ပင်လောင်းနှင့် သာပေါင်းမှ ကလေးနှစ်ဦးသေဆုံးမှု ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးနှင့် သက်ဆိုင်မှုမရှိဟုဆို

ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးနှံပြီးနောက် ပိုင်း သေဆုံးခဲ့သော ပင်လောင်း နှင့် သာပေါင်းမှ ကလေးငယ်နှစ်ဦးသည် မူလရောဂါအခံကြောင့် သေ ဆုံးခြင်းဖြစ်ပြီး ကာကွယ်ဆေးနှင့် သက်ဆိုင်မှုမရှိကြောင်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန သတင်းထုတ်ပြန်ရေးအဖွဲ့မှ တာ ၀န်ရှိသူတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်ရှိ အသက် (၁၃) နှစ်အရွယ် သတ္တမတန်း ကျောင်းသူတစ်ဦး သည် နိုဝင်ဘာ ၁၆ ရက်က ကာကွယ်ဆေးထိုးနှံပြီးနောက် ပြင်းထန်သော နောက်ဆက်တွဲလက္ခဏာများပေါ်ပေါက်သဖြင့် မြို့နယ် ဆေးရုံတွင် ကနဦးပြုစုကုသမှုခံ ယူကာ တောင်ကြီးအမျိုးသမီးနှင့် ကလေးဆေးရုံသို့ လွှဲပြောင်းကုသပေးသော်လည်း နိုဝင်ဘာ ၁၆ ရက်တွင်ပင် သေဆုံးခဲ့သည်။

ထို့ကြောင့် ကာကွယ်ဆေး ထိုးနှံပြီးနောက်ဆက်တွဲဖြစ်ပေါ် သော ပြဿနာများကို စုံစမ်းစစ် ဆေးခြင်းကော်မတီ၊ အမျိုးသား အဆင့် ကာကွယ်ဆေးထိုးလုပ် ငန်းဆိုင်ရာ အကြံပေးကော်မတီ တို့ ကွင်းဆင်းအတည်ပြုချက်ရ ယူခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်းတို့ကို ပြုလုပ်ခဲ့ရသည်။

 စစ်ဆေးတွေ့ရှိချက်အရ အဆိုပါကလေးငယ်သည် ကာကွယ်ဆေးနှင့် ဓာတ်မတည့်ခြင်းကြောင့် သေဆုံးသော လက္ခဏာမတွေ့ရဘဲ ပြင်းထန်အဆုတ်ရောင်ခြင်းနှင့် အဆုတ်အတွင်းသွေးထွက်ခြင်းတို့ကြောင့် သေဆုံးရသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း နိုဝင်ဘာ ၂၂ ရက်က 7Day Dailyသို့ ပြောသည်။

‘‘စစ်ဆေးတွေ့ရှိချက်အရ ဆိုရင် ကလေးက ကာကွယ်ဆေး နဲ့ ဓာတ်မတည့်ဘဲ သေဆုံးတဲ့ လက္ခဏာမတွေ့ရပါဘူး။ သူ့မှာ ပြင်းထန်အဆုတ်ရောင်နဲ့ အဆုတ် အတွင်းသွေးထွက်ခြင်း၊ သွေးလန့်ခြင်း၊ တစ်နည်းအားဖြင့် သွေးတွင်းပိုးဝင်မှုကြောင့် သေဆုံးရတာဖြစ် ပါတယ်။ ကာကွယ်ဆေးနဲ့တော့ လုံးဝသက်ဆိုင်မှု မရှိပါဘူး’’ဟု သတင်းထုတ်ပြန်ရေးအဖွဲ့မှ တာ ၀န်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင်ဧရာဝတီတိုင်းဒေသခွဲ သာပေါင်းမြို့နယ်ရှိ (၇) နှစ်အရွယ် ပထမတန်းကျောင်းသားတစ်ဦးသည် နိုဝင်ဘာ ၁၆ ရက်တွင် ကာကွယ်ဆေးထိုးနှံခဲ့ပြီး နိုဝင်ဘာ ၁၉ ရက်တွင် သေဆုံးခဲ့သည်။ အဆိုပါ ကလေးငယ် သေဆုံးမှုသည်လည်း ကာကွယ်ဆေးနှင့် သက်ဆိုင်မှုမရှိဘဲ ကျောက်ကပ်ရောဂါအခံရှိ၍ သေဆုံးကြောင်း ၎င်းကဆိုသည်။

ထို့ပြင် ဧရာဝတီတိုင်း ပုသိမ်မြို့နယ်တွင် နိုဝင်ဘာ ၂၀ ရက်က ကာကွယ်ဆေးထိုးနှံခဲ့သော (၉) နှစ်အရွယ် စတုတ္ထတန်းကျောင်းသူ  တစ်ဦးသည် ဆေးထိုးပြီးတစ်ရက်အကြာ နိုဝင်ဘာ ၂၁ ရက်တွင် သေ ဆုံးခဲ့သည်။ အဆိုပါသေဆုံးမှုကို ကာကွယ်ဆေးနှင့် ဆက်စပ်မှုရှိ၊ မရှိ လတ်တလော စုံစမ်းနေပြီး သုံးရက်အကြာတွင် သတင်းထုတ်ပြန်မည်ဟု ၎င်းက ပြောသည်။

နိုဝင်ဘာ ၁၅ ရက်မှ ၂၁ ရက်အထိ ကျောင်းတွင်းအခြေပြုကာကွယ်ဆေးထိုးနှံပေးနိုင်မှု စာရင်းများအရ ကလေးငယ် ကိုးသန်းကျော်အနက် ခုနစ်သန်းကျော် ထိုးနှံပြီးဖြစ်ကြောင်း သဘာဝဘေးနှင့် ကူးစက်ရောဂါကာကွယ်တိုက်ဖျက်ရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောသည်။

‘‘အခုကတော့ ၇၀ ကနေ ၇၅ ရာခိုင်နှုန်းအထိ လွှမ်းခြုံမှုရှိတဲ့အတွက် ရက်ထပ်မတိုးတော့ဘူး။ အရင်ကတော့ တိုးဖို့စိတ်ကူးထား ပေမယ့် ထပ်မတိုးတော့ဘူး’’ဟု ၎င်းက ဆိုသည်။

တိုင်းနှင့် ပြည်နယ် ၁၄ ခုတွင်ကာကွယ်ဆေးထိုးနှံမှုကြောင့် မူး ဝေခြင်း၊ အော့အန်ခြင်း၊ ဖျားနာ ခြင်းဖြစ်သူဦးရေ ၂,၀၀၀ ကျော်ရှိပြီး ဆေးရုံတက်ရောက်ကုသရသူဦးရေ ၁၁၂ ဦးရှိကြောင်း ဒေါက်တာ သန်းထွန်းအောင်က ပြောသည်။ ကာကွယ်ဆေး မထိုးမီက တည်းက ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနက သတင်းများ ထုတ်ပြန်ခြင်း၊ ကြေညာခြင်းတို့ကို ပြုလုပ်နေသော်လည်း အချို့က သိရှိမှုနည်းပါးခြင်းကြောင့် ကာ ကွယ်ဆေးထိုးနှံသည့်အခါ က လေးငယ်အချို့မူးဝေခြင်း၊ အော့ အန်ခြင်းတို့ဖြစ်ပေါ်ကာ ဆေးရုံ တက်ရောက်ကုသရသည်အထိ ဖြစ်ပေါ်ခဲ့သည်။

‘‘၁၅ ရက်က ကာကွယ်ဆေး ထိုးရတယ်။ ထိုးပြီးတဲ့ ညမှာပဲ ကလေးကဖျားတယ်။ ဒါနဲ့ ကလေးကို ဆေးခန်းသွားပြပြီး အဖျားကျ ဆေးတွေတိုက်ရတယ်။ ဆေးတွေ လည်းထိုးရတာ လေးရက်ဆက် တိုက်ပဲ။ ကလေးက ထူးချွန်ဖြေ နေရတာဆိုတော့ သူ့ပညာရေး တိုးတက်မှုကိုလာပြီး ထိခိုက်တာ ပေါ့။ ဆရာမတွေကို ကလေးက ဒီလိုဖြစ်နေပါတယ်လို့ ပြောပေ မယ့်လည်း အရေးတယူမရှိဘူး။ ဆေးနဲ့  မသက်ဆိုင်ဘူးလို့ပဲ ပြော ကြတယ်’’ဟု ဗိုလ်တထောင် အထက (၂)မှ ခြောက်တန်းကျောင်းသား၏ မိခင်တစ်ဦးက ပြောသည်။

ထို့ကြောင့် နိုဝင်ဘာ ၂၀ ရက်မှစကာ ကာကွယ်ဆေးထိုးနှံမည့် ကလေးငယ်များကို ကာကွယ် ဆေးမထိုးနှံမီအကြို ကျန်းမာရေး စစ်ဆေးခဲ့သည်။