YBS (၂၁)၌ အမျိုးသမီးယာဉ်မောင်း ၃၀ ကျော် လာမည့်နှစ်ဆန်းပိုင်း ခန့်နိုင်မည်ဟုဆို

အမျိုးသမီးယာဉ်မောင်း ၃၀ ကျော်ကို ၂၀၁၈ နှစ်ဆန်း တွင် YBS ယာဉ်လိုင်းများ၌ ခန့် အပ်မည်ဖြစ်ကြောင်း Power Eleven အများပိုင်ဘတ်စ်ကား ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ကိုတရုတ်လေးကပြောသည်။

YBS အမှတ်(၂၁) ယာဉ် လိုင်းပြေးဆွဲနေသော Power Eleven အများပိုင်ဘတ်စ်ကား ကုမ္ပဏီသည် အမျိုးသမီးဘတ်စ်ကားယာဉ်မောင်း လုပ်ကိုင်လိုသူ ၃၁ ဦးကို စက်ပိုင်းဆိုင်ရာသင်တန်း၊ ယာဉ်မောင်းသင်တန်းနှင့် လူမှုဆက်ဆံရေးဆိုင်ရာ သင် တန်းများ ယခုလဆန်းပိုင်းကစ၍ သင်ကြားပေးနေပြီး သင်တန်းပြီးဆုံးပါက ယာဉ်မောင်းများအဖြစ် ခန့်အပ်မည်ဟု ၎င်းကပြောသည်။


 ‘‘သင်တန်းက သုံးလလောက်ကြာမယ်။ အခုသင်ကြားသူတွေက အရင်ကတည်းက ယာဉ်မောင်း အတွေ့အကြုံရှိကြ တယ်။ ဘတ်စ်ကားယာဉ်ကြီး မမောင်းဖူးတာပဲရှိတယ်။ အဲဒါကိုပြန်ပြီးလေ့ကျင့် သင်ကြားပေးနေတာပေါ့။ သင်တန်းပြီးဆုံးတဲ့အချိန် လာမယ့်နှစ်ဆန်းပိုင်းလောက်မှာ ဘတ်စ်ကားယာဉ်မောင်း လုပ်ခွင့်ရပါမယ်’’ဟု ကိုတရုတ်လေး က ပြောသည်။

အဆိုပါသင်တန်းသား အ မျိုးသမီးများကို Power Eleven အများပိုင်ဘတ်စ်ကားကုမ္ပဏီက တစ်လလျှင် ထောက်ပံ့ကြေးကျပ်နှစ်သိန်းပေး၍ လေ့ကျင့်သင်ကြား  နေကြောင်း သတင်းထုတ်ပြန်သည်။ ယင်းသင်တန်းသားများကို စက်တင်ဘာက ပထမဆုံးခေါ်ယူ ခဲ့ပြီး လျှောက်ထားသူ ၁၂၀ ကျော်အနက်မှ စိစစ်ရွေးချယ်ခဲ့သည်။

ယာဉ်မောင်းအဖြစ် ၀င်ရောက်လုပ်ကိုင်ပါက တစ်လလျှင် ကျပ်လေးသိန်းခန့် ၀င်ငွေရရှိနိုင်မည်ဟု ကိုတရုတ်လေးက ပြောကြားထားသည်။

YBS  ယာဉ်လိုင်းများတွင် အမျိုးသမီးယာဉ်မောင်းများ ပိုမို ပါဝင်ခွင့်ရှိလာစေရန်နှင့် အမျိုးသမီးများ အသက်မွေးဝမ်းကျောင်း ပညာတတ်မြောက်နိုင်စေရန် လေ့ကျင့် မွေးထုတ်ပေးရခြင်းဖြစ် ကြောင်း ၎င်းကဆိုသည်။

လက်ရှိတွင် YBS အမှတ် (၂၁) ယာဉ်လိုင်း၌ အမျိုးသမီး ယာဉ်မောင်းတစ်ဦး ၀င်ရောက် လုပ်ကိုင်နေသည်။