ဒီဇင်ဘာမှာ နွေးထွေး ဇိမ်ကျနေစေမယ့် စမတ်ကိရိယာများ

ဒီဇင်ဘာလဆန်းကစလို့ အအေးဓာတ်က သိသိသာသာ ပိုလာသလို ဆောင်းရာသီရဲ့ သရုပ်သကန်လည်း ပီပြင်လာပါတယ်။ ရာသီဥတုအေးလာချိန်မှာ အနွေးဓာတ်ပေးနိုင်တဲ့ အသုံးအဆောင်တွေက အသုံးဝင်လာတာ ဓမ္မတာပါပဲ။ နည်းပညာထွန်းကားလာတဲ့ခေတ်မှာတော့ ဆောင်းတွင်းကာလကို အန်တုဖြတ်သန်းဖို့ ရည်ရွယ်ထားတဲ့ စမတ် Gadget တွေကိုပါ ဖန်တီးလာပါတယ်။ ဒီဇင်ဘာကို ဇိမ်ကျကျ၊နွေးနွေးထွေးထွေး ဖြတ်သန်းနိုင်အောင် အကူအညီပေးနိုင်မယ့် စိတ်ဝင်စားစရာ နည်းပညာ Gadget တချို့ကို အခုဆောင်းပါးမှာ စုစည်းဖော်ပြလိုက်ပါတယ်။


USB အနွေးပေးခြုံထည်

အေးချမ်းတဲ့ ရုံးခန်း၊ ဧည့်ခန်းတွေမှာ အသုံးဝင်တဲ့ ပစ္စည်းတစ်ခုဖြစ်ပါ တယ်။ ရုတ်တရက် ကြည့်လိုက်ရင်တော့ သာမန်ခြုံထည် တစ်ခုနဲ့ ဘာမှ မကွာသလိုပါပဲ။ဒါပေမဲ့ USB နဲ့ ချိတ်ဆက်ပြီးခြုံထည်ရဲ့ အနွေးဓာတ်ကို လိုအပ် သလို ချိန်ညှိထားနိုင်ပါတယ်။ ခန္ဓာကိုယ်ပေါ်မှာ အပျော့စားအ နွေးပေး ကိရိယာတစ်ခုတင်ထားသလို ခံစားရပါလိမ့်မယ်။ အရွယ် အမျိုးမျိုး၊ ဈေးအမျိုးမျိုးရှိတတ်ပြီး ဥပမာ အနေနဲ့ အလျား ၃၃ လက်မ၊ အနံ ၁၈ လက်မရှိတဲ့ USB အနွေးပေး ခြုံထည်မျိုးကို PerpetualKid ဝက်ဘ်ဆိုက်မှာ ၃၄ ဒေါ်လာလောက်နဲ့ ရောင်းချနေပါတယ်။


Touchscreen လက်အိတ်

ဖုန်းတွေ၊ Tablet ကွန်ပျူ တာတွေက ဒီနေ့ခေတ်မှာတော့ လူတိုင်းလိုလို လက်ထဲမှာ ရှိနေတဲ့ အသုံးအဆောင်တွေဖြစ်နေပါပြီ။ ဒီကိရိယာတွေမှာ Touchscreen တွေ တပ်ဆင်ထားတဲ့အခါ အေးမြတဲ့ရာသီဥတုမျိုးမှာ အနွေးလက်အိတ်စွပ်ထားပြီး အသုံးပြုဖို့ ခက်ခဲနေတတ်ပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့ အခုလိုလက်အိတ်တွေ ထုတ်လုပ်ထားတာပါ။ Textingလက်အိတ်လို့လည်း ခေါ်လေ့ရှိပါတယ်။ ဥပမာအနေနဲ့ ပြောရရင် Polar Sport က ထုတ်လုပ်တဲ့ Touchscreen လက်အိတ် မျိုးဟာ ဝတ်ဆင်ထားရင် စတိုင်ကျလှပနေပြီး Touchscreen တွေကိုထိတွေ့အာရုံခံနိုင်စွမ်းလည်း အကောင်းဆုံးအဆင့်မှာ ရှိနေပါတယ်။


USB အနွေးပေးခြေနင်း

ကွန်ပျူတာရှေ့မှာဖြစ်ဖြစ်၊ စားပွဲမှာ အချိန်ကြာကြာထိုင်ပြီးဖြစ်ဖြစ် အလုပ်လုပ်ရတဲ့သူတွေအတွက် ရည်ရွယ်တီထွင်ထားတာ ဖြစ်ပါတယ်။ ခြေဖျားတွေ အေးစက်နေပြီး နေရထိုင်ရခက်ခဲနေတဲ့ ဒုက္ခမျိုးအတွက် သိုးမွေးခြေအိတ် အထူကြီးတွေဝတ်ဆင်ပြီး ကာကွယ်နေဖို့ မလိုတော့ပါ ဘူး။ Cozy Foot Warmer Floormatလို Gadget လေးကို USB နဲ့ ချိတ်ဆက်ထားပြီး ခြေထောက်အောက်မှာ ချထားရုံနဲ့ ဇိမ်ကျကျ နွေးထွေးနေမှာဖြစ်ပါတယ်။ အ လျား လက်မ ၂၀၊ အနံ ၁၄ လက်မလောက်ရှိတဲ့ ခြေနင်းမျိုးအတွက် ဒေါ်လာ ၃၀ လောက်တော့ ဈေးနှုန်းကျသင့်နိုင်ပါ တယ်။


စမတ် အနွေးပေး Mp3 နားကြပ်

အေးအေးလူလူ အနားယူနေချိန်မှာဖြစ်စေ၊ အားကစားလိုက်စားနေတဲ့ အချိန်မျိုးမှာဖြစ်စေMp3 သီချင်းလေးတွေ နားထောင်နေရတာက နှစ်လိုစရာ ဇိမ်ကျကျအရသာတစ်ခု ဖြစ်ပါတယ်။ ဆောင်းရာသီမို့ အအေးပိုနေရင်တော့ Mp3 သီချင်းတွေကို အကောင်းဆုံး နားသောတ ဆင်နိုင်တဲ့အပြင်နားနဲ့ ဦးခေါင်းဘေးဘက်ဧရိယာတွေကိုပါ နွေးထွေး စေတဲ့ စမတ်နားကြပ်မျိုးတွေရှိပါတယ်။ ဒီနားကြပ်တွေမှာ အနွေးဓာတ် ကို ထိန်းထားနိုင်တဲ့ ပိုလီယက်စတာ အမျှင်တွေကို အသုံးပြုချုပ်လုပ် ထားတတ်ပါတယ်။ အမြင်ဆန်းပြီး နွေးနွေးထွေးထွေး၊ သက်သောင့် သက်သာဖြစ်စေမယ့် Gadget တစ်မျိုးလို့ ညွှန်းရမှာပါ။


USB မတ်ခွက်အပူပေးစက်

အေးအေးချမ်းချမ်း ရာသီဥတုမျိုးမှာ လက်ဖက်ရည်ဖြစ်ဖြစ်၊ ကော်ဖီ ဖြစ်ဖြစ် ခပ်နွေးနွေးလေးကို ဇိမ်ခံသောက်နေရရင် အရမ်းအရသာရှိပါ တယ်။ ဒီပစ္စည်းလေးတွေကတော့ တော်တော်လေး ပေါပေါများများ တွေ့နေရပြီးသားဖြစ်မှာပါ။ ဒီဇိုင်းအမျိုးမျိုး၊ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းချနေပါတယ်။ ကွန်ပျူတာရဲ့ USB ပေါက်မှာ ကြိုးသွယ်ချိတ်ဆက်ထားရုံနဲ့ ကော်ဖီခွက်ကို နွေးနေစေမယ့် အောက်ခံစက်ကလေးတွေပါ။ ကော်ဖီ၊ လက်ဖက်ရည် ကြိုက်နှစ်သက်သူတွေအတွက်ဆိုရင်တော့ ဆောင်း ရာသီမှာတင်မကဘဲ အချိန်တိုင်းအသုံးဝင်ပါလိမ့်မယ်။


USB အနွေးပေး မွေးပွဖိနပ်

ချစ်စရာ ဒီဇိုင်းမျိုးနဲ့ ဖန်တီးချုပ်လုပ်ထားတဲ့ အမွေးပွဖိနပ်လေးတွေကို မြင်ဖူးကြပါလိမ့်မယ်။ နေအိမ်ထဲမှာဖြစ်စေ၊ သန့်ရှင်းတဲ့ ကြမ်းခင်းနေရာ တွေမှာဖြစ်စေ စီးနင်းနိုင်ဖို့ ဒီဖိနပ်လေး တွေက အရမ်းအသုံးဝင်ပါတယ်။ တချို့ အမွေးပွဖိနပ်တွေမှာတော့ USBနဲ့ ချိတ်ဆက်ပြီး အားသွင်းထား နိုင်တဲ့ စနစ်ပါရှိပြီး တစ်ကြိမ်အားသွင်းထားရင် ခြောက်နာရီ လောက်ထိ ခြေဖဝါးကို အနွေး ဓာတ်ပေးနေနိုင်ပါတယ်။ ဒီလို ဖိနပ်လေးတွေနဲ့ဆိုရင် ဆောင်းတွင်းမှာ အေးစက်နေတတ်တဲ့ ကြမ်းပြင်မျိုးကြောင့် စိတ်အနှောင့် အယှက်ဖြစ်စရာ ကြုံတော့မှာ မဟုတ်ပါဘူး။


USB အနွေးပေး ဂျာကင်

ဆောင်းရာသီနဲ့ ဂျာကင်ဆိုတာ လိုက်ဖက်လွန်းတဲ့ အတွဲအစပ်ပါ။ ActiVHeat ရဲ့ အနွေးပေးဂျာကင်လို စမတ်ဖက်ရှင် ပစ္စည်းတွေကတော့ စတိုင်လည်း ကျ၊ ဇိမ်လည်းကျဆိုတဲ့ အမျိုးအစားထဲ ပါဝင်နေပါလိမ့်မယ်။ USB နဲ့ ချိတ်ဆက်ပြီး အလွယ်တကူ အားပြန်သွင်းနိုင်သလို လေအေးတိုက်ခတ်မှုဒဏ်ကြောင့် အနွေးဓာတ်ဆုံးရှုံးခြင်းကို ကာကွယ်နိုင်ပါတယ်။ ဂျာကင်ရဲ့ အတွင်းသားမှာ ပါးလွှာတဲ့ အပူပေးကိရိယာ ငယ်တွေ မြှုပ်နှံပေးထားပြီး အပူချိန်ကို လိုအပ်သလောက် ချိန်ညှိ သတ်မှတ်ထားနိုင်ပါတယ်။ အေးမြတဲ့ဒေသတွေကို ခရီးထွက် ရင်လည်း အထူးတလည် အသုံးဝင်ပါတယ်။ ActiVHeatက ထုတ်လုပ်တဲ့ ဂျာကင်တွေက အမျိုးသားဝတ်အတွက် ဒေါ်လာ ၁၈၀ လောက်ဈေးနှုန်းရှိပါတယ်။

—Ref: PC Magazine, 01 Media