မော်ရိုကိုတွင် အစားအသောက် ဝေငှရာ နေရာ၌ တိုးဝှေ့ရင်း လူနင်းမှုများကြောင့် ၁၅ ဦးထက်မနည်း သေဆုံး

မော်ရိုကို နိုင်ငံတွင် စားနပ်ရိက္ခာ ဝေငှရာ နေရာတစ်ခု၌ အလုအယက် တိုးဝှေ့ရင်း လူနင်းမိမှုများကြောင့် အနည်းဆုံး ၁၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။


ပြီးခဲ့သည့် သီတင်းပတ်ကုန်က အက်ဆောင်ရိုင်ယာ ပြည်နယ်ရှိ ဆီဒီဘူလာလမ် မြို့လေးတွင် ဒေသခံ လူမှုရေး အသင်းတစ်ခုက စားနပ်ရိက္ခာများ ဝေငှရင်း ယခုလို ဖြစ်ရပ်ဆုံး ကြုံခဲ့ခြင်း ဖြစ်သည်။

စားနပ်ရိက္ခာအတွက် အလုအယက် တိုးဝှေ့ကြရင်း လူအများ အလဲလဲ အပြိုပြို ဖြစ်ကုန်ကြောင်း၊ ဖြစ်စဉ်တွင် လူ ၁၅ ဦးထက်မနည်း သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ဒေသခံ မီဒီယာများက ဖော်ပြခဲ့သည်။ သေဆုံးသူ အများစုမှာ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ ဖြစ်ကြသည်။

ယခုကာလမျိုးတွင် မြို့တွင်း၌ အစားအသောက် လှူဒါန်းဝေငှမှုများ ပုံမှန် ပြုလုပ်လေ့ ရှိသော်လည်း ယခုနှစ်တွင် ထင်မှတ်ထားသည်ထက် လူပိုများလာကြောင်း သိရသည်။ အဆိုပါ မြို့လေးတွင် လူပေါင်း ၈၀၀၀ မျှသာ နေထိုင်သည်။

“ဒီနှစ်ကျတော့ လူသိပ်များတယ်။ လူအရေအတွက် ထောင်ချီပြီး ရောက်လာကြတာ”ဟု စားနပ်ရိက္ခာ ဝေငှမှုတွင် ပါဝင်သူ တစ်ဦးက ပြောကြားခဲ့သည်။ ထို့နောက် လူအလွန်များလာရာ အကာအရံများကိုပါ ချိုးဖျက်ပြီး စည်းပျက်ကမ်းပျက် ဖြစ်လာကြောင်း၊ နောက်ဆုံးတွင် လူနင်းမှု၊ လူပိမှုများ ပေါ်ပေါက်လာကြောင်းလည်း သိရသည်။

မော်ရိုကို ပြည်ထဲရေး ဝန်ကြီးဌာနက ဖြစ်စဉ်ကို အသေးစိတ် စုံစမ်းရန်နှင့် ထိခိုက်သေကြေခဲ့သူများ၏ မိသားစုများကို အကူအညီပေးရန် ဒေသခံ အာဏာပိုင် အဖွဲ့အစည်းများကို ညွှန်ကြားထားသည်။ မည်သည့် အခြေအနေကြောင့် ယခုလို လူနင်းမှုများ စတင် ဖြစ်ပေါ်လာသည် ဆိုခြင်းကိုမူ တိတိကျကျ မသိရသေးချေ။

Ref: Morocco World News