အာဂျင်တီးနား ရေတပ်မှ ရေငုပ်သင်္ဘောတစ်စီး ပျောက်ဆုံးပြီး ရှာဖွေရေး လုပ်ငန်းများ ဆောင်ရွက်နေ

အာဂျင်တီးနား ရေတပ်၏ ရေငုပ်သင်္ဘောတစ်စီး ပျောက်ဆုံးနေမှုကြောင့် လိုက်လံ ရှာဖွေနေကြောင်း သိရှိရသည်။

ARA San Juan ရေငုပ်သင်္ဘောသည် အာဂျင်တီးနား အရှေ့ဘက် ကမ်းလွန် ပင်လယ်ပြင်တွင် ပျောက်ဆုံးနေခြင်းဟု ရေတပ်က နိုဝင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်သည်။ ရေငုပ်သင်္ဘောကို နိုဝင်ဘာ ၁၅ ရက်က အာဂျင်တီးနား ကမ်းခြေမှ ၂၆၈ မိုင်မျှအကွာ ဆန်ဂျော့စ် ပင်လယ်ကွေ့ထဲတွင် နောက်ဆုံးအကြိမ် အဆက်အသွယ် ရခဲ့ပြီး သတင်းပျောက်နေခြင်း ဖြစ်သည်။

သင်္ဘောပေါ်တွင် အမှုထမ်း အနည်းဆုံး ၄၄ ဦးမျှ လိုက်ပါသွားကြောင်း ဒေသခံ မီဒီယာများက ဖော်ပြကြသည်။ လတ်တလောတွင် ရေတပ်သည် ဝေဟင်မှရော၊ ရေပြင်မှပါ ဖြန့်ကျက်ပြီး ရေငုပ်သင်္ဘောကို ရှာဖွေလျက် ရှိသည်။ ရေတပ် ပြောရေးဆိုခွင့်ရ အရာရှိ အန်ရီကေး ဘယ်လ်ဘီက “ကမ်းရိုးတန်း တလျှောက်က ဆက်သွယ်ရေး စင်တာတွေကိုလည်း ရေငုပ်သင်္ဘောက ထုတ်လွှင့်တာ ဖြစ်နိုင်ခြေရှိတဲ့ အသံလှိုင်း အားလုံးကို ဂရုတစိုက် ဖမ်းယူနိုင်ဖို့ တပ်လှန့်ထားပါတယ်”ဟု ပြောကြားခဲ့သည်။

ရှာဖွေရေး လုပ်ငန်းစဉ်ကို ကူညီသည့် အနေဖြင့် အမေရိကန် ရေတပ်က P8-A Poseidon ပင်လယ်ပြင် ထောက်လှမ်းရေး လေယာဉ်တစ်စီးကို အာဂျင်တီးနားထံ ပို့ဆောင်ပေးထားမည်ဟု သိရသည်။ အဆိုပါ လေယာဉ်သည် မှောင်ခို ရေလမ်းကြောင်းများကို တန်ပြန် ထောက်လှမ်းနိုင်ရန်အတွက် အယ်လ်ဆာဗေးဒိုးတွင် အခြေစိုက်ထားခြင်း ဖြစ်သည်။

အမေရိကန်၏ အမျိုးသား အာကာသ အေဂျင်စီ (နာဆာ)ကလည်း ရှာဖွေရေး ကဏ္ဍအတွက် P3 Orion လယာဉ်တစ်စီး ပေးပို့ ကူညီမည်ဟု ကတိပြုထားသည်။ ရေငုပ်သင်္ဘောသည် အာဂျင်တီးနား တောင်ပိုင်းရှိ တိုင်ရာဒယ်လ်ဖူဂို ရေလက်ကြားမှတဆင့် မာဒယ်လ်ပလာတာရှိ အခြေစိုက် စခန်းသို့ ပြန်လာချိန်တွင် အဆက်အသွယ် ပြတ်တောက်သွားခြင်းဟု သိရသည်။

Ref: CNN