မိုးသည်းထန်မှုကြောင့် မုံရွာရှိ ကြက်သွန်နီစိုက်ပျိုးခင်းအချို့ ပျက်စီး၍ မျိုးစေ့ဝယ်လိုအား မြင့်တက်

 အောက်တိုဘာ ဒုတိယပတ် အတွင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် မုံရွာရှိ ကြက်သွန်နီပျိုးခင်းအချို့ ပျက်စီး၍မျိုးစေ့ဝယ်လိုအား မြင့်တက်ခဲ့ကြောင်း မုံရွာမှ ကြက်သွန်နီစိုက်တောင်သူများက ပြောသည်။

‘‘အနိမ့်ပိုင်း ပျိုးခင်းတွေက ရေ၀ပ်ပြီး၊ မြေဖုံးပြီး ပျက်စီးသွား တယ်။ ကုန်းမြင့်ပိုင်းစိုက်တဲ့ ပျိုး ခင်းတွေက မိုးအဆက်မပြတ်ရွာ တော့ မိုးလုံးရိုက်ပြီး အပင်တွေ ပျက်စီးကုန်တာပါ’’ဟု မုံရွာမြို့ သမန္တာကျေးရွာနေ ဦးမြို့ဦးက ပြောကြားသည်။

ပျိုးခင်းများ ပျက်စီးပြီး နောက် ကြက်သွန်နီမျိုးစေ့ တစ်ပြည်လျှင် ကျပ် ငါးသောင်းခန့်မှ ကျပ်ရှစ်သောင်းခန့်အထိ ဈေးတက်ခဲ့ပြီး လိုသလောက် မျိုးစေ့ဝယ်မရ၍ မကွေးတိုင်းရှိ ရေနံချောင်း၊ ပခုက္ကူ၊ ချောက် စသည့်မြို့နယ်များသို့ သွားရောက်ဝယ်ယူနေရကြောင်း ၎င်းက ပြောသည်။မုံရွာမြို့နယ် မြေနဲကျေးရွာမှ ကြက်သွန်နီစိုက် တောင်သူ ဦးအောင်ထူးက ‘‘အများစုက တော့ ပျိုးပင်ပေါက်တွေ ပျက်တာများတယ်။ စောစောစိုက်တဲ့ မိုးကြက်သွန်စိုက်ခင်းတွေ ပိုးကျတာလည်းရှိတယ်။ ကျွဲရဲ၊ အက်တော၊ တောင်ပလူဘက်က ပျိုးပင်တွေက ပျက်စီးမှုများတယ်။ လက်ရှိကြက်သွန်ဈေးက တောင်သူကြိုက်တဲ့ ဈေးဆိုတော့ သူ့ထက်ငါ စောစိုက်တဲ့ ပျိုးသင့်တဲ့ ရက်ထက် ပိုပျိုးတဲ့ စိုက်ခင်းတွေ ပျက်စီးတာပါ’’ဟု ပြောသည်။

ကြက်သွန်နီဈေးကောင်းသ ဖြင့် နှစ်စဉ် ပုံမှန်စိုက်ပျိုးချိန်ထက် တစ်လခန့်စော၍စိုက်ပျိုးရန် ပျိုးထောင်ကြောင်း၊ ထိုသို့ ပျိုးထောင်ပြီးနောက်ပိုင်း မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုပိုများခြင်းဖြစ်ကြောင်း ဦးအောင်ထူးက ပြောသည်။

လက်ရှိတွင် ဒေသတွင်း မျိုး စေ့ဖြင့် ပြန်လည်စိုက်ပျိုးရန် မလုံ လောက်သောကြောင့် နီးစပ်ရာ ကြက်သွန်စိုက်တောင်သူများထံ ဆက်သွယ်၍ မျိုးစေ့ဝယ်ယူနေရ ကြောင်း ဒေသခံ တောင်သူများ က ပြောသည်။

Top News