အမေရိကန် လေသူရဲတစ်ဦးက ကောင်းကင်တွင် လေယာဉ်မီးခိုးတန်းဖြင့် အမျိုးသား လိင်အင်္ဂါပုံ ရေးဆွဲ

ကောင်းကင်ယံတွင် အမေရိကန် ဂျက်တိုက်လေယာဉ် တစ်စီးက မီးခိုးတန်းဖြင့် အမျိုးသား လိင်အင်္ဂါပုံစံ ရေးဆွဲပြသွားသည့် လုပ်ရပ်မှာ သည်းမခံနိုင်စရာဖြစ်ကြောင်း အမေရိကန် ရေတပ်က ကြေညာခဲ့သည်။

ဝှစ်ဒ်ဘေးကျွန်းပေါ်ရှိ ရေတပ်လက်အောက်ခံ တိုက်လေယာဉ် အုပ်စုတစ်ခုမှ လေယာဉ်မှူး တစ်ဦးက Boeing ကုမ္ပဏီထုတ် EA-18G Growler တစ်စီးကို ပျံသန်းရင်း အမေရိကန်နိုင်ငံ အနောက်ပိုင်း၊ ဝါရှင်တန် ပြည်နယ်ရှိ အိုကာနိုဂန်ဒေသ ကောင်းကင်ယံတွင် မီးခိုးတန်းဖြင့် ယခုလို မဖွယ်မရာပုံကို ပုံဖော်သွားခြင်း ဖြစ်သည်။ ရေတပ်က ယင်းသည် ၎င်းတို့ လေယာဉ်မှူး တစ်ဦး၏ လက်ချက်ဟု ဝန်ခံခဲ့ပြီး စုံစမ်းမှုများ စတင်ပြုလုပ်နေပြီဟု ဆိုသည်။

ရေတပ် ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ယခုအခါ သက်ဆိုင်ရာ လေယာဉ်မှူးများကို စုံစမ်းမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ သတင်းများက ရေတပ် လေသူရဲအချို့ကို ပျံသန်းခွင့် ဆိုင်းငံ့ထားကြောင်း ဖော်ပြခဲ့သည်။ EA-18G Growlerများသည် လေယာဉ်တင် သင်္ဘောအခြေစိုက် စစ်ဆင်ရေးများအတွက် ရည်ရွယ် တီထွင်ထားပြီး အသံ၏ မြန်နှုန်း နှစ်ဆနီးပါးမျှထိ ပျံသန်းနိုင်သည်။

ရေတပ်၏ ပြောရေးဆိုခွင့်ရ အရာရှိက “ဒီလုပ်ရပ်မျိုးဟာ ကျွမ်းကျင်မှု မြှင့်တင်ဖို့ လေ့ကျင့်ပျံသန်းတဲ့ နေရာမှာ ဘာအကျိုးကျေးဇူးမှ မရှိပါဘူး။ အခုလည်း သက်ဆိုင်တဲ့ သူတွေကို စုံစမ်း စစ်ဆေးနေပြီ ဖြစ်ပါတယ်”ဟု မှတ်ချက်ပေးခဲ့သည်။ အဆိုပါ လေယာဉ်မှူးသည် မည်သည့် ရည်ရွယ်ချက်ဖြင့် ယခုလို အဆန်းထွင်ခဲ့သည် ဆိုခြင်းကိုမူ တိတိကျကျ မသိရသေးချေ။

နိုဝင်ဘာ ၁၆ ရက်နေ့က ကောင်းကင်ယံတွေ ပေါ်လာသည့် ပုံရိပ်နှင့် ပတ်သက်၍ ဒေသခံများက မြေပြင်မှ စောင့်ကြည့်ရင်း ရယ်မောခဲ့ကြသလို ဓာတ်ပုံများလည်း လူမှုကွန်ရက်ပေါ် ရောက်ရှိလာသည်။ ရိုမန် ဒူရန်ဆိုသူက “အောက်ခြေက စက်ဝိုင်းပုံနှစ်ခု ပေါ်လာကတည်းက ဘာပုံဖြစ်မယ်ဆိုတာ မှန်းမိတယ်။ ကျွန်တော် မရယ်ဘဲ မနေနိုင်တော့ဘူး”ဟု ပြောကြားခဲ့သည်။

လေယာဉ်မှူးများက ယင်းကဲ့သို့ စတန့်မျိုး ပြုလုပ်သည်မှာ ပထမဆုံး မဟုတ်ချေ။ ယခုနှစ်၊ ဩဂုတ်လ အတွင်းကလည်း အင်္ဂလန် တော်ဝင်လေတပ်မှ လေသူရဲ တစ်ဦးသည် လင်ကွန်ရှိုင်းယားရှိ ရေဒါ ထောက်လှမ်းထားရာ ကောင်းကင်ယံတွင် ယင်းကဲ့သို့ပင် အမျိုးသား လိင်အင်္ဂါပုံစံ လမ်းကြောင်းဖော်၍ ပျံသန်းခဲ့ဖူးသည်။

Ref: Daily Mail