နေပြည်တော် စည်ပင်ရိပ်သာအနီးတွင် လာရောက်စွန့်ပစ်ထားသည့် ကျည်ဆန်များတွေ့ရှိ

နေပြည်တော်စည်ပင်ရိပ်သာအနီးတွင် ပလတ်စတစ်အိတ်ဖြင့်ထည့်၍ စွန့်ပစ်ထားသည့် ကျည်ဆန်များ (ဓာတ်ပုံ − Ministry of Home Affairs, Myanmar's )

ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက် စည်ပင်ဧည့် ရိပ်သာအနီးတွင် ပလတ်စတစ် အိတ်ဖြင့်ထည့်၍ စွန့်ပစ်ထား သည့် ကျည်ဆန်များကို အောက်တိုဘာ ၁၉ ရက်က တွေ့ရှိကြောင်းဇမ္ဗူသီရိမြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်အောင်က ပြောသည်။

စည်ပင်သန့်ရှင်းရေးဝန် ထမ်း အမျိုးသမီးတစ်ဦး သန့်ရှင်း ရေးလုပ်ဆောင်စဉ် စည်ပင်ရိပ် သာအနီး ထိုက်သူပန်ပျိုးဥယျာဉ် ခြံ ပလက်ဖောင်းမြက်ခင်းတွင် ပလတ်စတစ်အိတ်ဖြင့် ထုပ်ထားသော ၉ မမ ကျည် ၃၇ တောင့်၊ ၅ ဒသမ ၅၆ ကျည်နှစ်တောင့်၊ ပွိုင့် ၂၂ ကျည်တစ်တောင့် စုစုပေါင်းကျည်အတောင့် ၄၀ တွေ့ရှိခဲ့ပြီး နေပြည်တော် စည်ပင်လက် ထောက်ညွှန်ကြားရေးမှူးက ရဲစခန်းသို့ လာရောက်အပ်နှံ ကြောင်း ဆိုသည်။

‘‘ပလက်ဖောင်းရဲ့ဘေးနား ၁၀ ပေလောက်အကွာကနေပြီး အထုပ်ကလေးတွေ့တာ။ သူက အမှိုက်သိမ်းရင်း တွေ့တာပေါ့။ တွေ့တဲ့အခါ လူကြီးကို အပ် တယ်။ အဲဒီကတစ်ဆင့် ကျွန် တော်တို့ဆီကို လာအပ်တာ’’ဟု ဒုရဲမှူးမြင့်အောင်က ပြောသည်။

ကျည်များသည် ဟောင်းနွမ်း နေပြီး အသုံးပြု၍ ရ၊ မရ မသိ ကြောင်း ဒုရဲမှူးမြင့်အောင်က ပြောသည်။

‘‘ပညာရှင်မဟုတ်တဲ့အ တွက် ကျွန်တော်တို့ မသိနိုင်ဘူး ဗျ။ မျက်မှန်းနဲ့ဆိုတော့ ကြေးညှိ တွေတက်နေတယ်။ ဟောင်းနွမ်း နေပြီ။ အဲဒီအနေအထားမျိုးနဲ့ တွေ့ရှိခဲ့တာပါ’’ဟု ၎င်းက ပြော ကြားသည်။

ကျည်များတွေ့ရှိမှုကို အမှုဖွင့်ထားခြင်းမရှိသေးဘဲ စုံစမ်းစစ် ဆေးနေကြောင်းသာ ဆက်လက်ပြောသည်။

ဝန်ကြီးဟောင်း၏သား၊ ACE လုပ်ငန်းစု၏ အကြီးအကဲ ဖြိုးကိုကိုတင့်ဆန်းအမှုတွင်လည်း ၉ မမ ပစ္စတိုများ၊ ၅ ဒသမ ၅၆ ကျည်များ ဖမ်းဆီးရမိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ကျည်များလာရောက်စွန့် ပစ်မှုနှင့် ဖြိုးကိုကိုတင့်ဆန်းအမှု ဆက်စပ်မှု ရှိ၊ မရှိ နေပြည်တော် ရဲတပ်ဖွဲ့တာဝန်ရှိသူများကို မေး မြန်းရာ မသိရှိကြောင်း ငြင်းဆို သည်။

‘‘ကျည်တွေက မသစ်ဘူး လေ။ ဟောင်းနေတာ။ ကျွန်တော် တို့က တွေ့ရှိချက်ပဲပြောနိုင်မှာ ပေါ့။ တွေ့ရှိချက်က အဲဒီနေရာ မှာ ကျည်ဆန်တွေ ၄၀။ အဲဒီကျည် တွေက လမ်းဘေးမှာ ပလတ် စတစ်နဲ့ ထုပ်ထားတာလေ။ ဟိုက (ဖြိုးကိုကိုတင့်ဆန်း)စနစ်တကျနဲ့ သိမ်းတာလေ။ လမ်းဘေးမှာပဲ တွေ့တယ်ပေါ့’’ဟု ဒက္ခိဏခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

ဒုရဲမှူးမြင့်အောင်ကလည်း ‘‘လူမျိုးပေါင်းစုံ သွားနေတာပဲ လေ။ လမ်းကနေ ပစ်ချရင်ချသွား မှာပေါ့။ ဘယ်ရက်ကနေ ပစ်ထား လဲမှမသိတာ’’ဟု ဖြိုးကိုကိုတင့် ဆန်းအမှုနှင့် ကျည်များလာ ရောက်စွန့်ပစ်မှု ဆက်စပ်မှု ရှိ၊ မရှိ မသိကြောင်း ငြင်းဆိုသည်။

တွေ့ရှိထားသည့် ကျည်ဆန် များကို စစ်လက်နက်ခဲယမ်းပစ္စည်း တပ်သို့ အပ်နှံရန် စီစဉ်နေကြောင်း ၎င်းက ပြောသည်။

တရားမဝင်လက်ဝယ်ထားရှိ သော လက်နက်ခဲယမ်းများ၊ ဆက်သွယ်ရေးစက်များနှင့် လိုင်စင်မဲ့ယာဉ်များကို နီးစပ်ရာ တပ်၊ ရဲစခန်း၊ ရဲတပ်ဖွဲ့မှူးရုံးများသို့ အ မြန်ဆုံး လာရောက်အပ်နှံရန် နိုင်ငံပိုင် ရုပ်သံများမှတစ်ဆင့် အောက်တိုဘာ ၁၈ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။