တူရကီ လျှပ်စစ်ဓာတ်အားပေးသင်္ဘောကို လာမည့်နှစ် ဧပြီအထိ အသုံးပြုရန် အစီအစဉ်မရှိသေးဟုဆို

ရန်ကုန်မြို့အတွက် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃၀၀ ဖြန့်ဖြူးမည့် တူရကီလျှပ်စစ်ဓာတ်အားပေး သင်္ဘောနှင့် ဓာတ် အားခညှိနှိုင်းလျက်ရှိသော်လည်း လာမည့်နှစ် ဧပြီအထိ အသုံးပြု ရန် အစီအစဉ်မရှိသေးကြောင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်း ဒုတိယဦးဆောင်ညွှန် ကြားရေးမှူး ဦးခင်မောင်လေးက ပြောသည်။

‘‘သူတို့နဲ့ ဈေးနှုန်းတော့ ညှိ နေပါတယ်။ ပထမတစ်ချက်က သူတို့စတင်ပြတဲ့အချိန်မှာ စက် ကြီးနဲ့ မောင်းမယ်ဆိုပြီးတင်ပြ တယ်။ ကျွန်တော်တို့ လက်ခံနိုင် တဲ့ ဓာတ်အားခ မဟုတ်ပါဘူး’’ဟု ၎င်းက ပြောသည်။

တူရကီနိုင်ငံမှ Karadeniz Holding ကုမ္ပဏီပိုင် ဓာတ်အား ပေးသင်္ဘော Onur Sultan သည် ၂၀၁၇ ဧပြီမှစ၍ ရန်ကုန်မြို့သို့ ငါးနှစ်ကြာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရန် မြန်မာအစိုးရနှင့် ၂၀၁၆ နိုဝင်ဘာက သဘောတူခဲ့သည်။ သို့သော် ယင်းကိစ္စအတွက် ၂၀၁၇-၂၀၁၈ ဘတ်ဂျက်လျာထားမှုတွင် မပါဝင်သဖြင့် အသုံးမပြုဖြစ်ခဲ့ပေ။

တူရကီသင်္ဘောရှိ အင်ဂျင် စက်ကြီးများနှင့် မောင်းနှင်ပါက လက်ရှိ ဆီဈေးနှုန်းနှင့် မကိုက်ညီ၍ ဓာတ်အားခနှုန်းကို ညှိနှိုင်းနေရခြင်းဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က ပြောသည်။ သို့သော် ညှိနှိုင်းနေသည့် ဓာတ်အားခနှုန်းထားကိုမူ ၎င်းက ပြောကြားခြင်းမရှိပေ။

‘‘ကျွန်တော်တို့က ပြည်သူလူ ထုကို သက်သာစေချင်တယ်။ ၀န် ဆောင်မှုကောင်းကောင်းပေးချင် တယ်။ အဲဒီအတွက် သက်သာတဲ့ နည်းလမ်းတွေ ရှာကြံနေတယ်။ အကောင်းဆုံးနည်းလမ်းတွေ’’ဟု ၎င်းက ပြောသည်။

တူရကီ လျှပ်စစ်ဓာတ်အား ပေးသင်္ဘောမရောက်လာပါက လည်း လာမည့် နွေရာသီအတွက် သထုံ ၁၂၀ မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံစီမံကိန်း၊ သာကေတ ၁၀၆ မဂ္ဂါဝပ်ဓာတ်အားပေးစက်ရုံ စီမံ ကိန်းနှင့် မြင်းခြံ ၂၂၅ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ စီမံကိန်း သုံးခု သည် ၈၀ နှင့် ၉၀ ရာခိုင်နှုန်းပြီးစီးနေပြီး ယင်းတို့ ဓာတ်အားဖြင့် ဖြည့်ဆည်းနိုင်ကြောင်း ဦးခင်မောင်လေးကပြောသည်။

‘‘လာမယ့် နွေရာသီမှာ ကျွန် တော်တို့ လက်ထဲမှာ မနှစ်က ထက်စာရင် ၄၅၀ မဂ္ဂါဝပ် ပိုမို သုံးစွဲနိုင်မှာဖြစ်ပါတယ်’’ ဟု ၎င်းကပြောသည်။ ရန်ကုန်တိုင်းဒေသကြီး၏ လျှပ်စစ်လိုအပ်ချက် ပမာဏ သည် နှစ်စဉ် ၂၀ ရာခိုင်နှုန်းခန့် တိုးမြင့်နေပြီး တိုင်းဒေသကြီးရှိ လျှပ်စစ်ထုတ်လုပ်ရေး စက်ရုံလေးရုံ၏ ထုတ်လုပ်နိုင်မှု ပမာဏသည်လည်း မဂ္ဂါဝပ် ၁,၀၀၀ မရှိကြောင်း၊ နှစ်စဉ်လျှပ်စစ်တိုးတက်လိုအပ်ချက် ၂၀ ရာခိုင်နှုန်းအရ ၂၀၁၇-၂၀၁၈ တွင် ၂၉၅ မဂ္ဂါဝပ်ခန့် လိုအပ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါ်နီလာကျော်က ပြောကြားထားသည်။

More in Business Section