ကိုဆွေ ၀တ္ထုတိုများ

ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးအပြီး ၁၉၉၀ ပြည့်လွန်ကစ၍ ၂၀၀၀ ပြည့်နှစ်အတွင်း ထွက်ရှိခဲ့သော မဂ္ဂဇင်းများတွင် ပါဝင်သည့် ၀တ္ထုတိုအချို့သည် သမားရိုးကျရေးဟန်ပုံစံမှ ခွဲထွက်လာကြ သည်။ ဟန်သစ်၊ ရနံ့သစ်အစရှိသော မဂ္ဂဇင်းအချို့ တွင် ထိုဝတ္ထုမျိုး မကြာခဏပါလာကြောင်း စာဖတ် သူများ သတိပြုမိလာသည်။ ယင်းတွင် ပိုင်စိုးဝေ၊ နေမျိုး၊ သစ္စာနီ၊ ကိုဆွေ စသည့် ၀တ္ထုတိုဆရာများ၏ ၀တ္ထုများသည် ပုံမှန်ဖော်ပြနေသောဝတ္ထုများနှင့်မတူ တစ်မျိုးတစ်ဘာသာ ခွဲထွက်လာပါသည်။ သစ္စာနီမှ အပ ပိုင်စိုးဝေနှင့် နေမျိုးတို့သည် မန္တလေးအခြေစိုက် ၀တ္ထုတိုဆရာများဖြစ်ပြီး ကိုဆွေသည် ပြည်မြို့ဇာတိ သားဖြစ်သည်။ ၎င်းတို့၏၀တ္ထုများကို သမားရိုးကျပုံစံမှ ခွဲထွက်သည်ဆိုရခြင်းမှာ ထိုအချိန်က ရေးလေ့ရှိ သော မြန်မာ့ဝတ္ထုတိုအများစုနှင့် ပုံသဏ္ဌာန်ကွဲလွဲနေပြီး ဇာတ်အိမ်ဇာတ်ကွက် ပါချင်ပါမည်။ မပါချင် မပါ၊ လွတ်လွတ်လပ်လပ်ကြီး ရေးဖွဲ့ကြသောကြောင့် ဖြစ်သည်။ သို့ရာတွင် ထိုဝတ္ထုတိုများ၌ သင်္ကေတ၊ နိမိတ်ပုံနှင့် ပြကွက်ချည်းသက်သက် ဖော်ညွှန်းသော ရေးဖွဲ့မှုများမြင်ရပြီး ထိုရေးဟန်များကိုလည်း လူ ငယ်စာသမားများက တဖြည်းဖြည်းနှစ်ခြိုက်သဘော တွေ့လာသည်။ 


ယင်းကာလများ၌ ကိုဆွေသည် စာရေးအား ကောင်းခဲ့ပြီး လိမ္မော်သီးတစ်လုံး၊ မှော်တောင်ကုန်း ၀တ္ထုတိုစာအုပ်နှစ်အုပ် ထွက်ခဲ့သည်။ ပြီးခဲ့သည့်ဒီဇင်ဘာ ၁ ရက်သည် ၀တ္ထုတိုဆရာကိုဆွေ၏ နှစ်(၇၀)ပြည့် မွေးနေ့ဖြစ်ခဲ့ပြီး သူကိုယ်တိုင်ကမူ ကွယ် လွန်ချိန် ငါးနှစ်တိုင်ခဲ့ပြီ။ ထို့ကြောင့် နှစ်ကာလများစာပေက ကိုဆွေ မွေးနေ့နှစ်(၇၀)ပြည့် အမှတ်တရအဖြစ် ယခုစာအုပ်ကို စီစဉ်ထုတ်ဝေကြောင်း သတင်းစကားပါးထားသည်။ စာအုပ်တွင် ၀တ္ထုတိုစုစုပေါင်း ၃၂ ပုဒ် ပါဝင်သော်လည်း ကျန်ရှိနေသေး၍ ဆက်လက်ထွက်မည်ဟု မျှော်လင့်ရသည်။ ယနေ့ခေတ်တွင်မူ လူအချို့သည် ကိုဆွေကို မေ့လျော့နေကြပြီ။ ထိုအခြေအနေမျိုးတွင် ၀တ္ထုတိုဆရာကိုဆွေ မည်ကဲ့သို့ ရေးဖွဲ့ခဲ့ကြောင်း၊ စာပေအနုပညာအလုပ်ကို မည်မျှအားစိုက်ခဲ့ကြောင်း၊ ၀တ္ထုရေးရာ၌ စကားလုံးများကို တစ်လုံးချင်းစီ မည်သို့စိစစ်သုံးသပ်ရေးဖွဲ့ခဲ့ကြောင်း ယခုစာအုပ်ကို သေချာစွာဖတ်ရှုပါက ခံစားသိရှိနိုင်ပါမည်။ ရိုးဖြောင့်သူများ အိပ်ရာထချိန် ၀တ္ထုတစ်နေရာတွင် ‘ဟော...လျှောက်ရင်း လျှောက်ရင်းနဲ့ ကျုပ်အိမ်ရှေ့ ပြန်ရောက်လာပြီ။ အမှတ်တမဲ့ သလိပ်ဟက်လိုက်မိတယ်။ တံခါးဆွဲဖွင့်လိုက်တယ်။ မြင်ကွင်းက လျှပ်ပြက်တာထက်တောင်မြန်သေး။ ဒါပေမဲ့ ရင်ထဲ တောစီးဖိနပ်နဲ့ ဆောင့်ကန်ခံလိုက်ရသလို ကျုပ် ဒိန်းတလိန်းနတ် အဖမ်းခံလိုက်ရတယ်။

ပိတ်ထားတဲ့ တံခါးရဲ့နောက်ကွယ်မှာ ဘာတွေ ဖြစ်နေလဲ၊ ခင်ဗျားတို့ သိချင်ကြလိမ့်မယ်။ တံခါးရဲ့ နောက်၊ တန်းလျားနှစ်လုံးဆက်ထားတဲ့ အိပ်ရာပေါ် ခြင်ထောင်အနွမ်းလေးရဲ့ ခြေရင်းဘက်ကနေ ကျုပ် မိန်းမ လှစ်ခနဲပြေးပြီး ပျောက်သွားလေရဲ့။

အပြင်ဘက် အလင်းရောင်ထဲကလာတဲ့ ကျုပ် အဖို့ အိမ်ထဲက အမှောင်ကို ကျင့်သားမရတော့ မြင် ကွင်းက ၀ိုးတ၀ါး။ ဒါပေမဲ့ ကျုပ် သေချာတယ်။ အိမ် မှာ လာခိုကပ်နေတဲ့ ကောင်လေးရဲ့ အိပ်ရာထဲကနေ သူ ထွက်ပြေးတာ။ ကျုပ်မျက်စိနဲ့ တပ်အပ်မြင်လိုက် တယ်’ဟု ရေးထားသည်။ စာအုပ်အမှာတွင် ‘ Sniper တစ်ယောက် သေနတ်ပစ်ဖို့ ကျည်ဆန်ရောက်အား၊ လေတိုက်နှုန်းနဲ့ တိုက်ခိုက်ချိန်မှာ အသက်ရှူနှုန်းဆိုတာတွေကို အမြဲတမ်းသတိထားနေရသလိုကျွန်တော် စာရေးလေ့ရှိပါတယ်။ နည်းကတော့ ရှုမ၀ဦးကျော်ရဲ့ ‘၀တ္ထုတစ်ပုဒ်ဖြစ်စေ၊ ရုပ်ရှင်ကားကြီးတစ်ကားဖြစ်စေ ဇာတ်လမ်းက အဓိကမဟုတ်၊ ဖန်တီးမှုတင်ပြကွက် သာ အရေးကြီးတယ်’ဆိုတဲ့ နည်းပါပဲ။ ...ကမ္ဘာဦးက ဂူအောင်းလူရဲ့သွေးတွေ ကျွန်တော့်ကိုယ်ထဲ စီးနေ ဆဲပဲ။ ဒါကြောင့် ကျွန်တော်ဟာ ရေကြည်ရာ မြက်နု ရာရှာတယ်။ ပြောချင်တာက ၀တ္ထုတိုရေးနည်းအသစ် တွေ၊ တစ်ပုဒ်ပြီးတစ်ပုဒ် စမ်းသပ်ကြည့်နေမိတာကိုပါ။ ရေမကြည် မြက်မနုတဲ့နေရာ ဘယ်သူနေချင်ပါ့မလဲ။ တစ်နေ့သောအခါမှာတော့ ကျွန်တော့်နာမည် လက် မှတ်ပဲပါတဲ့ ဗလာစာရွက်လေးတစ်ရွက်ကို ဗလာ သက်သက် ပေးနိုင်တဲ့နေ့တစ်နေ့ စာဖတ်သူတွေအ တွက် ရောက်လာပါလိမ့်မယ်။ ၃၁ ဘုံမှာဘာမှမရှိဘူး။ ဗလာပဲရှိတယ်။ ဗလာရဲ့တန်ဖိုးကို သိတဲ့သူ၊ ဉာဏ်တူရင် ယူကြပေတော့လို့ပြောတဲ့ ကျွန်တော်ဟာ အမှန်တကယ်တော့လည်း ကိုဆွေ မဟုတ်ပြန်ပါဘူး။ ‘အသုဘ’တစ်ခုမျှသာဖြစ်ပါတယ်’ဟု ပြောထားသည်။ ယခုစာအုပ်ကို တန်ဖိုး ၃,၀၀၀ ကျပ်ဖြင့် ဖြန့်ချိသည်။