး ခြားမှုအနေဖြင့် မြန်မာနိုင်ငံတွင် အလှအပနှင့်ပတ်သက်သော ဆေးခန်းအချို့ရှိလာခဲ့သည်။

အလှအပနှင့် ပတ်သက်ပြီးအသေးစားပြုပြင်ခြင်းများကို မြန်မာ ပြည်တွင်း၌ပင် အလွယ်တကူ ပြုလုပ်လာကြသလို ဘန်ကောက်နှင့် ကိုရီးယားနိုင်ငံတို့တွင် သွား ရောက်ပြင်ဆင်ခြင်းများ ရှိလာခဲ့ သည်။ခွဲစိတ်ပြုပြင်ရန် ကြောက်ရွံ့ သူများအတွက် ဆေးထိုး၍ ပြောင်းလဲပြုပြင်ခြင်းသည်လည်း ၂၀၁၇ တွင် ခေတ်စားခဲ့သော အလှအပဆိုင်ရာများထဲမှ တစ်ခုဖြစ်သည်။

နာမည်ကြီး Beauty Blogger နေခြည်ဦးကိုယ်တိုင် နှာခေါင်း၊ နှုတ်ခမ်းနှင့် မေးစေ့များကို Fillerထိုးထားကြောင်း ၎င်းအသုံးပြု သည့် beautybynaychi Page တွင် တရားဝင်ပြောပြကာ ဆွေးနွေးမျှဝေဖူးသည်။

ဆံပင်ဒီဇိုင်းတွင် အနုပညာ ရှင်များက ကုပ်ဝဲလည်ပင်း ထောက် ဆံပင်ပုံစံထားရာမှ အ မျိုးသမီးငယ်လေးများကပါ ကုပ်ဝဲ လည်ထောက် ဆံပင်ဒီဇိုင်း အ ထားများလာသည်။ ဆံပင်အ ရောင်ကို တစ်ခေါင်းလုံးမဆိုးဘဲ ဆံပင်အောက်ဖျား ထက်ဝက်ခန့် သာဆိုးသည့် ဒီဇိုင်းများလည်း ယခုနှစ်တွင် ခေတ်စားခဲ့သည်။

အမျိုးသားများတွင် အကွက် အဆင်ဘောင်းဘီများ၊ ဖလန်နယ် ပင်၊ ဘေးအဆင်းဂျင်းပင်၊  ရိုးရိုး ဂျင်းပင်၊ ရှော့ပင်နှင့် ဟာဝိုင်အီ ရှပ်ပုံစံအပွင့်ဒီဇိုင်းများ ခုံခုံမင်မင် ဝတ်ဆင်လာကြသည်။ ရိုးရိုးဂျင်း ဘောင်းဘီအရှည်နှင့် တီရှပ်ဝတ် ဆင်သည့် ဒီဇိုင်းလည်း ခေတ်စား ခဲ့ပြီး စတိုင်ပင်၊ တီရှပ်နှင့်ကုပ်ထပ် ဝတ်သည့် ဒီဇိုင်းများလည်း အဝတ် များခဲ့သည်။ ဆံပင်ပုံစံတွင် ဘေးနှစ်ဖက်ပါး၍ အပေါ်အနည်းငယ်အရှည်ထားသော ဆံပင်ပုံစံမှာ ခေတ်အစားဆုံးဖြစ်သည်။