မြောက်ကိုရီးယား ဒုံးကျည်စွမ်းရည်ကို လုံးဝ လျှော့တွက်၍ မရတော့ဟု စီအိုင်အေ အကြီးအကဲ သတိပေး

မြောက်ကိုရီးယားသည် အမေရိကန် ပိုင်နက်ကို နျူကလီးယား ဒုံးကျည်ဖြင့် လက်တွေ့ တိုက်ခိုက်နိုင်စွမ်းမျိုး ပိုင်ဆိုင်လာရန် နီးစပ်နေပြီဟု စီအိုင်အေ အကြီးအကဲက သတိပေးလိုက်သည်။

အမေရိကန် ထောက်လှမ်းရေး ဌာနကြီး၏ ညွှန်ကြားရေးမှူး မိုက်ခ်ပွမ်ပီယိုက မြောက်ကိုရီးယား၏ နျူကလီးယား လက်နက် စွမ်းရည် တိုးတက်မှုနှုန်းကို လျှော့တွက်ရန် မည်သို့မျှ မဖြစ်နိုင်ဟု ဝန်ခံခဲ့သည်။ ၎င်းက ဒေါ်နယ်လ်ထရမ့်၏ အစိုးရ အနေဖြင့် မြောက်ကိုရီးယားကို သံတမန်ရေးရာ ချဉ်းကပ် ညှိနှိုင်းမှုများ ဆက်လက် လုပ်ဆောင်နေသည့်တိုင် စစ်ရေးဖြစ် အရေးယူရန် ရွေးချယ်မှုကိုပါ ထည့်စဉ်းစားထားသင့်ကြောင်း တိုက်တွန်းခဲ့သည်။

မြောက်ကိုရီးယားက ၎င်းတို့၏ နျူကလီးယား ထိပ်ဖူးတပ် တိုက်ချင်းပစ် ဒုံးကျည်များသည် အမေရိကန် ပိုင်နက်ထိ ပစ်ခတ်နိုင်စွမ်း ရှိနေပြီဟု ကြွေးကြော်ထားသော်လည်း လက်နက် ပညာရှင်များကမူ ထိုအဆင့်ထိ မရောက်နိုင်သေးဟု ယူဆနေကြသည်။

“မြောက်ကိုရီးယားဟာ သူတို့ရဲ့ ရည်မှန်းချက်နဲ့ တဖြည်းဖြည်း နီးစပ်လာနေပါပြီ။ သူတို့ရဲ့ ဒုံးကျည်လက်နက် စွမ်းဆောင်ရည်ဟာ အမေရိကန်ကို ထိပါးနိုင်ဖို့ အမှန်တကယ် ဖြစ်မြောက်လာနိုင်ခြေ ရှိနေပြီ။ အမေရိကန်ဟာ အခြေအနေတိုင်းအတွက် ရွေးချယ်စရာတွေ စဉ်းစား ပြင်ဆင်ထားဖို့ လိုပါတယ်”ဟု ပွမ်ပီယိုက ဆိုသည်။

၎င်းက “မြောက်ကိုရီးယားက ဒီအခြေအနေ ရောက်အောင် အချိန်အကြာကြီး ဖြတ်သန်းခဲ့တယ်။ အခု နောက်ဆုံးအဆင့်ကို ရောက်လာပြီ။ ဒါကြောင့် သူတို့တွေ နောက်ဆုံးလှမ်းမယ့် ခြေလှမ်းကို ဘယ်လို ရပ်တန့်မလဲ။ ဒါကို ကျွန်တော်တို့ လက်တွေ့ကျကျ တွေးရတော့မယ်”ဟုလည်း ပြောကြားသွားသည်။

ထို့အပြင် အမေရိကန် ထောက်လှမ်းရေး အေးဂျင့်များ အနေဖြင့် ပြုံယမ်းတွင် နျူကလီးယား လက်နက် နည်းပညာ တိုးတက်မှု အရှိန်အဟုန် အလွန်မြန်ဆန်နေသည်ကို ခြေရာခံ သိရှိထားကြောင်း၊ ယင်းအခြေအနေသည် အန္တရာယ် ကြီးလွန်းကြောင်းလည်း ပွမ်ပီယိုက သတိပေးခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်ကမူ သမ္မတ ထရမ့်သည် မြောက်ကိုရီးယား ပြဿနာကို သံတမန်ရေးရာ နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် အလေးအနက် ဆက်လက် မျှော်လင့်နေဆဲဟု ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားထားသည်။

Ref: Reuters