ယူကရိန်းတွင် လူအုပ်ထဲ ကားဝင်တိုက်မှုကြောင့် ၅ ဦး သေဆုံး

ယူကရိန်းနိုင်ငံတွင် လူအုပ်ထဲ ကားတစ်စီး ဝင်တိုက်မှုကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံးသွားကြောင်း သိရှိရသည်။

နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ခါကစ်ဗ်မြို့တွင် အောက်တိုဘာ ၁၈ ရက်က ဖြစ်ပွားသော ယာဉ်တိုက်မှုတွင် နောက်ထပ် ၆ ဦး ဒဏ်ရာရခဲ့ပြီး အမျိုးသမီး ၂ ဦး၏ အခြေအနေမှာ အထူးတလည် စိုးရိမ်ရကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

ဥရောပ နိုင်ငံများတွင် အိုင်အက်စ် အလိုတော်ရိ ဂျီဟတ်ဝါဒီများက လူအုပ်ထဲသို့ ကားများ၊ ထရပ်ကားများဖြင့် ဝင်တိုက်သည့် အကြမ်းဖက်မှုများ ကျူးလွန်ခဲ့သော်လည်း ယခုဖြစ်စဉ်မှာမူ အကြမ်းဖက် လှုပ်ရှားမှု တစ်ခုခုနှင့် ဆက်စပ်သည့် အထောက်အထား မတွေ့ရကြောင်း ရဲများက မှတ်ချက်ပေးထားသည်။

SUVအမျိုးအစား ကားကို မောင်းနှင်လာသူမှာ အမျိုးသမီးတစ်ဦးဖြစ်ပြီး ယခုအခါ ရာဇဝတ်ကြောင်း စွဲချက်တင် ဖမ်းဆီးခြင်း ခံထားရသည်။ သူမသည် လမ်းလုံခြုံရေး ဥပဒေ ချိုးဖောက်မှုများအတွက် တရားစွဲ ခံရမည်ဖြစ်ပြီး အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁၀ နှစ်ထိ ချမှတ်နိုင်မည်ဟု သိရသည်။

ယူကရိန်း သတင်းဌာနများက ကျေမွပျက်စီးနေသည့် အနက်ရောင် SUV၏ ဓာတ်ပုံများကိုလည်း ဖော်ပြခဲ့ကြသည်။ ဖြစ်စဉ်ကို ဆက်လက် စုံစမ်းနေဆဲဟု ဒေသခံ ရဲတပ်ဖွဲ့က ကြေညာထားသည်။

ခါကစ်ဗ်မြို့သည် သူပုန်တပ်များနှင့် ပဋိပက္ခများ ဖြစ်ပွားနေရာ ယူကရိန်း အရှေ့ပိုင်း နယ်နိမိတ်နှင့် ကီလိုမီတာ ၃၀၀ နီးပါးသာ ကွာဝေးသည်။ နယ်စပ်ဒေသတွင် ၂၀၁၄ မှစပြီး ယူကရိန်း တပ်များနှင့် ရုရှားလိုလားသည့် သူပုန်တပ်များကြား တိုက်ပွဲများ ဖြစ်ပွားရာမှ လူပေါင်း ၁၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်သည်။

Ref: PTI

Top News