အရေးယူပိတ်ဆို့မှုသည် ပဋိပက္ခဖြေရှင်းရန် အကြံဉာဏ်ကောင်းမဟုတ်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန် ပြောကြား

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် လက်ဆွဲနှုတ်ဆက်နေစဉ် (ဓာတ်ပုံ − အောင်ရှိုင်းဦး/အေပီ)
  • လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းစဉ်များအတွက် ကန်ဒေါ်လာ၄၇ သန်းထပ်မံပံ့ပိုးမည်

  • နိုင်ငံရေးလုပ်သောအခါ တိုက်ခိုက်ခံရသည်မှာ မဆန်းကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော


နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ရက်စ်တီလာဆန်က ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူ မှုများပြုလုပ်ရန် မစဉ်းစားသေးကြောင်း ပြောကြားခဲ့ သည်။

နိုဝင်ဘာ ၁၅ ရက်က တီလာဆန်သည် မြန်မာ အစိုးရအဖွဲ့ခေါင်းဆောင်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူထားသော ဒေါ်အောင်ဆန်းစုကြည် အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်နှင့်လည်း နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။ အမေရိကန်နှင့် မြန်မာခေါင်းဆောင်ပိုင်း ဆွေးနွေးမှုသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် ဘင်္ဂါလီပြဿနာအပေါ် အဓိက ဦးတည်ခဲ့သည်။

တွေ့ဆုံမှုအပြီး သတင်းစာ ရှင်းလင်းပွဲတွင် တီလာဆန်ကမြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ပြုလုပ်ရန်ဆိုသော အတွေးအမြင်သည် လက်ရှိအနေအထားတွင် မှန်ကန်သည့် ရွေးချယ်

မှုမဖြစ်နိုင်ကြောင်း မှတ်ချက်ပေး ခဲ့သည်။ ဝါရှင်တန်တွင် လွှတ်တော်အမတ်အချို့က ဘင်္ဂါလီ ပြဿနာနှင့်ပတ်သက်၍ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှု များပြုလုပ်ရန် အဆိုတစ်ရပ်အ တွက် အားထုတ်နေကြသည်။

တီလာဆန်က ‘‘အရေးယူ ပိတ်ဆို့မှုတွေဆိုတာက လက်ရှိ အခြေအနေမှာ သင့်တော်တဲ့ အကြံပေးမှုမျိုး မဟုတ်ပါဘူး။ မြန်မာနိုင်ငံ အောင်မြင်နေတာကို ကျွန်တော်တို့ မြင်လိုပါတယ်။ အရေးယူပိတ်ဆို့မှုတွေက အခုအရှုပ်အထွေးကို ဘယ်လိုပြေလည်အောင် ဖြေရှင်းပေးနိုင်မလဲ  ဆိုတာက ကျွန်တော့်အတွက်တော့ တွေးရ ခက်ပါတယ်’’ဟု ဆိုသည်။

ရခိုင်ပြည်နယ်မှ ဘင်္ဂါလီမျိုး နွယ်များ ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်ထွက်ပြေးမှုနှင့်ပတ်သက်၍ လည်း အမေရိကန် ပြည်ထောင်စု က စိုးရိမ်နေကြောင်း ၎င်းက အ တည်ပြုခဲ့သည်။ ဘင်္ဂါလီများ ထွက်ပြေးမှုသည် မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ဖိနှိပ်မှုကြောင့် ဟု နိုင်ငံတကာတွင် စွပ်စွဲမှုများ ထွက်ပေါ်နေသည်။

တီလာဆန်က ‘‘ရခိုင်ပြည် နယ် ပဋိပက္ခဟာ ပြီးခဲ့တဲ့နှစ်မှာ အရပ်သားအစိုးရ ရွေးကောက် တင်မြှောက်ခံရတဲ့နောက်ပိုင်း အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုဖြစ် လာပါတယ်။ မြန်မာ့လုံခြုံရေး တပ်ဖွဲ့တွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင် တွေက ထိန်းသိမ်းတားဆီးမှုမရှိတဲ့ ပြည်သူ့စစ်တွေဟာ ရခိုင်ပြည်နယ် မှာ မကြာခင်က ဖြစ်ပွားခဲ့တဲ့ ပဋိ ပက္ခတွေအတွင်း ရက်စက်တဲ့ အ ပြုအမူတွေရှိခဲ့ကြောင်း ယုံကြည် စိတ်ချရလောက်တဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့လည်း အလေးအနက် စိုးရိမ်နေပါတယ်’’ဟု ပြောကြားခဲ့သည်။ ထို့အပြင် သိန်းနှင့်ချီသည့် အမျိုးသား၊ အမျိုးသမီး၊ ကလေးငယ် များ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင်ရမှုနှင့်ပတ်သက်၍ လည်း ၎င်းတို့အနေဖြင့် သောက ရောက်နေကြောင်း တီလာဆန်က ဆိုသည်။

တီလာဆန်သည် ရခိုင်ပြည်နယ်တွင် ဖိနှိပ်ညှဉ်းပန်းမှုများရှိနေကြောင်း စွပ်စွဲချက်များနှင့်ပတ် သက်၍ မှန်ကန်ထိရောက်သော၊ ပြီးပြည့်စုံသော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရန် တောင်းဆိုခဲ့သည်။ ‘‘ရခိုင်မှာ မကြာခင်က အနိုင်ကျင့်ဖိနှိပ်မှုတွေ ရှိခဲ့ကြောင်းစွပ်စွဲမှုတွေနဲ့ပတ်သက်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်ခဲ့သူတွေကို စုံစမ်းဖော်ထုတ်ဖို့ မှန်မှန်ကန်ကန် ပြည့်ပြည့်ဝဝ ဆောင်ရွက်ပေးရေး တောင်းဆိုပါတယ်။ တွေ့ဆုံဆွေးနွေးမှုတွေအတွင်း ကျွန်တော့်အနေနဲ့ မြန်မာအရပ် သား အစိုးရအနေနဲ့ ထိရောက်ပြီး ပြည့်စုံတဲ့၊ လွတ်လပ်ပွင့်လင်းတဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့၊ စစ်တပ် (တပ်မတော်) အနေနဲ့လည်းဒီလုပ်ငန်းစဉ်မှာ အပြည့်အဝ ပူးပေါင်းပါဝင်ပေးဖို့ တိုက်တွန်းခဲ့ပါ တယ်’’ ဟု တီလာဆန်က ပြောကြားသည်။

ထို့အပြင် ရခိုင်ပြည်နယ်တွင် နေထိုင်သူအားလုံး ဘေးကင်းလုံ ခြုံစေရေးအတွက် အစိုးရ၏ အားထုတ်မှုများကို ကူညီပံ့ပိုးရေးသည် တပ်မတော်၏ တာဝန်ဖြစ် ကြောင်းလည်း တီလာဆန်က မှတ်ချက်ပေးခဲ့သည်။ ပဋိပက္ခ အစပြုခဲ့သည့် စစ်သွေးကြွ အကြမ်းဖက် တိုက်ခိုက်မှုများကို တီလာဆန်က ရှုတ်ချခဲ့သော်လည်း လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ တုံ့ပြန်မှုတိုင်းသည် အပြစ်မဲ့ပြည်သူများ ထိခိုက်နိုင်ခြေ အနည်းဆုံးဖြစ်အောင် သတိထား ရှောင်လွှဲစေလို ကြောင်း တိုက်တွန်းသည်။

ထို့အပြင် အမေရိကန်ပြည် ထောင်စုသည် ရခိုင်ပဋိပက္ခနှင့် ဆက်စပ်၍ လူသားချင်းစာနာမှု ဆိုင်ရာ လုပ်ငန်းစဉ်များ အကောင် အထည်ဖော် ဆောင်ရွက်ရေးအ တွက် နောက်ထပ် ဒေါ်လာ ၄၇သန်း ထပ်မံပံ့ပိုးမည်ဟုလည်း ၎င်း က အတည်ပြုခဲ့သည်။ ထို့ကြောင့် ဩဂုတ်တွင် စတင်ခဲ့သည့် ပြဿနာများ ပေါ်ပေါက်လာကတည်း က ယင်းနှင့်ဆက်စပ်၍ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံသို့ အမေရိ ကန်၏ ထောက်ပံ့မှုသည် ဒေါ်လာ ၈၇ သန်းမျှ ရှိလာမည်ဖြစ်သည်။

ထို့အပြင် ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး လုပ်ငန်းစဉ်အတွက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကြား ဆွေးနွေးသဘော တူမှုများ အထမြောက်စေရန် ၎င်း အနေဖြင့် တိုက်တွန်းကြောင်း လည်း တီလာဆန်က ပြောသည်။

နိုင်ငံရေးတာဝန်ထမ်းဆောင် သည့် ကာလတစ်လျှောက်လုံး အ တိုက်အခိုက်များ နေ့စဉ်ကြုံတွေ့ ရမည်ဟု မှတ်ယူထားပြီး လက်ရှိ တွင် ပြည်တွင်းထက် ပြည်ပ၏ တိုက်ခိုက်မှုများ ပိုမိုရှိနေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တီလာဆန်တို့ နိုဝင်ဘာ ၁၅ ရက်က နေပြည်တော်၌ တွေ့ဆုံဆွေး နွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲ တွင် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ဒေါ်အောင်ဆန်းစု ကြည်က ယခုကဲ့သို့ ပြန်လည်ဖြေ ကြားသည်။

‘‘ဒီလို နိုင်ငံရေးလုပ်တဲ့အခါ မှာ အတိုက်အခိုက်ခံရတယ်ဆို တာ ဘာမှမထူးဆန်းပါဘူး။ အ ရင်တုန်းကလည်း ပြည်တွင်းက လည်း တိုက်တယ်။ ပြင်ပက လည်း တိုက်တယ်။ အခုတော့ ပြည်တွင်းက ပြည်သူတွေက ပိုပြီး နားလည်မှုရှိတယ်။ ပြင်ပကတော့ တိုက်တုန်းပဲ။ နိုင်ငံရေးလုပ်မှ တော့ ဒီလောကဓံကို ခံရမှာပဲ။ ဖြစ်နေကျပဲ၊ နိစ္စဓူဝဖြစ်စဉ်ပဲ။ တာဝန်ထမ်းဆောင်တဲ့ ကာလ တစ်လျှောက် ရင်ဆိုင်ရမယ့်ကိစ္စ တွေပဲလို့ စိတ်ထဲထားလိုက်တယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နိုင်ငံရေး လုပ်ဆောင်ခြင်း သည် ဩဇာအာဏာရရှိရန်မဟုတ် ဘဲ တရားဥပဒေစိုးမိုးရေး၊ ငြိမ်း ချမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှု အ သီးအပွင့်များကို မြန်မာပြည်သူ လူထုခံစားစေချင်၍ လုပ်ဆောင် ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ၎င်း၏ နိုင်ငံရေးခံယူ ချက်ကို ပြောသည်။

—Ref: Reuters,News18