ကလေးများ၏ မဖွယ်မရာ ဓာတ်ပုံများ ဖြန့်ဝေသူ ၁၀၈ ဦးကို ဘရာဇီး ရဲတပ်ဖွဲ့ ဖမ်းဆီး

ကလေးများ၏ မဖွယ်မရာ ဓာတ်ပုံများ ဖြန့်ဝေနေသူများကို ဘရာဇီးတွင် စီမံချက်ဖြင့် ဖမ်းဆီးခဲ့ရာ စုစုပေါင်း ၁၀၈ ဦးထိ ဖမ်းမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်သည် လက်တင်အမေရိက ဒေသတွင် ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ ထိပါးမှု ကျူးလွန်သူ အရေအတွက် အများဆုံး ဖမ်းဆီးရရှိနိုင်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ဘရာဇီး ရဲတပ်ဖွဲ့သည် မြို့တော် ဘရာစီလီယာနှင့် ပြည်နယ်ပေါင်း ၂၄ ခုတို့တွင် စစ်ဆင်ရေးများ ဆင်နွှဲပြီး တရားခံများကို ရှာဖွေခဲ့ခြင်း ဖြစ်သည်။

တရားရေးဝန်ကြီး တော်ကွမ်တို ယာဒင်းမ်က ဖမ်းဆီးရမိသူ အများစုသည် အင်တာနက်ပေါ်တွင် ကလေးသူငယ်များ၏ မဖွယ်မရာ ဓာတ်ပုံများ ဝေမျှနေသည့် ရာဇဝတ်ဂိုဏ်း တစ်ခုနှင့် ဆက်စပ်နေကြောင်း ပြောကြားခဲ့သည်။

လက်တင်အမေရိက နိုင်ငံအချို့တွင် ကလေးငယ်များ၏ လိင်ပိုင်းဆိုင်ရာ ထိပါးသည့် ဓာတ်ပုံနှင့် ဗီဒီယိုများ ပျံ့နှံ့နေသည့် ကိစ္စကို ဘရာဇီး ရဲတပ်ဖွဲ့က ခြောက်လကြာ အချိန်ယူ စုံစမ်းပြီးနောက် ယခုလို ပြည်နယ်ပေါင်းစုံ ဖြန့်ကျက်ပြီး ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စစ်ဆင်ရေးကို အမေရိကန်နှင့် ဥရောပ လူဝင်မှု ကြီးကြပ်ရေး ဌာနများကလည်း ပါဝင် ပံ့ပိုးခဲ့သည်။

အာဏာပိုင်များက ဖြစ်စဉ်နှင့် ဆက်စပ်ပြီး ကလေးများ၏ မဖွယ်မရာ ဓာတ်ပုံပေါင်း တစ်သိန်းခွဲကျော်ကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း အတည်ပြုခဲ့သည်။ အဖမ်းခံရသူများထဲတွင် အငြိမ်းစား ရဲများ၊ အစိုးရ ဝန်ထမ်းများနှင့် ဘရာဇီး ဘောလုံးကလပ် အချို့မှ လူငယ်အသင်း နည်းပြအဖွဲ့ဝင်များပါ ပါဝင်ခဲ့ကြောင်း သိရသည်။

အစောပိုင်းတွင် အဆိုပါ ရာဇဝတ် အသိုက်အဝန်းသည် ရဲများ၏ စုံစမ်းစစ်ဆေးမှုကို နည်းလမ်းပေါင်းစုံ အသုံးပြုပြီး ရှောင်တိမ်းနေနိုင်ခဲ့ကြောင်း ယာဒင်းမ်က ဆိုသည်။ “သူတို့ဆီမှာ ကလေးတွေ၊ အသက်မပြည့်သေးတဲ့ လူငယ်တွေရဲ့ မဖွယ်မရာ ဓာတ်ပုံတွေ အများကြီးကို သိုလှောင် သိမ်းဆည်းထားကြတယ်။ ဒါဟာ ရာဇဝတ်မှု မြောက်ပါတယ်။ အဲဒီပုံတွေကို ပြည်တွင်းနဲ့ နိုင်ငံခြားက မှာယူသူတွေဆီ အွန်လိုင်းကနေ ပို့ပေးပြီး စီးပွားရှာနေတာပါ။ ဒါပေမဲ့ တချို့ကျတော့ သူတို့ ကွန်ပျူတာထဲ ဒီပုံတွေ ရောက်နေတာတောင် မသိတာမျိုးလည်း ရှိတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

ဓာတ်ပုံများထဲတွင် ကလေးငယ်များ၊ ဆယ်ကျော်သက်များကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုမူနေမှုများ ပါဝင်နေသည်။ အဆိုပါ ကွန်ရက်သည် ဘရာဇီးတွင် သီးသန့်ရပ်တည် လှုပ်ရှားခဲ့သလော၊ သို့တည်းမဟုတ် အခြားသော ရာဇဝတ်ဂိုဏ်းကြီးများနှင့် ဆက်စပ်မှု ရှိခဲ့သလော ဆိုသည်ကိုမူ ကွဲကွဲပြားပြား မသိရသေးချေ။

Ref: BBC