အမျိုးသမီးကို သတ်ပြီး မီးရှို့သူကို ရဲတပ်ဖွဲ့လိုက်လံဖမ်းဆီး

ဒဂုံမြို့သစ် (မြောက် ပိုင်း)တွင် ဖြစ်ပွားခဲ့သော မီး လောင်မှုမှ အမျိုးသမီးအလောင်း  တွေ့ရှိမှု၌  ပြစ်မှုကျူးလွန်သူကို လိုက်လံဖမ်းဆီးနေကြောင်း ရဲ တပ်ဖွဲ့က ဆိုသည်။ ရဲမှတ်တမ်း ၌မူ မီးရှို့သတ်သူကို အရေးယူပေးရန် တိုင်ကြားမှုဟု ဖော်ပြထားသည်။ 

‘‘အမျိုးသမီးကတော့ မီး လောင်ဒဏ်ရာတွေနဲ့ သေဆုံးနေ တာ တွေ့ရပါတယ်။ နှာခေါင်းနဲ့ ပါးစပ်ကို ပုဆိုးစနဲ့ ချည်ထား တယ်’’ဟု မြောက်ဒဂုံရဲစခန်းမှ ရဲ အရာရှိက ပြောသည်။ 

သေဆုံးသည့် အမျိုးသမီး  သည် မြောက်ဥက္ကလာပမြို့နယ် အိန္ဒြာ(၂)လမ်း (ဇ)ရပ်ကွက်နေအသက်(၃၅)နှစ်အရွယ် မခင်ဇင်လတ်(ခ)လုံးလုံးဖြစ်ပြီး မီးလောင်ကျွမ်းသည့် အိမ်သို့ မကြာခဏလာရောက်လေ့ရှိကြောင်း ၎င်းရဲအရာရှိက ပြောသည်။ 

မီးလောင်မှုဖြစ်ပွားခဲ့သည့် မြောက်ဒဂုံ(၅၁)ရပ်ကွက် ဘုရင့် နောင်(၂)လမ်းရှိ နေအိမ်ကို အိမ်အပြင်မှ သော့ခတ်ထားသဖြင့် ရပ်ကွက်နေ ပြည်သူများက တံခါးဖျက်ကာ မီးငြှိမ်းသတ်ခဲ့ရပြီး နောက် မီးလောင်သေဆုံးနေသည့် အမျိုးသမီးအလောင်းကို တွေ့ရှိခဲ့ ကြောင်း ၎င်းက ပြောသည်။ 

ယင်းနေအိမ်ကို အမျိုးသား တစ်ဦးက တစ်လလျှင် ကျပ်တစ် သိန်းဖြင့် ငါးလငှားရမ်းထားခြင်း ဖြစ်သည်။ အောက်တိုဘာ ၁၉ ရက် နံနက်အစောပိုင်းတွင် နေအိမ်မီးလောင်နေသဖြင့်  ရပ်ကွက်နေပြည်သူများက မီးငြှိမ်းသတ်ခဲ့ရာမှ အလောင်းကို တွေ့ရှိခြင်းဖြစ်ကြောင်း ရဲအရာရှိက ပြောသည်။ သို့သော်  အိမ်ငှားရမ်းထားသူယာဉ်မောင်းသည် ထွက်ပြေးတိမ်းရှောင်နေကြောင်း ရဲအရာရှိက ပြောသည်။ 

‘‘သေဆုံးသူမှာ ကလေးတစ် ယောက်ရှိတယ်။ မေးကြည့်တော့ ၁၈ ရက်နေ့ ညနေ ၆ နာရီခွဲလောက်ကတည်းက အိမ်ကနေ ထွက်သွားတယ်ပြောတယ်။ အလောင်းကိုတော့ မြောက်ဥက္ကလာဆေးရုံကို ပို့ပြီး စစ်ဆေးနေပါတယ်’’ဟု ထားဝယ်ချောင်နယ်မြေရဲစခန်းမှ  ရဲအရာရှိက ပြောသည်။ 

လူသတ်မီးရှို့သူဟု ယူဆရသူ အသက်(၃၀)အရွယ် အမျိုးသားကို မြောက်ဒဂုံမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု)ဖြင့် အမှုဖွင့်အရေးယူထားပြီး လိုက်လံရှာဖွေဖမ်းဆီးနေသော်လည်း အောက်တိုဘာ ၂၀ ရက်အထိ ဖမ်းမမိသေးပေ။ 

Top News