ဖြိုးကိုကိုတင့်ဆန်းကို ပုဒ်မသုံးခုဖြင့် အမှုထပ်ဖွင့်

လက်နက်များကို မြဝတီနယ်စပ်မှ တင်သွင်းခြင်းဖြစ်ပြီး လက်ဆောင်ရခြင်းများလည်းရှိဟု ထွက်ဆို
ဖြိုးကိုကိုတင့်ဆန်းအမှု နောက်ဆက်တွဲ Hotel ACE လုံခြုံရေးတာဝန်ခံနှင့် ၀န်ထမ်းတစ်ဦးတို့ကို ၀ှက်ထားပေးသည့် လက်နက်များနှင့်အတူ ဖမ်းဆီးပြီးနောက် မှတ်တမ်းတင်ထားစဉ် (ဓာတ်ပုံ − ပြည်ထဲရေး)

ဖြိုးကိုကိုတင့်ဆန်း ကို ပုဒ်မသုံးခုဖြင့် အောက်တိုဘာ ၁၈ ရက်က အမှုထပ်မံဖွင့်ထား ကြောင်း ဒက္ခိဏမြို့မစခန်းမှူး ဒုရဲမှူးမြင့်စိုးက ပြောသည်။

လက်ရှိတွင် ဖြိုးကိုကိုတင့် ဆန်းကို သာကေတ၊ ဗဟန်းနှင့် နေပြည်တော်ရှိ ရဲစခန်းအသီးသီး ၌ မူးယစ်ဆေးဝါးမှု၊ တရားမဝင် လက်နက်ကိုင်ဆောင်မှုဖြင့် အမှု ဖွင့်ထားသည်။ ယင်းပုဒ်မများသည် အနည်းဆုံးထောင်သုံးနှစ်မှ အများဆုံး ထောင် ၁၀ နှစ်အထိ ချမှတ်နိုင်သော ပုဒ်မများဖြစ်သည်။

ထပ်မံဖွင့်လှစ်သည့် ပုဒ်မများသည် တရားမဝင်ဆက်သွယ်ရေးစက်များ ကိုင်ဆောင်မှု အတွက် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇၊ ဒရုန်းစက်များ ဖမ်းဆီးရမိ၍ ပို့ကုန်၊ သွင်းကုန်ပုဒ်မ ၈၊ ဟမ်းမားမော်တော်ကားများတွင် NSA တံဆိပ်များ တပ်ဆင်ထားမှုနှင့် လက်မောင်းတံဆိပ်များအတွက် မြန်မာနိုင်ငံ လျှို့ဝှက်အက်ဥပဒေပုဒ်မ ၆၁ (က)၊ (င)တို့ဖြင့် အမှုဖွင့်ထားသည်။

‘‘ဒီပုဒ်မတွေက ဖြိုးကိုကို တင့်ဆန်း တစ်ယောက်တည်းကိုပဲ ဖွင့်ထားတာ၊ ဆက်စပ်လာရင် တော့ ကျန်တဲ့သူ တွဲပါလာမှာ ပေါ့။ အဓိကက သူက စီစဉ်ညွှန် ကြားတာကိုး’’ဟု ဒုရဲမှူး မြင့်စိုးက ပြောသည်။

ဆက်သွယ်ရေး ပုဒ်မ ၆၇ သည် ထောင်ဒဏ်တစ်နှစ်၊ ပို့ကုန်၊သွင်းကုန် ပုဒ်မ ၈ သည် ထောင် ဒဏ်သုံးနှစ်နှင့် မြန်မာနိုင်ငံ လျှို့ ဝှက်အက်ဥပဒေသည် ထောင် ဒဏ် ၂ နှစ် ချမှတ်နိုင်ကြောင်း ၎င်းက ရှင်းပြသည်။

နေပြည်တော်ရှိ ဟိုတယ် ACE တွင် တွေ့ရှိသည့် အမေရိ ကန်နိုင်ငံထုတ် NSA တံဆိပ်ပါ ဟမ်းမားကားလေးစီးကို ကုန်း လမ်းပို့ဆောင်ရေးနှင့် ညွှန်ကြား မှုဦးစီးဌာန (ကညန)နှင့် ယာဉ် ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်းစစ် ဆေးနေပြီး ပေါ်ပေါက်လာသည့် စစ်ဆေးချက်အပေါ် မူတည်၍ ဆက်လက်ဆောင်ရွက်မည်ဟု ဒက္ခိဏခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ကြီး လှရီက ပြောသည်။

ထို့အပြင် ဖြိုးကိုကိုတင့်ဆန်း ထံက ဖမ်းမိသည့် လက်နက်များ သည် မြဝတီနယ်စပ်လမ်းကြောင်း မှ ဝင်လာပြီး အချို့ကို လက် ဆောင်ရသည်ဟုလည်း ဖြိုးကိုကို တင့်ဆန်းက ထွက်ဆိုထားကြောင်း ရဲမှူးကြီး ဇော်ခင်အောင်က ပြောသည်။

‘‘လက်နက်တွေက မြဝတီ ဘက်က ထွက်လာတာ။ ဘယ်လို ရည်ရွက်ချက်နဲ့ဆိုတာ မသိသေး ဘူး။ လက်ဆောင်ရတာ တချို့ လည်း ပါတယ်ပြောတယ်။ Na-tional Security Agency ဖွဲ့ဖို့ဆို တာကိုတော့ သူက ပြောပါတယ်’’ ဟု ၎င်းက ပြောသည်။

အောက်တိုဘာ ၁၈ ရက် တွင် လက်နက်များ ထပ်မံဖမ်းဆီး ရမိခြင်းမရှိသေးကြောင်း ရဲမှူးကြီးဇော်ခင်အောင်က အတည်ပြုပြောကြားသည်။

‘‘ဒီကောင်က လိမ်နေတာ ကွ။ လက်နက်တွေကုန်ပြီဆိုပြီး အမှန်မပြောဘူး’’ဟု ၎င်းက ပြော သည်။

လေဆိပ်တွင် သေနတ်နှစ် လက်နှင့် ACE ဟိုတယ်၌ သေနတ် ခုနစ်လက် စုစုပေါင်း သေနတ်ကိုး လက် တွေ့ရှိပြီးနောက် ဖြိုးကိုကို တင့်ဆန်းက လက်နက်များ ကုန်သွားပြီဟု ထွက်ဆိုပြီး ရဲတပ်ဖွဲ့ကဆက်လက်စစ်ဆေးသော်လည်း လှည့်ပတ်ပြောဆိုနေကြောင်း ရဲမှူးကြီး ဇော်ခင်အောင်က ပြော သည်။

‘‘သူ့ရဲ့ ကွန်ပျူတာစာရင်းထဲ ကနေမှ လက်နက်စာရင်းတွေရှိ တယ်။ မောင်ဖြူ ဘာလက်နက် ကိုင်တယ်၊ မောင်နီ ဘာလက်နက် ကိုင်တယ်။ အဲဒီလိုသဘော လက် နက်စာရင်းတွေ၊ သူ့ရဲ့တပည့် တွေ၊ အတိုတွေပေါ့။ အဲဒါတွေကို ဖိစစ်ရင်းနဲ့  အဲဒီကောင်တွေ ထွက်လာတာ’’ဟု လက်နက်များဖမ်းမိ ခြင်းနှင့်ပတ်သက်၍ ၎င်းက ပြော သည်။

ဖြိုးကိုကိုတင့်ဆန်း၏ ဖေ့စ် ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာ ပေါ်တွင် တင်ထားသည့် သေနတ် များနှင့် လက်ရှိဖမ်းမိထားသည့် သေနတ်များသည် အတူတူဖြစ် ကြောင်း ရဲမှူးကြီး ဇော်ခင်အောင် က ပြောသည်။

‘‘အင်တာနက်စာမျက်နှာ ပေါ်မှာ သေနတ်တွေနဲ့ ဓာတ်ပုံ ရိုက်ထားတာရှိတယ်လေ။ တွေ့ တဲ့ သေနတ်တွေကတော့ အဲဒီ သေနတ်တွေပဲ’’ဟု ၎င်းက ပြော သည်။

အောက်တိုဘာ ၁၅ ရက် ညက နေပြည်တော်လေဆိပ်နှင့် နေပြည်တော် ACE ဟိုတယ်တို့မှ စုစုပေါင်း သေနတ်ကိုးလက်နှင့် ကျည် ၈၉၂ တောင့်အပါအဝင် လက်နက်များ ဖမ်းမိခဲ့သည်။ ထို့ နောက် အောက်တိုဘာ ၁၆ ရက် က သာကေတမြို့နယ်ရှိ ဖြိုးကိုကို တင့်ဆန်းပိုင် ACE GROUP OF COMPANIES အဆောက်အအုံ ကို ဝင်ရောက်ရှာဖွေရာ M-16သေနတ်တစ်လက်၊ သံဘောစေ့ ဖြင့် ပစ်ခတ်ရသည့် M-4 ကာ ဘိုင်ပုံစံသေနတ်တစ်လက်၊ ခဲ ယမ်းများနှင့် စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိသည်။

ထို့နောက် အောက်တိုဘာ ၁၆ ရက် ညက ဗဟန်းမြို့နယ် ရွှေ တောင်ကြား (၁)ရပ်ကွက် ငွေဝတ်မှုန်ရိပ်သာလမ်းရှိ ဖြိုးကိုကိုတင့် ဆန်း၏ နေအိမ်ကို ရှာဖွေရာ ၅ ဒသမ ၅၆ ကျည်သုံးတောင့်၊ ဖြိုး ကိုကိုတင့်ဆန်းအမည်ဖြင့် နိုင်ငံ တော်တံဆိပ်ပါ ပြောက်ကျားဝတ် စုံတစ်စုံ၊ နိုင်ငံတော်တံဆိပ်နှင့် အ ရိုးခေါင်း လက်မောင်းတံဆိပ်ပါ အနက်ရောင် လက်ရှည်အင်္ကျီ တစ်ထည်၊ စကားပြောစက်နှင့် ခဲယမ်းများ၊ စိတ်ကြွဆေးများသိမ်း ဆည်းမိခဲ့ကြောင်း ပြည်ထဲရေးဝန် ကြီးဌာနက ထုတ်ပြန်ထားသည်။

ဆက်လက်၍ နေပြည်တော် ရှိ ဟိုတယ် ACE အခန်းအမှတ် H-1 အတွင်းမှ  မန်မိုရီစတစ် လေးချောင်း၊ ဟာ့ဒ်ဒစ်တစ်ခု၊ ကွန်ပျူတာ System ပုံးသုံးပုံး၊ လက် ကိုင်ဖုန်းတစ်လုံး၊ ဝိုင်ဖိုင်လွှင့်စက် တစ်လုံး၊ X5R Reader တစ်လုံး၊ အသံဖမ်းစက်တစ်လုံးကိုလည်း သိမ်းဆည်းရမိသည်။

အောက်တိုဘာ ၁၇ ရက် နံနက် ၉ နာရီတွင် သာကေတမြို့ နယ်ရှိ ဖြိုးကိုကိုတင့်ဆန်းပိုင်ဆိုင် သော ACE ကုမ္ပဏီရှေ့၌ ရပ်နား ထားသော ဟမ်းမားအနက်ရောင် ယာဉ်လေးစီးကို ရှာဖွေရာ ယာဉ်တစ်စီးပေါ်မှ သံဘောစေ့ဖြင့် ပစ်ရသော ပစ္စတိုသေနတ်တစ်လက် ကို တွေ့ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက အောက်တိုဘာ၁၈ ရက်၌ သတင်းထုတ်ပြန်ထား သည်။

ဆက်လက်၍ အောက်တို ဘာ ၁၇ ရက် ညနေ ၆ နာရီတွင် သာကေတမြို့နယ်ရှိ ACE Groupကုမ္ပဏီ အဆောက်အအုံသို့ ဝင် ရောက်ရှာဖွေရာ Gas ပစ္စတိုနှစ် လက် (ကျည်အိမ်ပါ)၊ ၅ ဒသမ ၅၆ ကျည် ၁၀ တောင့်၊ ကျည်အိမ် နှစ်ခု၊ သေနတ်အိတ်နှစ်ခု၊ လက် ကိုင်စကားပြောစက်တစ်လုံး၊ ဆေးသေတ္တာနှစ်ခုတို့ကို တွေ့ရှိ သိမ်းဆည်းရမိကြောင်း အဆိုပါ ထုတ်ပြန်ချက်၌ ပါရှိသည်။

ထို့အပြင် အောက်တိုဘာ ၁၇ ရက် နံနက် ၁၀ နာရီခွဲမှ ၆ နာရီခွဲအထိ ဒက္ခိဏသီရိမြို့နယ် ဟိုတယ် ACE သို့ နေပြည်တော် ရဲတပ်ဖွဲ့မှူး  ရဲမှူးကြီး  ဇော်ခင် အောင် ဦးစီးအဖွဲ့သည် ဟိုတယ် လုံခြုံရေးတာဝန်ခံ ဦးအောင်နိုင် ကို သွားရောက်စစ်ဆေးရှာဖွေခဲ့ ရာ ဟိုတယ်မိသားစု  စိုက်ခင်းအတွင်း ချုံပုတ်နှင့် မြင်းခြံဘေးရှိ ထော်လီနောက်တွဲပေါ်၌ ဦးအောင်နိုင်နှင့် ရန်အောင်စိုးတို့ ဝှက်ထားသော ပစ္စတိုလေးလက် (ကောင်း သုံး၊ မကောင်း တစ်)၊ ကျည် ၂၉၂ တောင့်၊ M-21 တစ် လက် (မကောင်း)၊ M-16 ပုံ ပြောင်းလေးလက်၊ M-16 ကျည် အိမ်လေးခု (တို တစ်၊ ရှည် သုံး)၊ ပစ္စတို ကျည်အိမ်တစ်ခု၊  ဓား မြှောင်တစ်ချောင်း၊ ပြောက်ကျား လွယ်အိတ်တစ်လုံး၊ ပစ္စတိုထည့် သည့် အိတ်သုံးလုံး၊ ကျည်ထည့် သည့် အဝတ်အိတ်သုံးလုံး၊ ကျည် ထည့်သည့် ဘူးသေးတစ်ဘူး၊ ဆက်သွယ်ရေးစက်အထိုင် နှစ် လုံး၊ လက်ကိုင်ဆက်သွယ်ရေး စက် ၁၉ လုံ၊ အားသွင်းခွက် ၁၂ ခု၊ ဖုန်းတစ်လုံးနှင့် အခန်း H-2, JS-005 အခန်းမှ Drone ယာဉ်ခုနစ်စီးတို့ကို တွေ့ရှိသိမ်းဆည်း ရမိကြောင်း ဖော်ပြထားသည်။

အောက်တိုဘာ ၁၈ ရက်အ ထိ အမှုနှင့်ပတ်သက်၍ ဖမ်းဆီး ထားသူ ၁၂ ဦးရှိပြီး လက်နက် စုစုပေါင်း ၂၁ လက်ဖြစ်ကြောင်း ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက  ပြောကြားထား သည်။

သတင်းထုတ်ပြန်ချက်များ အရ အောက်တိုဘာ ၁၇ ရက် ညအထိ ဖမ်းမိထားသော လက် နက်များသည် စုစုပေါင်း ၂၃ လက်ရှိသည်။ ယင်းတို့အနက် နေပြည် တော် ACE ဟိုတယ် မိသားစုစိုက်ခင်းအတွင်း ဖမ်းမိသည့် ပစ္စတို လေးလက်မှ မကောင်းသည့် ပစ္စ တိုတစ်လက်နှင့် M-21 တစ်လက်တို့ကို ဖယ်ပါက စုစုပေါင်း ၂၁ လက်ဖြစ်သည်။

Top News