ဗဟိုအလုပ်အမှုဆောင်တစ်ဦးကို စည်းကမ်းပျက်ကွက်မှုဖြင့် မွန်အမျိုးသားပါတီ ထုတ်ပယ်

 မွန်အမျိုးသားပါတီ ဗဟို ကော်မတီ အစည်းအဝေးတွင် ပါတီစည်းကမ်း ပျက်ကွက်မှုဖြင့် ဗဟိုအလုပ်အမှုဆောင်တစ်ဦးကို ထုတ်ပယ်ပြီး အခြားဗဟိုကော်မတီဝင်နှစ်ဦးကိုလည်း နုတ်ထွက် ခွင့်ပြုခဲ့ကြောင်း ယင်းပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ အထွေ ထွေအတွင်းရေးမှူး နိုင်ယလိတမကပြောကြားသည်။

 ပါတီဗဟိုအလုပ်အမှု ဆောင်အဖြစ်မှ ထုတ်ပယ်ခြင်းခံရသော မိစန္ဒာနွန်သည် ပြီးခဲ့သည့် လေးလခန့်က ပါတီဆုံးဖြတ်ချက် နှင့်ဆန့်ကျင်၍ မီဒီယာတစ်ခုအား ဖြေကြားမှုနှင့်ပတ်သက်၍ ဗဟို အလုပ်အမှုဆောင်အစည်းအဝေးတွင် ၎င်းကို နောက်နောင် ပါတီ၏ ဆုံးဖြတ်ချက်နှင့် ဆန့်ကျင်၍ မီဒီယာများအား ဖြေကြားခြင်းမပြုလုပ်ရန် သတိပေးတားမြစ်ခဲ့သော်လည်း ပြီးခဲ့သည့် မွန်တော်လှန်ရေးနေ့ အခမ်းအနား၌လည်း ပါတီ၏ ဆုံးဖြတ်ချက်များနှင့် ထပ်မံဆန့်ကျင်၍ သတင်းမီဒီယာတစ်ခုအား အင်တာဗျူးဖြေကြားခဲ့သည်ဟု နိုင်ယလိတမက ပြောကြားသည်။


‘‘ကျွန်တော်တို့ သတိပေးခဲ့ပါ လျက်နဲ့ ဒီလိုပါတီဆုံးဖြတ်ချက်နဲ့ ဆန့်ကျင်တဲ့လုပ်ရပ်တွေဟာ ပါတီကို ပြောင်ပြောင်တင်းတင်း တိုက်ခိုက်နေတဲ့ အဓိပ္ပာယ်လို့ ကျွန်တော်တို့ ဗဟိုကော်မတီအစည်းအဝေးက ကောက်ချက်ချတယ်။ ပါတီထိပ်ပိုင်းတာဝန်ရှိသူ တစ်ယောက်က သတိပေးတဲ့ကြားက ဒုတိယအကြိမ် ပါတီကို ပြောင်ပြောင်တင်းတင်း တိုက်ခိုက်လာတဲ့အခါကျတော့ ပါတီစည်းကမ်း ဥပဒေအရ သူ့ကို ထုတ်ပယ်လိုက်တဲ့အထိ အရေးယူလိုက်ရတယ်’’ဟု နိုင်ယလိတမက ရှင်းပြ သည်။

မွန်နိုင်ငံရေးပါတီများ ပေါင်း စည်းနိုင်ခြင်း မရှိသောကြောင့်ဟုဆိုကာ ကျိုက်မရောမြို့နယ်မှ လက်ရှိထုတ်ပယ်ခံရသော မွန်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် မိစန္ဒာနွန် အပါအ၀င် ပါတီဝင် ၆၀ ကျော်သည် ပြီးခဲ့သည့် သြဂုတ် ၂၉ ရက်က ပါတီမှ နုတ်ထွက်ကြောင်း စာတင်ထား ပြီးဖြစ်သည်။

ဗဟိုကော်မတီဝင်နှစ်ဦးဖြစ် သော နိုင်ချင်းနှင့် နိုင်ချမ်းအိုင်မွန် တို့ကို ၎င်းတို့၏ သဘောဆန္ဒအ လျောက် အနားယူနုတ်ထွက်ခွင့် ပြုခဲ့ခြင်းဖြစ်သည်ဟု နိုင်ယလိတ မက ပြောသည်။

ထို့အပြင် ပါတီနှင့် ကင်းကွာ နေသော ဗဟိုအလုပ်အမှုဆောင် တစ်ဦး အပါအ၀င် ဗဟိုကော်မတီဝင် သုံးဦးကို ပါတီတာဝန်များမှ ရပ်စဲခဲ့ကြောင်း ၎င်းကဆို သည်။

မွန်၊ ကရင်၊ တနင်္သာရီ၊ ပဲခူး နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ဗဟိုကော်မတီဝင် ၅၇ ဦး တက် ရောက်သော မွန်အမျိုးသားပါတီ ဗဟိုကော်မတီအစည်းအဝေးကို မော်လမြိုင်မြို့  ပါတီဌာနချုပ်ရုံး၌ စက်တင်ဘာ ၂၄ ရက်က ကျင်းပခဲ့သည်။ ပါတီမှထုတ်ပယ်၊ ရပ်စဲခံရသူများထံ 7Day Daily သတင်းစာက စက်တင်ဘာ ၂၅ ရက်၌ ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ်မရရှိပေ။

 မွန်အမျိုးသားပါတီသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ ပြည်နယ်အတွင်း ၅၃ နေရာ ယှဉ်ပြိုင်ရာ ပြည်နယ်လွှတ်တော် နှစ်နေရာနှင့် အမျိုးသားလွှတ်တော်တစ်နေရာ စုစုပေါင်း သုံးနေရာ အနိုင်ရရှိခဲ့သည်။