YBS သတင်းအမှောင်မချပါနှင့်

စီးပွားရေးမြို့တော်ရန်ကုန်မြို့တွင် ပြည်သူ နှစ်သန်းကျော် နေ့စဉ်အသုံးပြုနေသော YBS(ရန်ကုန်ဘတ်စ်ကား ဝန်ဆောင်မှု)နှင့် ပတ်သက်သော အစည်းအဝေး ဆုံးဖြတ်ချက်များကို မီဒီယာများအားမပြောရန် ပိတ်ပင်ထားခြင်းက ကြားလိုက်သူအပေါင်းကို အံ့ဩမှင်တက်စေခဲ့ သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင်ပြည်သူများ၏ တစ်ခဲနက်ထောက်ခံ မှုဖြင့်တက်လာသော ဒီချုပ်အစိုးရလက်ထက်မှဟုတ်ပါလေစဟု သံသယပွားနိုင်သောအခြေအနေဖြစ်၏။

YBS နှင့်သက်ဆိုင်သောအစည်းအဝေး ဆုံးဖြတ်ချက်များကို မီဒီယာအားပြောကြားပါက အရေးယူမည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA)က တားမြစ်ခြင်းသည်  ပြည်သူများကို YBS နှင့်ပတ်သက်၍  ဘာမျှ မထုတ်ပြန်တော့ဟူသော အဓိပ္ပာယ်နှင့်အတူတူပင်ဖြစ်သည်။ မီဒီယာသည် ပြည်သူများ၏ သိပိုင်ခွင့်ကို ဖြည့်ဆည်းပေးသူ၊ အသံရှိသူနှင့် အသံမဲ့သူ- အစိုးရနှင့် ပြည်သူတို့အတွက် ပေါင်းကူးတံတားဖြစ်သည်။ ထို့ကြောင့် မီဒီယာကိုမပြောရန်တားမြစ်ခြင်းသည် ပြည်သူကိုမပြောရန် တားမြစ်ခြင်းပင်ဖြစ်လေသည်။

ရန်ကုန်နေပြည်သူနှစ်သန်းခန့် သွားလာရေးအတွက် နေ့စဉ်အသုံးပြုမှီခိုနေရသော YBS ကောင်းခြင်း၊ ဆိုးခြင်းကို ပြည်သူများ သိပိုင်ခွင့်ရှိပါ သည်။ စစ်အာဏာရှင် အစိုးရလက်ထက်နှင့် ဦးသိန်းစိန်အစိုးရလက်ထက် မှာပင် မထသ(မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးအဖွဲ့) နှင့် သက်ဆိုင်သောသတင်းများကို တာဝန်ရှိသူများက လွယ်ကူအဆင် ပြေစွာထုတ်ပြန်ပေးသည့်အပြင် ပုံမှန်သတင်းစာရှင်းလင်းပွဲများပြုလုပ် ပေးခဲ့ပါသည်။ ထို့ကြောင့် ရွေးကောက်ခံအစိုးရလက်ထက်တွင်မှ သတင်းအမှောင်ချခြင်းမှာ မည်သို့မျှ လက်မခံနိုင်သောအခြေအနေဖြစ် ပါသည်။

YBS နှင့်သက်ဆိုင်သောသတင်းများ မီဒီယာများအားမပြောရန်တား မြစ်ခြင်းသည်တာဝန်ရှိသူများက မီဒီယာနှင့်ပတ်သက်၍အထင် အမြင်လွဲမှုရှိနေသောကြောင့်ဟုသုံးသပ်ရပါသည်။ ပြင်ဆင်ချိန်အနည်းငယ်ဖြင့် ၂၀၁၆ ဇန်နဝါရီ ၁၆ ရက်တွင် စတင်ဝန်ဆောင်မှုပေးခဲ့သော YBS ၏ အစောပိုင်းကာလရုန်းကန်ခဲ့ရမှုများ၊ အဆင်မပြေမှုများမှာ မီဒီယာ ကြောင့်ဟု လွဲမှားစွာကောက်ချက်ချမည်ကို အလွန်စိုးရိမ်မိပါသည်။

အမှန်တွင်YBS စတင်ရန်ပြင်ဆင်ချိန်မှ   ပြေးဆွဲချိန်ထိ   ပင်မ မီဒီယာ(Main Stream Media)များက ပြည်သူများဘတ်စ်ကား စနစ်သစ်ကို ကောင်းမွန်စွာနားလည်သဘောပေါက်ရန် ကြိုတင်ပြင်ဆင်မှုအခြေအနေ၊ စနစ်သစ်၏အပြောင်းအလဲများ၊ ယာဉ်လိုင်းနှင့်သက်ဆိုင် သောအချက်အလက်များကို  ပြည့်စုံစွာထုတ်ပြန်၍ ပါဝင်ကူညီခဲ့သည်။ ကြိုတင်ပြင်ဆင်မှုအားနည်းချက်များရှိနေခြင်းနှင့်ပတ်သက်၍လည်း ပွင့်လင်းစွာဝေဖန်အကြံပြုခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။  သို့သော် အကောင့်တုဖြင့် လိုသလိုရေးသား၍ရသောဖေ့စ်ဘွတ်ခ်ကဲ့သို့ ဆိုရှယ် မီဒီယာပေါ်တွင် YBS နှင့်ပတ်သက်၍သတင်းများရော၊ ကောလာဟလ များရော၊ ဝါဒဖြန့်သတင်းတုများရောအစုံပင်ဖြစ်သည်။ ထို့ကြောင့် တာဝန်ခံမှု၊ ကျင့်ဝတ်တို့နှင့်အညီလုပ်ကိုင်ရသော ပင်မမီဒီယာများနှင့် ဖေ့စ်ဘွတ်ခ်ဆိုရှယ်မီဒီယာပေါ်မှ အကောင့်တုများ၊ စာမျက်နှာ အတုများ၊ ဝါဒဖြန့်အကောင့်တို့၏ ကွာခြားပုံကို ရန်ကုန်တိုင်းအစိုးရ နှင့် YBSမှတာဝန်ရှိသူများက ခွဲခြားတတ်ပြီး သဘောပေါက်ရန် လို ပါသည်။

သတင်းအချက်အလက်များကို ပွင့်လင်းမြင်သာစွာ မီဒီယာမှတစ် ဆင့်မထုတ်ပြန်ဘဲ သတင်းအမှောင်ချလိုက်လျင် ကောလာဟလများ သာ ပိုထွက်လာမည်ဖြစ်သည်။ ထို့ကြောင့် စီးပွားရေးမြို့တော်ရန်ကုန် မြို့၏အရေးပါဆုံး အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းအ နေဖြင့် ခရီးသွားပြည်သူများအတွက် YBS သတင်းများကို အမှောင် မချရန်တိုက်တွန်းလိုက်ရပါသည်။

Top News