ပင်လောင်းတွင် ခုနစ်တန်းကျောင်းသူသေဆုံးမှု ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးနှင့် ဆက်စပ်မှု ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးနေ

ပြည်သူများ အထိတ်တလန့်မဖြစ်စေရေး မကြာမီ သတင်းထုတ်ပြန်ပေးမည်ဟုဆို

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း မြို့တွင် ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးပြီး နောက် သတ္တမတန်းကျောင်းသူတစ်ဦး သေဆုံးမှု ဖြစ်စဉ်နှင့်ပတ်သက်၍ ဓာတ်ခွဲစစ်ဆေးနေပြီး သတင်းထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ရှမ်းပြည် နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုပြည်နယ်မှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်က ပြောသည်။

‘‘ကာကွယ်ဆေးကြောင့် ဟုတ်၊ မဟုတ် အသေး စိတ်စစ်ဆေးမှုကိုသိရှိဖို့ ကလေးဦးနှောက်ထဲက အသားစနဲ့ အသည်းက အသားစကိုယူပြီး ဓာတ်ခွဲ စစ်ဆေးနေပါတယ်။ အသားစရဲ့ အဖြေရရင် ကာ ကွယ်ဆေးကြောင့်သေတာ ဟုတ်၊ မဟုတ်ကို ထုတ်ပြန်ပါလိမ့်မယ်’’ဟု ၎င်းက ပြောသည်။

သေဆုံးသည့် သတ္တမတန်းကျောင်းသူသည် အသက် (၁၃) နှစ်အရွယ် မနန်းယဉ်ယဉ်ထွေး ဖြစ်ပြီး နိုဝင်ဘာ ၁၆ ရက် နံနက် ၁၀ နာရီတွင် ပင်လောင်းမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးခဲ့သည်။ ဆေးထိုးပြီး သုံးနာရီခန့်အကြာတွင် ထမင်းစားပြီး မူးဝေလာသဖြင့် ပင်လောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဆေးရုံသို့ တက်ရောက်ကုသမှုခံယူခဲ့သည်။

ထိုမှတစ်ဆင့် မွန်းလွဲ ၂ နာရီခွဲတွင် တောင်ကြီးမြို့ စဝ်စံ ထွန်းဆေးရုံသို့ လွှဲပြောင်းကုသမှု ခံယူခဲ့ရာ ညနေ ၅ နာရီခွဲတွင် သေဆုံးခဲ့သည်ဟု ပြည်သူ့ကျန်း မာရေးဦးစီးဌာနက ထုတ်ပြန် သည်။

အဆိုပါ သေဆုံးမှုသည် ဂျပန်ဦးနှောက်ရောင် ကာကွယ် ဆေးထိုးခြင်းနှင့်ပတ်သက်မှု ရှိ၊ မရှိ သေဆုံးသူ၏ ဦးနှောက်စနှင့် အခြားတစ်သျှူးစများကို အမျိုး သားဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေး ထားကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက 7Day Daily သတင်း စာအား ပြောကြားသည်။

‘‘ကာကွယ်ဆေးထိုးပြီးပြီး ချင်း ဆုံးတာတော့ မဟုတ်ဘူး။ ကာကွယ်ဆေးထိုးပြီး နောက်ပိုင်း ဖြစ်တာတော့ ဟုတ်တယ်။ အ ကြမ်းဖျင်းသုံးသပ်တာကတော့ ကာကွယ်ဆေးကြောင့်တော့ မဟုတ်ဘူး။ သူ့ရဲ့ အခံရောဂါတစ် ခုခုရှိနိုင်တယ်။ ထိုးပြီးပြီးချင်း တစ်နာရီခွဲ၊ နှစ်နာရီလောက်အတွင်း ဖြစ်တော့ ကျန်းမာရေးဌာနက လည်း ဒီ Case ကို လာကြည့် တယ်။ ဒီမနက်တော့ စဝ်စံထွန်း ဆေးရုံမှာရှိတဲ့ သမားတော်ကြီး ရယ်၊ မှုခင်းဆရာဝန်ကြီးရယ်၊ ဆေးရုံအုပ်ကြီးရယ်၊ နေပြည် တော်ကလာတဲ့ ဆရာဝန်ကြီးရယ် ရင်ခွဲစစ်ဆေးတယ်။ ရင်ခွဲစစ်ဆေး အဖြေကို အကြမ်းဖျင်း သိရ သလောက် ဒီကာကွယ်ဆေးနဲ့ မဆက်နွှယ်ဘူး။ ဒါပေမဲ့ သူ့ရဲ့ ဦးနှောက်စတွေ၊ တခြားတစ်သျှူး စတွေကို အမျိုးသားဓာတ်ခွဲခန်း ကို ပို့ထားတယ်။ အဲဒီအဖြေရရင် တော့ ဘာကြောင့်ဆိုတာ ကျွန် တော်တို့ ကြေညာပေးမယ်။ ဒီနေ့ နေ့လယ် အမျိုးသားဓာတ်ခွဲခန်းကို ပို့ထားတဲ့အတွက် မနက်ဖြန် လောက် သိရမယ်လို့ ထင်ပါ တယ်’’ဟု ဝန်ကြီးက ပြောကြား သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ် သက်၍ နေပြည်တော် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်ကလည်း ‘‘ဒီဖြစ် စဉ်ကို အတည်ပြုလို့မရသေးပါ ဘူး။ ကလေးက ရောဂါအခံရှိ တယ်လို့လည်း ကျွန်တော်တို့ ကြားတယ်။ စိစစ်ဆဲပါပဲ။ စုံစမ်းစစ် ဆေးပြီးလို့ရှိရင် ပြည်သူတွေ အ ထိတ်တလန့်မဖြစ်စေဖို့အတွက် သတင်း ထုတ်ပြန်ပေးသွားပါ မယ်’’ဟု ပြောသည်။ ထို့အပြင် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်ဟု ဆိုသည်။

လက်ရှိတွင် ဂျပန်ဦးနှောက် ရောင်ကာကွယ်ဆေးကို တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် နိုင်ငံတော် အစိုးရက အသက် (၉)လမှ (၁၅) နှစ်အရွယ် ကလေးများအား နိုဝင် ဘာ ၁၅ ရက်ကစတင်၍ ၂၃ ရက် အထိ ထိုးနှံပေးနေသည်။

အဆိုပါ ကာကွယ်ဆေး အစုလိုက် ထိုးနှံပေးခြင်းကို ယခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာတို့တွင် နိုင်ငံတစ်ဝန်းရှိ (အသက် (၉)လမှ  (၁၅)နှစ်အတွင်း) ကလေး ၁၄ သန်းအား အခမဲ့ထိုးနှံပေးမည်ဖြစ် သည်။

လက်ရှိ ထိုးနှံမှုသုံးရက်တာ (နိုဝင်ဘာ ၁၅ ရက်မှ ၁၇ ရက် အထိ) ကာလတွင် ကလေးငယ် ဦးရေ သုံးသန်းခန့် ထိုးနှံနိုင်ခဲ့ပြီး အဆိုပါ ကလေးငယ် သုံးသန်း အနက် ယခုတစ်ဦးသေဆုံးခဲ့ (စုံစမ်းစစ်ဆေးဆဲ)ကာ ကလေး အချို့တွင်လည်း မူးဝေခြင်းများ ရှိခဲ့သည်။ အဆိုပါဖြစ်ရပ်များအ ပေါ်တွင် မိဘများက စိုးရိမ်မှုများရှိ နေပြီး ကာကွယ်ဆေးထိုးနှံထားခြင်းမရှိဘဲ ယင်းရောဂါဖြစ်ပွားပါက အသက်ဆုံးရှုံးနိုင်ခြင်းနှင့် မသန်စွမ်း ဖြစ်ပေါ်စေနိုင်ခြင်း စသည့် နောက်ဆက်တွဲဆိုးကျိုး များကြောင့် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးကို ထိုးနှံရန်လိုအပ် ကြောင်း ဆရာဝန်ကြီးများက လမ်းညွှန်ထားသည်။

‘‘ဆေးမတည့်တာက တစ် သန်းမှာ တစ်ယောက်ရှိနိုင်တယ်။ ဦးနှောက်အမြှေးရောင် ရောဂါ တွေ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ တွေက တတိယမြောက်အသေအပျောက်အများဆုံးဖြစ်နေတယ်။ ဆေးတိုင်းမှာတော့ ဓာတ်မတည့် တဲ့သူ တစ်သန်းမှာ တစ်ယောက် ရှိတယ်။ ဒါပေမဲ့ ဖြစ်ပေါ်လာမယ် ဆိုရင် ဘာလုပ်ရမလဲဆိုတာ ညွှန် ကြားထားပါတယ်’’ဟု ကလေး အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာစောဝင်းက ပြောကြားသည်။

ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးအား ကာကွယ် ဆေးတွင် ပါဝင်သော ပစ္စည်းတစ် မျိုးမျိုး (ဥပမာ- Gelatin, Gen-tamycin, Sucrose, Human Serum Albumin and Carba-mide) နှင့် ပြင်းထန်သော ဓာတ် မတည့်ခြင်းဖြစ်ဖူးသူများ၊ မွေးရာ ပါ နှလုံးရောဂါ၊ HIV ရောဂါ၊ တီဘီရောဂါ၊ ကင်ဆာရောဂါ ဆေးဝါးများ သောက်သုံးနေရသူ များ၊ ကုသမှုခံယူပြီး ဆေးသောက် နေသော်လည်း အတက်ရောဂါ မကြာခဏဖြစ်နေသူများ၊ နာတာ ရှည်ရောဂါကို လတ်တလောပြင်း ပြင်းထန်ထန် ခံစားနေရသူများ မထိုးသင့်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ် ပြန်သည်။