‘ဝ’အဖွဲ့နှင့် TNLA တို့ အဓမ္မလူသစ်စုဆောင်းနေဟု တပ်မတော်ထုတ်ပြန်

UWSA ၀အဖွဲ့က အဓမ္မလူသစ်စုဆောင်းမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်လာ ကြောင်း တပ်မတော်က ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ (ဓာတ်ပုံ − တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး)

အပစ်ရပ်စာချုပ် (NCA) လက်မှတ်မထိုးရသေးသည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့တစ် ဖွဲ့ဖြစ်သော ‘ဝ’ပြည်သွေးစည်းညီ ညွတ်ရေးပါတီ (UWSP/UWSA) က အတင်းအဓမ္မလူသစ်စုဆောင်း နေ၍ ဒေသခံများ တိမ်းရှောင်နေ ရကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက နိုဝင်ဘာ ၁၅ ရက်တွင် သတင်းထုတ်ပြန်သည်။


ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယန်းမြို့နယ် မိုင်းပေါက်မြို့ နယ် (ခွဲ)အတွင်း UWSA ‘ဝ’ အဖွဲ့ က အရွယ်မရောက်သေးသည့် ကလေးငယ်များကို အဓမ္မလူသစ် စုဆောင်းမှုများကြောင့် မိုင်းယန်း မြို့နယ်၏ အနောက်မြောက်ဘက် ရှစ်မိုင်ခန့်အကွာရှိ နမ့်ဆော် (အာ ခါ)ကျေးရွာနှင့် တုံဖကော်ကျေး ရွာတို့မှ လားဟူတိုင်းရင်းသားများ သည် နိုဝင်ဘာ ၁၁ ရက်တွင် နမ့် မော်ခမ်းကျေးရွာနှင့် လေးအိမ်စု ကျေးရွာများသို့ တိမ်းရှောင်ထွက် ပြေးလာခဲ့ကြောင်း သတင်းထုတ် ပြန်ချက်တွင် ပါရှိသည်။

UWSA ‘ဝ’အဖွဲ့က ကျေးရွာ များမှ အိမ်ထောင်စုတစ်စုလျှင် အမျိုးသားသုံးဦးရှိပါက နှစ်ဦးကို ၎င်းတို့အဖွဲ့သို့ မဖြစ်မနေ ဝင် ရောက်တာဝန်ထမ်းဆောင်ရန်နှင့် အမျိုးသမီးများအား တရုတ်စာ သင်ပေးမည်ဟု အကြောင်းပြ၍ လိမ်လည်ခေါ်ဆောင်ခြင်းများ ကြောင့် ယခုကဲ့သို့ တိမ်းရှောင် ထွက်ပြေးလာခဲ့ကြောင်း တိမ်း ရှောင်လာသည့် လားဟူတိုင်းရင်း သားများ၏ ပြောပြချက်များအရ သိရကြောင်း တပ်မတော်က သ တင်းထုတ်ပြန်သည်။

ယင်းသို့ သတင်းထုတ်ပြန်မှု နှင့်ပတ်သက်ပြီး ‘ဝ’ လက်နက် ကိုင်အဖွဲ့ UWSP/UWSA လားရှိုးမြို့ ဆက်ဆံရေးရုံး ဒုတိယတာဝန် ခံ ဦးညီရန်းက တပ်သားသစ် စုဆောင်းခြင်းမရှိဟု ၎င်း၏ ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် ရေးသား ၍ ငြင်းဆိုထားသည်။

တအာင်းလက်နက်ကိုင်အ ဖွဲ့ (TNLA) က အဓမ္မလူသစ်စု ဆောင်းခြင်းများ ပြုလုပ်နေ ကြောင်း တပ်မတော်က နိုဝင်ဘာ၁၅ ရက်တွင် သတင်းထုတ်ပြန် သည်။ ထုတ်ပြန်ချက်တွင် TNLAကို အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ဟုဖော်ပြသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)နမ့်ဆန်မြို့နယ် ဟိုချောင်းကျေး ရွာနေ ဒေါ်မိုးဦးကို TNLA အကြမ်း ဖက်သောင်းကျန်းသူအဖွဲ့က နိုဝင်ဘာ ၁၁ ရက် နံနက်တွင် နမ့်ဆန်မြို့၏ အနောက်တောင်ဘက် နှစ်မိုင်ခန့်အကွာရှိ ပန်စမိန်းကျေး ရွာသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ ကြောင်း တပ်မတော် သတင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။

ဒေါ်မိုးဦးကို TNLA အကြမ်း ဖက်သောင်းကျန်းသူအဖွဲ့ အင် အားသုံးဦးက ဆိုင်ကယ်သုံးစီးဖြင့် ပန်စမိန်းကျေးရွာသို့ ခေါ်ဆောင် ၍ ၎င်းတွင် သားသုံးဦးရှိ၍ TNLAအကြမ်းဖက်သောင်းကျန်းသူအ ဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် တစ်ဦးပေးရမည်ဟု ပြောဆိုခဲ့ ကြောင်း သတင်းထုတ်ပြန်သည်။

တပ်မတော်၏ သတင်း ထုတ်ပြန်မှုအပေါ် တအာင်းလက် နက်ကိုင်အဖွဲ့ (TNLA) အထွေ ထွေအတွင်းရေးမှူး တာ့ဘုန်း ကျော်က ‘‘ကျွန်တော်တို့က တပ် သားသစ်စုဆောင်းတာက ကျွန် တော်တို့မှာ စည်းမျဉ်းစည်းကမ်း ရှိပါတယ်။ ကျွန်တော်တို့ တအာင်း(ပလောင်)လူမျိုးကိုပဲ ကျွန်တော်တို့ တပ်သားစုဆောင်းတာဖြစ် တယ်။ တအာင်း(ပလောင်)လူမျိုးအသက် (၁၈)နှစ်ပြည့်ပြီးတော့မှ ညီအစ်ကိုနှစ်ယောက်နဲ့အထက်ရှိ တယ်ဆိုရင် ကျွန်တော်တို့ တစ်ယောက်က စစ်မှုထမ်းဆောင်ရ တာဖြစ်ပါတယ်။ ကျွန်တော်တို့အဲဒီအတိုင်းပဲ ကောက်တာဖြစ်ပါတယ်။ ဒါကျွန်တော်တို့ရဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းပါ။ ကျွန်တော်တို့ စည်းမျဉ်းစည်းကမ်း နဲ့ မကိုက်ညီဘူးဆိုရင်တော့ ကျွန် တော်တို့ မကောက်ပါဘူး’’ဟု ပြောသည်။ ၎င်းတို့အနေဖြင့် အဓမ္မစုဆောင်းမှုမျိုး လုပ်ဆောင် ခြင်းမရှိဟု ဆိုသည်။

‘ဝ’လက်နက်ကိုင်အဖွဲ့နှင့် တအာင်း (ပလောင်)လက်နက်ကိုင်အဖွဲ့ (TNLA) တို့သည် NCAမထိုးဘဲ နိုင်ငံရေးဆွေးနွေးမည့်မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့တွင်ပါဝင်ကာ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ဝင် များလည်း ဖြစ်သည်။

၂၀၁၇ ဇွန်လဆန်းမှ အောက်တိုဘာလကုန်အထိ တပ်မတော် နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)ကြား ပစ်ခတ်တိုက်ခိုက် မှု အများဆုံးဖြစ်ပွားခဲ့ကြောင်း မြန်မာ့ငြိမ်းချမ်းရေး အထောက်အ ကူပြုဆိုင်ရာ အဖွဲ့အစည်းတစ် ရပ်ဖြစ်သည့် Myanmar Peace Monitor ၏ အချက်အလက်များ တွင် ဖော်ပြသည်။ နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်ဦးဆောင်သော အစိုးရ ငြိမ်းချမ်းရေးကော်မရှင်ကိုယ်စား လှယ်အဖွဲ့သည် ‘ဝ’လက်နက် ကိုင်အဖွဲ့ဥက္ကဋ္ဌ ဦးပေါက်ယူချန်း အပါအဝင် ခေါင်းဆောင်များနှင့်နိုဝင်ဘာ ၁၁ ရက်က ပန်ဆန်းဒေသ၌ တွေ့ဆုံဆွေးနွေးထားသည်။