အင်းဝအပ်ချုပ်ဆိုင် မိသားစုဝင်လေးဦးကို နှစ်ရှည်ထောင်ဒဏ်ချမှတ်၊ နှစ်ဦးကွင်းလုံးကျွတ်လွတ်

အင်းဝအပ်ချုပ်ဆိုင်မိသားစုဝင်များကို အချုပ်ကားဖြင့်သယ်ဆောင်လာပြီး တရားရုံးအပေါက်ဝတွင် ချပေးနေစဉ်နှင့် သတင်းရယူနေသော သတင်းထောက်များကို ယမန်နေ့က တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)

အိမ်အကူနှစ်ဦးကို လစာ မပေးဘဲ ညှဉ်းပန်းနှိပ်စက်မှုဖြင့် တရားရင်ဆိုင်နေရသော အင်းဝ အပ်ချုပ်ဆိုင် မိသားစုဝင်ခြောက် ဦးတွင် လေးဦးကို နှစ်ရှည်ထောင် ဒဏ်များ ချမှတ်ပြီး နှစ်ဦးကို အမှု မှ ကွင်းလုံးကျွတ်လွတ်ကြောင်း အမိန့်ချခဲ့သည်။

အင်းဝအပ်ချုပ်ဆိုင်မိသားစု ဝင်ခြောက်ဦးတွင် စွပ်စွဲခံရသည့် ပြစ်မှုများကျူးလွန်ကြောင်း ထင် ရှားသဖြင့် မိခင် ဒေါ်တင်သူဇာကို ထောင်ဒဏ် ၁၆ နှစ်နှင့်တစ်လ၊ သမီးငယ် စုမွန်လတ်ကို ၁၆ နှစ် နှင့်တစ်လ၊ သားကြီး တင်မင်း လတ်ကို ကိုးနှစ်နှင့် တစ်လ၊ သမက်ရာဇာထွန်းကို ၁၃ နှစ်နှင့် တစ်လ အလုပ်နှင့် ထောင်ဒဏ် အသီးသီးကျခံစေရန် အနောက် ပိုင်းခရိုင်တရားရုံးက ဒီဇင်ဘာ ၁၅ ရက်တွင် ချမှတ်ခြင်းဖြစ် သည်။

သမီးကြီး ဒေါ်သီရိလတ်နှင့် ဖခင် ဦးကိုလတ်တို့နှစ်ဦးသည် ပြစ်မှုကျူးလွန်ရာတွင် အားပေး ကူညီခဲ့သည်ဆိုသော စွပ်စွဲချက် ပြစ်မှုများ မထင်ရှားသဖြင့် အမှုမှ ကွင်းလုံး ကျွတ်လွတ်ကာ အမိန့် ချပြီးနောက် ညနေ ၅ နာရီတွင် ခရိုင်တရားရုံးမှ ၎င်းတို့ နေအိမ်သို့ ပြန်သွားခဲ့သည်။အဆိုပါအမှုကို ၂၀၁၆ အောက်တိုဘာကစ၍ တစ်နှစ် ကျော် စစ်ဆေးပြီးနောက် အမိန့် ချမှတ်ခြင်းဖြစ်သည်။

နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံ ရသူလေးဦးကို လူကုန်ကူးမှု၊ နာ ကျင်စေမှုနှင့် ကလေးသူငယ် ဥပဒေပုဒ်မများဖြင့် စွဲဆိုထားပြီး ကွင်းလုံးကျွတ်လွတ်သူနှစ်ဦးကို လူကုန်ကူးမှု၊ အားပေးကူညီမှုများ ဖြင့် စွဲချက်တင်ထားပြီး ယင်းသို့ အမိန့်ချခဲ့ခြင်းဖြစ်သည်။

တရားခွင်အခြေအနေ

တရားခံ ဒေါ်တင်သူဇာသည်ဆီးချိုရောဂါခံစားနေရသဖြင့် ခြေထောက်တွင် ပတ်တီးစည်းထားရ ကာ တရားခွင်သို့ ဝှီးလ်ချဲဖြင့် တက်ရောက်၍ အမိန့်နာခံသည် ကို တွေ့ရသည်။ အင်းဝအပ်ချုပ် ဆိုင်အမှုကို အမိန့်ချရန် တရားခွင်အတွင်း ရဲဝန်ထမ်း ၁၀ ဦး စောင့် ကြပ်ပြီး တရားခွင်အပြင်တွင် ရဲဝန်ထမ်း ၂၀ ဦးခန့် စောင့်ကြပ်ခဲ့သည် ကို တွေ့ရသည်။

အမိန့်ချပြီးနောက် အင်းဝ အပ်ချုပ်ဆိုင်မိသားစုဝင်များသည် ယခင်ရုံးချိန်းများကဲ့သို့ သတင်းထောက်များထံ ၎င်းတို့၏ ဆန္ဒကို အော်ဟစ်ပြောဆိုခြင်း မရှိတော့ပေ။

နောက်ဆုံးအမိန့်ချသည်အ ထိ အင်းဝအပ်ချုပ်ဆိုင်မိသားစုကို သတင်းဓာတ်ပုံရယူခွင့် မရှိပေ။ သတင်းဓာတ်ပုံရယူနိုင်မည့်နေရာ များကို ပိတ်ဆို့ထား၍ ဓာတ်ပုံရိုက်နိုင်ခြင်းမရှိပေ။

နေအိမ်ပြန်နိုင်သူတို့၏ ပြော စကား

မသီရိလတ်က မှားခဲ့သည်ဖြစ်စေ၊ လုပ်ကြံခံရသည်ဖြစ်စေ ထောင်ထဲက လူများကို ပြုပြင်ပြောင်းလဲနိုင်ရန် အခွင့်အရေးတစ်ခုပေးသင့်ကြောင်းနှင့် ထောင်ထဲက လူများသည် လွတ်ငြိမ်းချမ်းသာခွင့်ကို မျှော်လင့်နေကြောင်း ပြောသည်။

‘‘ကြောက်စရာကောင်းတဲ့ အိပ်မက်ဆိုးကြီးကနေ ကျွန်မက လွတ်မြောက်လာတယ်။ ဒါပေမဲ့ ကျန်တဲ့လူတွေအတွက်လည်း အ ရမ်းယူကျုံးမရဖြစ်တယ်။ အမေနဲ့ ညီမလေးက ခံနိုင်ရည်လည်း ရှိပါ့ မလား မသိဘူး။ အမေက တစ်နှစ်တောင် ထောင်ထဲမှာ ဆက်နေ မယ်ဆို အသက်ဆက်ရှင်နိုင်မယ့် လူမျိုးမဟုတ်ဘူး။ ဆီးချိုနဲ့ ခြေ ထောက်မှာ အနာဖြစ်တာ လူ လေး၊ ငါးယောက်နဲ့ ဝိုင်းမရတယ်’’ဟု မသီရိလတ်က မီဒီယာများ အား ဖြေကြားသည်။

ဦးကိုလတ်ကတော့ ၎င်း၏ ကံတရားအတိုင်းသာ ဖြစ်ရ ကြောင်း ပြောသည်။

အင်းဝအပ်ချုပ်ဆိုင်မိသားစုဝင် များ၏ နှိပ်စက်ခံခဲ့ရသည့် အိမ် အကူနှစ်ဦး အခြေအနေ

တရားခံ စုမွန်လတ်နှင့် ရာဇာထွန်းတို့က ၎င်းတို့ အိမ်အကူ၏ လက်ချောင်းများကို လှန်ချိုးခဲ့ခြင်း ကြောင့် လက်ချောင်းများကျိုး၍ လှုပ်ရှားနိုင်စွမ်းမရှိတော့သည့် အဆိုပါ အိမ်အကူကို ရန်ကုန် ဆေးရုံကြီး အရိုးအထူးကုဆရာ ဝန် ပါမောက္ခ ဒေါက်တာခင်မောင်မြင့်က ခွဲစိတ်ကုသပေးထားသည်။

ဒေါက်တာခင်မောင်မြင့်က အိမ်အကူမိန်းကလေး၏ လက်ရှိ အခြေအနေနှင့်ပတ်သက်၍ ‘‘အခု တော်တော်လေး ပြန်ကောင်းနေ ပြီ။ စာရေးနိုင်နေပြီ။ ပန်းချီဆွဲနိုင် နေပြီ။ အလုံးစုံကြီး အရင်အတိုင်း ပြန်ကောင်းတာတော့ မဟုတ်ဘူး ပေါ့’’ဟု ဒီဇင်ဘာ ၁၄ ရက်တွင် 7Day Daily သတင်းစာအား ဖြေ ကြားသည်။

ဒေါ်တင်သူဇာ၏ နှိပ်စက် ခြင်းခံရသော အိမ်အကူမိန်းက လေးသည် စိတ်ရောဂါကုသရပြီး ယခုအခါ အိမ်အကူနှစ်ဦးစလုံးမှာ စက်ချုပ်ပညာသင်ကြားနေ၍ အင်္ကျီ၊ လက်အိတ်၊ လွယ်အိတ် စသည့်လူ့အသုံးအဆောင်ပစ္စည်း များ ပြုလုပ်တတ်နေပြီဟု အိမ်အ ကူနှစ်ဦးကို စောင့်ရှောက်ထား သည့် အမျိုးသမီးသက်မွေးပညာ ကျောင်း ကျောင်းအုပ်ကြီးက 7Day Daily သတင်းစာအား ဖြေ ကြားသည်။

ထိုအိမ်အကူမိန်းကလေးနှစ် ဦးကို ဒီဇိုင်းပညာဆက်လက်သင် ကြားနိုင်ရန် စီစဉ်ထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

ပြစ်ဒဏ်ချခံရသည့် ပုဒ်မများနှင့် ထောင်ဒဏ်များ

အင်းဝအပ်ချုပ်ဆိုင်မိသားစု ဝင်လေးဦးကို စွဲချက်တင်ထား သော လူကုန်ကူးမှု၊ အပြင်းအ ထန် နာကျင်စေမှု၊ ကလေးသူ ငယ်အမှုတို့အတွက် ပြစ်ဒဏ် သီးခြားကျခံစေရန် ချမှတ်ခြင်းဖြစ် သည်။ မတရားချုပ်နှောင်ထားမှု ဖြင့် စွဲချက်တင်ထားသော်လည်း သက်သေ ထွက်ဆိုထားမှုများ သည် ပြစ်မှုမထင်ရှားကြောင်း ဆုံးဖြတ်ခဲ့သည်။ ယင်းအစား ပုဒ်မ ၃၄၁ မတရားတားဆီးကန့်ကွက်မှု ဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ဒေါ်တင်သူဇာနှင့် မစုမွန် လတ်သည် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးပုဒ်မ ၂၄၊ ၂၉ အ တွက် ပြစ်ဒဏ် ၁၀ နှစ်၊ အပြင်း အထန်နာကျင်စေမှုအတွက် ပြစ် ဒဏ်ငါးနှစ်၊ ကလေးသူငယ်မှုဖြင့် တစ်နှစ်၊ မတရား တားဆီးကန့် ကွက်မှုအတွက် အလုပ်မဲ့ထောင် ဒဏ်တစ်လဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၆ နှစ်နှင့်တစ်လ ချမှတ်ခံ ရသည်။

ရာဇာထွန်းသည် လူကုန်ကူး မှု တားဆီးကာကွယ်ရေးပုဒ်မ ၂၄၊ ၃၂ အတွက် ပြစ်ဒဏ် ခုနစ် နှစ်၊ အပြင်းအထန်နာကျင်စေမှု အတွက် ပြစ်ဒဏ်ငါးနှစ်၊ ကလေး သူငယ်မှုဖြင့် တစ်နှစ်၊ မတရား တားဆီးကန့်ကွက်မှုအတွက် အ လုပ်မဲ့ထောင်ဒဏ်တစ်လဖြင့် စုစု ပေါင်း ထောင်ဒဏ် ၁၃ နှစ်နှင့် တစ်လချမှတ်ခံရသည်။

ကိုတင်မင်းလတ်ကို လူကုန် ကူးမှုတားဆီးကာကွယ်ရေးပုဒ်မ ၂၄၊ ၃၂ အတွက် ပြစ်ဒဏ်ခုနစ်နှစ်၊ အပြင်းအထန် နာကျင်စေမှုအ အတွက် ပြစ်ဒဏ်တစ်နှစ်၊ ကလေးသူငယ်မှုဖြင့် တစ်နှစ်၊ မတရား တားဆီးကန့်ကွက်မှုအတွက် အ လုပ်မဲ့ထောင်ဒဏ်တစ်လဖြင့် စုစု ပေါင်း ပြစ်ဒဏ်ကိုးနှစ်နှင့်တစ်လ ချမှတ်သည်။

အမိန့်နှင့်ပတ်သက်၍ တရားခံများအနေဖြင့် တိုင်းတရားလွှတ် တော်သို့ အယူခံတင်ပြခွင့်ရရှိမည် ဖြစ်သည်။