အာဖဂန်ရှိ ဗလီနှစ်ခုတွင် အသေခံ ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွားပြီး လူ ၆၀ နီးပါးသေဆုံး

အာဖဂန် နစ္စတန် နိုင်ငံတွင် ဗလီနှစ်ခုကို အသေခံ ဗုံးခွဲတိုက်ခိုက်မှုများကြောင့် လူ ၆၀ နီးပါးမျှ သေဆုံးခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာ ၂၀ က ကဘူးလ်မြို့အနီးရှိ ရှီးဟိုက် မွတ်ဆလင် ဗလီတစ်ခုကို လူတစ်ဦးက ဝင်ရောက် ပစ်ခတ်ပြီး အသေခံ ဗုံးခွဲခဲ့ရာ ဝတ်ပြုသူ ၃၉ ဦး သေဆုံးပြီး ၄၅ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။ ထို့အပြင် ကဘူးလ် အနောက်ပိုင်း ဂေါဟ်ရှိ ဆွန်နီ မွတ်ဆလင် ဗလီတစ်ခုတွင်လည်း အသေခံ ဗုံးခွဲ တိုက်ခိုက်မှု တစ်ခုကြောင့် လူ ၂၀ မျှ သေဆုံးခဲ့သည်။

ကဘူးလ်မြို့တော်ရှိ အိုင်မန်ဇာမန်း ဗလီကို တိုက်ခိုက်ခဲ့သည်မှာ ၎င်းတို့၏ လက်ချက်ဟု အိုင်အက်စ် စစ်သွေးကြွများက ထုတ်ပြန်သော်လည်း အတည်မပြုနိုင်သေးဟု အာဏာပိုင်များက ဆိုသည်။ ဆွန်နီ အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ အုပ်စုတစ်ခုဖြစ်သည့် အိုင်အက်စ်တို့သည် ယခင်ကလည်း ရှီးဟိုက်ဗလီများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ဖူးသည်။

ယခုသတင်းနှင့်အတူ အာဖဂန် တစ်နိုင်ငံလုံးတွင် တစ်ပတ်မျှ အချိန်အတွင်း ဗုံးခွဲတိုက်ခိုက်မှုများကြောင့် သေဆုံးသူ ဦးရေ ၁၇၆ ဦးထက်မနည်းထိ ရှိလာပြီ ဖြစ်သည်။ အိုင်မန်ဇာမန်း ဗလီရှေ့မှ ဗုံးပေါက်ကွဲပြီးချိန် မြင်ကွင်းသည် ရှေ့တန်းစစ်မျက်နှာ တစ်ခုကဲ့သို့ ဆိုးရွားလွန်းကြောင်း မျက်မြင်တစ်ဦးက ဆိုသည်။

ကဘူးလ် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဘာဆာ မိုဂျာဟစ်ဒ်က ဗလီများ တိုက်ခိုက်ခံရမှု သတင်းကို အတည်ပြုခဲ့သော်လည်း အသေးစိတ် မှတ်ချက် မပေးနိုင်သေးဟု ဆိုသည်။ အာဖဂန် ပြည်ထဲရေး ဝန်ကြီးဌာနကမူ ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာများတွင် ကျွမ်းကျင်သူများက ဖြစ်စဉ်၏ အသေးစိတ် အခြေအနေကို စုံစမ်းဖော်ထုတ်ရန် ကြိုးစားနေကြောင်း ထုတ်ပြန်ခဲ့သည်။

အာဖဂန်တွင် အောက်တိုဘာ ၁၉ ရက်ကလည်း ခန်ဒါဟာပြည်နယ်ရှိ စစ်အခြေစိုက် စခန်းကို တာလီဘန် စစ်သွေးကြွများက ဝင်ရောက် စီးနင်း တိုက်ခိုက်မှုကြောင့် စစ်သည် ၄၃ ဦး သေဆုံးခဲ့သည်။ ထို့အပြင် ယင်းမတိုင်မီ နှစ်ရက်ကလည်း ရဲတပ်ဖွဲ့ လေ့ကျင့်ရေး သင်တန်းတစ်ခုကို တာလီဘန် အသေခံ ဗုံးသမားများက ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၄၁ ဦး အသက်ဆုံးရှုံးခဲ့သည်။ ထိုနေ့တွင်ပင် ဂါဇနီ၌ ကားဗုံးပေါက်ကွဲရာ လူပေါင်း ၃၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

Ref: CNN

Top News