ပုဂံရှိ ကျေးရွာခြောက်ရွာ ဒေသခံများ၏ တောင်းဆိုချက်အချို့ကို ရှေးဟောင်းဌာန လိုက်လျောပေး

ဖြေလျှော့မှုများက ယူနက်စကို စာရင်းဝင်ရေး မထိခိုက်ဟုဆို

ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ် ဒေသအဖြစ် စာရင်းတင်သွင်းထားသော ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်းမှ  နုတ်ထွက် ခွင့်တောင်းဆိုထားသည့် ဖွားစော၊ မင်းနန်သူနှင့် မြင်းကပါအပါအဝင် ကျေးရွာခြောက်ရွာ ရှိ ဒေသခံများကို တည်းခိုခန်းအဆောက်အ အုံများ ဆောက်လုပ်ခွင့်နှင့် Home Stay (ဧည့်နေထိုင်ခွင့်)များ ခွင့်ပြုမည်ဖြစ်ကြောင်း ယူနက်စကိုနှင့် ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်တင်သွင်းရေး အဖွဲ့တာဝန်ရှိသူများက ပြောသည်။

ပုဂံဒေသကို ယူနက်စကိုစာရင်းတင်သွင်းရာတွင် ရှေးဟောင်း အမွေအနှစ်ဇုန်(အနီရောင်) အ တွင်းထည့်သွင်းထားသည့် အရှေ့ဖွားစော၊ အနောက်ဖွားစော၊ မင်း နန်သူ၊ သူဌေးကန်၊ တောင်ဘီနှင့် မြင်းကပါကျေးရွာတို့ကို လူနေဇုန် (အဝါရောင်)အတွင်း ပြောင်းလဲ ထည့်သွင်းပေးရန် အဆိုပါကျေး ရွာဒေသခံများက တောင်းဆိုရာ ယူနက်စကိုနှင့် ပုဂံဒေသကမ္ဘာ့ အမွေအနှစ်တင်သွင်းရေးအဖွဲ့ တာဝန်ရှိသူများက ကျေးရွာများ ကို ပြောင်းလဲထည့်သွင်းခွင့်မပေး ဘဲ ဒေသခံများ တောင်းဆိုသည့် အချက်အချို့ကို ပြန်လည်ဖြေ လျှော့ပေးခြင်းဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် မှာကြားထားသည့်အတိုင်း ပုဂံ ဒေသခံများ ဖွံ့ဖြိုးတိုးတက်ရေး နှင့် အဆင်ပြေစေရေး ပြန်လည် ဖြေလျှော့ပေးခြင်းဖြစ်ကြောင်း ပုဂံဒေသကမ္ဘာ့အမွေအနှစ်တင် သွင်းရေး စာတမ်းရေးသားရေး အဖွဲ့အတွင်းရေးမှူး ရှေးဟောင်း သုတေသနဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးသိန်းလွင်က 7Day Daily သတင်းစာအား အ တည်ပြုပြောကြားသည်။

‘‘Home Stay (ဧည့်နေထိုင် ခွင့်)လေးတွေတော့ ခွင့်ပြုပေး သွားမှာပါ။ နောက်ပြီး အဆောက် အအုံကလည်း မြန်မာဆန်ဆန်စတိုင် ဖြစ်ရမှာပေါ့နော်။ ကြောင်တိကြောင်ကျားတွေနဲ့ မြန်မာမဆန်တဲ့ အဆောက်အအုံ ဆိုရင်တော့ ခွင့်မပြုဘူးပေါ့။ ယူ နက်စကိုကလည်း ဒါကို ခွင့်ပြုပေးပါတယ်။ ဒေသခံတွေနဲ့ အဆင် ပြေအောင် ပြန်ညှိရတာပေါ့။ ဒေ သခံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လည်း ပြန်ကြည့်ရမှာပေါ့။ ကမ္ဘာ့ အမွေအနှစ် လုပ်ငန်းစဉ်ကိုက ဒေသခံတွေ ဖွံ့ဖြိုးတိုးတက်မှုပါ တယ်လေ။ စည်းပျက်ကမ်းပျက် ကြီးတော့ လုပ်လို့မရဘူးပေါ့။ ယဉ်ကျေးမှုအမွေအနှစ်ထဲမှာ နေထိုင် တယ်ဆိုရင် ယဉ်ကျေးမှုအနေအ ထားမျိုးတော့ လုပ်ရတာပေါ့လေ’’ ဟု ဦးသိန်းလွင်ကပြောသည်။

ယင်းကျေးရွာများကို ရှေး ဟောင်းအမွေအနှစ်ဇုန် (အနီ ရောင်)အတွင်း ထည့်သွင်းပါက အဆောက်အအုံသစ်များ ဆောက်လုပ်ခွင့်မပေးခြင်းနှင့် ယူနက်စကို ၏ စည်းမျဉ်းဥပဒေနှင့်အညီ နေ ထိုင်ရမည်ဖြစ်သောကြောင့် ရှေး ဟောင်းအမွေအနှစ်ဇုန် (အနီ ရောင်)မှ လူနေဇုန် (အဝါရောင်) သို့ ပြောင်းလဲပေးရန် ဒေသခံများ က တောင်းဆိုခြင်းဖြစ်သည်။

‘‘ကမ္ဘာ့အမွေအနှစ် တင် တယ်ဆိုကတည်းက နံပါတ်တစ် အနေနဲ့ ဘုရား၊ အုတ်၊ ကျောင်း အမွေအနှစ်တွေကို မပျောက် ပျက်ရအောင်ပေါ့။ နံပါတ်နှစ်အ နေနဲ့က ဒေသခံတွေ စီးပွားရေး၊ ဖွံ့ဖြိုးရေး ပိုမိုတိုးတက်လာဖို့အ တွက်ပေါ့။ ဒါကိုလည်း ကြည့်ပေး ရတာပေါ့’’ဟု ဦးသိန်းလွင်ကပြောသည်။

ယူနက်စကို၏ ယဉ်ကျေးမှု ဌာနအစီအစဉ်ညှိနှိုင်းရေးမှူး ဒေါ် ဥမ္မာမျိုးက ‘‘ယူနက်စကိုအတွက် ကတော့ အဆင်ပြေပါတယ်။ သူ တို့လည်း ဇုန်ထဲက ထွက်မယ်တွေ မရှိတော့ပါဘူး။ သူတို့က အိမ်တွေ၊ ဘာတွေဆောက်ရတာ အစ က အဆင်မပြေဖြစ်နေတာ။ ပြဿနာမရှိတော့ပါဘူး။ သူတို့ရွာတွေ ကိုတော့ ကမ္ဘာ့အမွေအနှစ်ထဲ ထည့်ရမှာလေ။ မထည့်ရင်တော့ ကမ္ဘာ့အမွေအနှစ်မရနိုင်ဘူး’’ဟု ပြောသည်။

ထိုကျေးရွာခြောက်ရွာသည် ကမ္ဘာ့လှည့်ခရီးသွားများ စိတ်ဝင်တစား လာရောက်လည်ပတ်သော ကျေးရွာများဖြစ်သော ကြောင့် တည်းခိုခန်းနှင့် Home Stay (ဧည့်နေထိုင်ခွင့်)များ ပြုလုပ်၍  စီးပွားရေးလုပ်ငန်း လုပ်ကိုင်လိုသောကြောင့် တောင်းဆိုခြင်း ဖြစ်ကြောင်း မြင်းကပါကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်စိုးလင်း က ပြောသည်။

‘‘ကျွန်တော်တို့ တင်ပြတဲ့၊ တောင်းဆိုတဲ့ဟာတွေ သူတို့ဘက်က ကျေနပ်လက်ခံပါတယ်။ ကျွန် တော်တို့က ကန့်ကွက်တာလည်း မဟုတ်ဘူး။ ကျွန်တော်တို့ရွာတွေ ရှေ့လျှောက်နေထိုင်ရတဲ့အပေါ် မှာ ကန့်သတ်ချက်လေးတွေ တွေ့ရလို့ ပြန်ပြီးတော့ ဖြေလျှော့ပေး ဖို့ တောင်းဆိုတာပါပဲ။ အဲဒါတွေ ကိုလည်း ဖြေလျှော့ပေးမယ်လို့ ပြောသွားတာပေါ့။ လုပ်ငန်းနဲ့ ပတ်သက်တဲ့ အဆောက်အအုံ တွေ ဆောက်ခွင့်ပေးတယ်ပေါ့။ သူတို့က အဆောက်အအုံအကြီး ကြီးတွေသာ ဆောက်ခွင့်မပေး တာပေါ့။ အဲဒီလိုပြောပါတယ်။ အခုတော့ အဆင်ပြေသွားပါပြီ’’ ဟု ၎င်းကပြောသည်။

အဆိုပါကျေးရွာခြောက်ရွာ သည် ပုဂံခေတ်ကတည်းက တည် ရှိခဲ့သော ကျေးရွာများဖြစ်သည်။

ပုဂံဒေသကို ကမ္ဘာ့အမွေအ နှစ်ဒေအဖြစ် စာရင်းဝင်ရန် မူ ကြမ်းကို စက်တင်ဘာ ၂၂ ရက် က တင်သွင်းပြီး ပုဂံဒေသရှိ အရေးကြီးသည့်နေရာ ခုနစ်နေရာကို ပိုင်းခြားတင်သွင်းထားသည်။ မူ ကြမ်းအရ ရှေးဟောင်းဒေသတစ် ခုလုံးမဟုတ်ဘဲ အရေးကြီးနေရာ ခုနစ်ခုကို ပိုင်းခြားတင်သွင်းခြင်း ဖြစ်ပြီး ယူနက်စကိုမှ ပညာရှင်များအဖွဲ့က ၂၀၁၈ ဖေဖော်ဝါရီ ၁ ရက်မတိုင်မီ ပုဂံဒေသသို့ ကွင်း ဆင်းစစ်ဆးမည်ဖြစ်ကြောင်း ဒေါ်ဥမ္မာမျိုးကပြောသည်။

၂၀၁၉ ဇွန်လ (သို့မဟုတ်) ဇူလိုင်တွင် ပြုလုပ်မည့်  ယူနက်စ ကိုကော်မတီအစည်းအဝေး၌ ပုဂံ ဒေသကို စာရင်းဝင်၊ မဝင်ဆုံး ဖြတ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။