ပုပ္ပားတောင်ကလပ်အနီး မြေကျွံမှုဖြစ်ပွားပြီးနောက် လူနေထိုင်ရန်မသင့်ကြောင်း စည်ပင်သာယာ အသိပေး

ပုပ္ပားတောင်ကလပ်အနီး မြေကျွံမှုဖြစ်ပွားနေသော နေရာနှင့် ဒေသခံများကို တွေ့ရစဉ် (ဓာတ်ပုံ−ပုပ္ပားတောင်ချစ်သူများအသင်း)

 မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်း မြို့နယ် ပုပ္ပားတောင်ကလပ်တွင် အောက်တိုဘာ ၁၅ ရက်ကမြေကျွံမှုဖြစ်ပွားပြီးနောက်  မြို့နယ်စည်ပင်သာယာက မြေကျွံမှုဖြစ်ပွားရာ ဝန်းကျင်၌ လူနေထိုင်ရန်မသင့်ကြောင်း အသိပေးထားသည်။

အောက်တိုဘာ ၁၅ ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ပုပ္ပားတောင်ကလပ်မှ ဈေးသို့သွားရာ လမ်းမပေါ်ရှိ အောင်သိဒ္ဓိကုန်းတွင် အလျား ၁၅ ပေ ခန့်နှင့်အနက် ၃ ပေခန့် အက်ကြောင်းပေါ်ကာ မြေသားကျွံကျမှုဖြစ်ပေါ်ခဲ့ပြီးအောင်သိဒ္ဓိကျောင်းတစ်ဝိုက်ရှိ အဆောက်အအုံနံရံများ၊ကြမ်းပြင်များ အက်ကွဲကာ လက်ရန်းများပြိုကျခဲ့ကြောင်း ဒေသခံများကပြောသည်။

ပုပ္ပားတောင်ကလပ်ဝန်း ကျင်တွင် လူနေထူထပ်လာသည့် အပြင် စနစ်တကျ ရေစွန့်ပစ်မှုမရှိ ၍ မြေသားများ လှိုက်စားကာ ကျွံကျခြင်းမျိုးဖြစ်နိုင်ကြောင်း ကျောက်ပန်းတောင်းမြို့နယ် စည် ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးတင့်ခိုင်က သုံးသပ်သည်။

မြေကျွံမှု ဖြစ်ပွားရာနေရာ သည် စည်ပင်ပိုင်မြေမဟုတ်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များကို အခြားဌာနဆိုင်ရာများ နှင့် ပေါင်းစပ်ဆောင်ရွက်မည်ဟု ၎င်းက ဆိုသည်။

‘‘တောင်ပေါ်တွေမှာတော့ ဘယ်လောက်အတိုင်းအတာထိ ရှိနေမလဲမသိရဘူး။ ကျွံတဲ့နေရာ နဲ့ ပတ်ဝန်းကျင်ကိုတော့ လူတွေ နေထိုင်ဖို့ မသင့်ဘူးဆိုတဲ့အ ကြောင်း ပြောထားတယ်’’ဟု ၎င်းက ပြောသည်။

ပုပ္ပားတောင်ကလပ်သည် မပေါက်သည့်မီးတောင်တစ်ခု၏ လည်တိုင်ဖြစ်ပြီး ဘေးတွင် မီး တောင်ပြာများ၊ ချော်ရည်များ သည် မြေပွများအဖြစ် တည်ရှိနေ ကာ ရေတိုက်စား၍ မြေပြိုခြင်း ဖြစ်ပေါ်နိုင်ကြောင်း မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းမှ ဘူမိပညာရှင် ဦးသန်းထွန်းက ပြောသည်။

‘‘တောင်စောင်းတွေပြိုပြီဆို ရင် တောင်ကလပ်ပါ ထိခိုက်နိုင် တယ်။ ကျွံကျတဲ့နားမှာရှိတဲ့ အောက်ဘက်ကရော၊ အထက်ကရော လူနေအိမ်တွေ အကုန်ဖယ် ခိုင်းဖို့ ပြောထားတယ်။ ဘယ် လောက်ထိအောင် ကျွံမယ်၊ ဆက်ပြိုမယ်ဆိုတာ မပြောနိုင်ဘူး။ ဒါ သတိပေးတာပဲရှိသေးတယ်။ ကံ ဆိုးရင် အကုန်လုံးဆင်းမှာ။ အ လွန်အင်မတန်မှ ကြောက်စရာ ကောင်းတယ်’’ဟု ၎င်းက ပြော သည်။

ထိုအခြေအနေကို မသိရှိ၍ တောင်ကလပ်အခြေတွင် အ ဆောက်အအုံများ တိုးချဲ့ဆောက် လုပ်ခြင်း၊ ကားဂိတ်များဆောင် ရွက်ခြင်း၊ ဘုန်းကြီးကျောင်းများ နှင့် လူနေအိမ်များ တည်ဆောက် နေပြီး ထိုသို့မပြုလုပ်ရန် မေတ္တာ ရပ်ခံခဲ့ကြောင်း ဦးသန်းထွန်းက ပြောသည်။

သို့သော် မလိုက်နာ၍ မြေသားခိုင်မာမှုမရှိတော့ဘဲ မိုးဆက် တိုက်ရွာသည့်အခါ အက်ကြောင်း များ ဖြစ်ပေါ်လာကြောင်း၊ အက်ကြောင်းများသည် မြေဆီလွှာဖုံး နေ၍ မမြင်နိုင်သောကြောင့် အ တွင်းထဲတွင် မည်မျှလှိုက်စားနေ မည်ကို မသိနိုင်ကြောင်း ၎င်းက သုံးသပ်သည်။

လက်ရှိတွင် မြေကျွံမှုများ ဆက်လက်ဖြစ်ပေါ်နေခြင်းမရှိ သော်လည်း ပတ်ဝန်းကျင်ရှိ ဒေသခံများသည် စိုးရိမ်နေပြီး လွန်ခဲ့ သော ၁၀ နှစ်ခန့်က ပုပ္ပားတောင်ကလပ်အခြေ၌ မြေသားကျွံကျမှု ဖြစ်ဖူးကာ ပေ ၈၀ ခန့်အထိ နိမ့် ကျခဲ့ဖူးကြောင်း ပုပ္ပားတောင်ချစ်သူများအသင်း နာယကဆရာ တော် ဦးယုဇနက မိန့်ကြားသည်။

‘‘အဲဒီနားနေတဲ့သူတွေက တော့ ကြောက်နေကြတယ်။ လောလောဆယ် ကားသွားလို့ရအောင် တော့ ဆာလာအိတ်ထဲ သဲထည့် ပြီး ခုထားကြတယ်’’ဟု ဆရာ တော် ဦးယုဇနက မိန့်ကြားသည်။

ပုပ္ပားတောင်နှင့် ပုပ္ပား တောင်ကလပ်သည် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် အတွင်း တည်ရှိပြီး ပဲခူးရိုးမ မြောက်ဘက်အစွန်းတွင် သီးခြား ထိုးထွက်နေသော မီးတောင် ဟောင်းတစ်ခုဖြစ်သည်။ ပုပ္ပားတောင်ကလပ်သည် ပုပ္ပားတောင်မကြီး ပေါက်ကွဲရာမှ ပဲ့ကျလာသည့် အစိတ်အပိုင်းဟု ယူဆကြသော် လည်း မီးတောင်လည်တိုင်တစ်ခု ဟု အဆိုရှိသည်။ ပုပ္ပားတောင်မ ကြီးသည် အမြင့်ပေ ၄,၉၈၁ ရှိပြီးပုပ္ပားတောင်ကလပ်သည် ၂,၄၁၇ ပေမြင့်သည်။