နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် တန်းစီစနစ်ကိုပြောင်းလဲကျင့်သုံး၍ အခက်အခဲများ တွေ့နေဟုဆို

ကောင်တာများတိုးချဲ့၍ အဆင်ပြေအောင် ဆောင်ရွက်မည်ဟု တာဝန်ရှိသူပြော
ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် ပတ်စ်ပို့ပြုလုပ်ရန် တန်းစီစောင့်ဆိုင်းနေသူများကို စက်တင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)

 နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် တန်းစီစောင့်ဆိုင်း ဝင်ရောက်ရသည့် စနစ်ကို ပြောင်းလဲကျင့်သုံးခြင်းကြောင့် အခက်အခဲများ ကြုံတွေ့ နေကြောင်း လျှောက်ထားသူများက ပြောကြားသည်။

အဆိုပါရုံးတွင် တစ်ရက် လျှင် လူဦးရေနှစ်ထောင်ခန့် နိုင်ငံ ကူးလက်မှတ် လာရောက်လျှောက်ထားနေပြီး လုံခြုံရေးအရ နိုင်ငံကူးလက်မှတ် လျှောက်ထားသူ ကိုယ်တိုင် ရုံးအတွင်း တန်းစီဝင်ရောက်သည့် စနစ်ကို ပြီးခဲ့သည့် စက်တင်ဘာ ဒုတိယပတ်က  စတင်ကျင့်သုံးခဲ့သည်။

  နိုင်ငံကူးလက်မှတ် လာ ရောက် လျှောက်ထားသူများထဲ တွင် အမျိုးသမီးများသည် အမျိုး သားများနှင့်အတူ ပင်မဂိတ် ပေါက်မှ တန်းစီဝင်ရောက်ရပြီး အချက်အလက်များ တင်ရန်နှင့် ငွေသွင်းရန် ရုံးအဆောက်အအုံ အတွင်း ဝင်ရောက်ရန် ထပ်မံတန်း စီရသဖြင့် အချိန်ကုန် လူပိုပင်ပန်း ကြောင်း လာရောက်လျှောက် ထားသူ အမျိုးသမီး တစ်ဦးက ပြောသည်။

‘‘အပြင်က နေပူထဲမှာ အထဲ ရောက်ဖို့ အရင်တန်းစီရတယ်။ အထဲရောက်တော့ အစစ်ခံရဖို့ လေးယောက်လောက် စုတန်းစီရ တယ်။ တိုးရကြိတ်ရ အနင်းခံရနဲ့ တော်တော် အဆင်မပြေဘူး။ ကိုယ့်ဘေးမှာ မိန်းကလေးမို့ တော် သေးတယ်။ ယောက်ျားလေးတွေ ကြားမှာညပ်ပြီး တန်းစီရတဲ့ မိန်းက လေးတွေကို သနားမိတယ်’’ ဟု ၎င်းကပြောသည်။

 နိုင်ငံကူးလက်မှတ်ရုံးဝင်ပေါက်ကိုထပ်မံတိုးချဲ့နိုင်ပါက ပိုမိုအဆင်ပြေနိုင်ကြောင်း လက်မှတ်လာရောက် လျှောက်ထားသူ အင်ဂျင်နီယာဦးဇာနည်က ပြောသည်။

‘‘မနေ့က လာလျှောက်သေး တယ်။ နေပူထဲ ဆက်မစောင့်နိုင် တော့လို့ ပြန်သွားလိုက်တာ။ ဒီနေ့ လည်း မနက် ၈ နာရီခွဲက စတန်း စီတာ အခု ၁၂ နာရီထိုးအထိ စီ နေရတုန်းပဲ။ နေကလည်း အရမ်း ပူတယ်။ ကျန်းမာရေးသွားချင်ရင် တောင် သွားလို့မရဘူး’’ ဟု ၎င်းက ပြောသည်။

နိုင်ငံကူး လက်မှတ်အသစ် လျှောက်ထားသူ၊ သက်တမ်းတိုး သူ၊ စာအုပ်အတွင်း စာရွက်ကုန် သွားသူများကို ခွဲခြားဆောင်ရွက် ပေးစေလိုပြီး သက်တမ်းတိုးသူနှင့်  စာမျက်နှာ ကုန်ဆုံးသည့်အတွက် အသစ် လျှောက်ထားသူများ အစအဆုံး ထပ်မံအစစ်ဆေးခံရသဖြင့် အချိန်ပိုကုန်ကြောင်း ဦးဇာနည်က ဆိုသည်။

‘‘လုံခြုံရေးအတွက် လျှောက် ထားတဲ့ စနစ်ကို တိုးမြှင့်ထားတာ ရယ်။ အရင်လိုစုပြုံပြီး ခန်းမထဲမှာ လုပ်တာမျိုးမဟုတ်ဘဲ တန်းစီတဲ့ စနစ်ပြောင်းလိုက်တဲ့အတွက် လူ တန်းရှည် ဖြစ်သွားတယ်’’ ဟု မြန် မာနိုင်ငံကူး လက်မှတ်ထုတ်ပေး ရေးရုံးမှ တာဝန်ရှိသူ တစ်ဦးက စက်တင်ဘာ ၂၂ ရက်တွင် ပြော သည်။

ထို့အပြင် လုံခြုံရေးတိုးမြှင့် ထားသဖြင့် ယခင်လက်ဗွေနှစ်ခု မှတ်တမ်းယူရာမှ ယခု လက်ဗွေ ၁၀ ခု မှတ်တမ်းရယူခြင်း၊ မျက် လုံးမှတ်တမ်း (Eye Scan) ယူခြင်းများ ဆောင်ရွက်ခြင်းကြောင့် လည်း အချိန်ပိုကြန့်ကြာမှု ဖြစ်ရ ကြောင်း ၎င်းကပြောသည်။

လက်ရှိတွင် ဝန်ဆောင်မှု ကောင်တာ ၁၂ ခုဖြင့်ဆောင်ရွက် နေရာ အဆင်ပြေစေရန် စက် တင်ဘာလကုန်၌ ကောင်တာ အသစ် ၁၁ ခု ထပ်မံတိုးချဲ့ဖွင့်လှစ် ကာ စုစုပေါင်း ကောင်တာ ၂၃ ခု ဖြင့် ဝန်ဆောင်မှု ပေးမည်ဟု ၎င်း ကပြောသည်။

နိုင်ငံကူးလက်မှတ်လျှောက် ထားသူ၏ အဖော်အဖြစ် ဝင် ရောက်လိုပါက သန်းခေါင်စာရင်း တွင် ဆွေမျိုးတော်စပ်သူဖြစ်မှ ပေးဝင်ကြောင်းနှင့် သက်ကြီးရွယ် အိုနှင့် ကလေးငယ်များအတွက် တန်းစီရန် မလိုအပ်ဘဲ ဝန်ဆောင် မှု ကောင်တာတစ်ခုသီးသန့်ဖွင့်လှစ်ထားကြောင်း တာဝန်ရှိသူက ပြောသည်။ ယခင်က ပွဲစားများက လျှောက်ထားသူထံမှ ငွေကြေးယူ ကာ လိမ်လည်ထွက်ပြေးမှုများ ရှိ ပြီး ယခုကဲ့သို့ လျှောက်ထားသူ ကိုယ်တိုင် တန်းစီဝင်ရောက်ရ သည် စနစ်ပြောင်းလဲ ကျင့်သုံးသ ဖြင့် ပွဲစားများ ပပျောက်ခဲ့ကြောင်း ၎င်းကပြောသည်။

နိုင်ငံကူးလက်မှတ်လျှောက် ထားသူများတွင် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ သွားရောက်အ လုပ်လုပ်ကိုင်မည့် အလုပ်သမား များ လျှောက်ထားမှု အများဆုံး (၁ ရက် ၁,၅၀၀ ခန့်) ရှိပြီး အ လည်အပတ်နှင့် အခြားကိစ္စရပ် များကြောင့် လျှောက်ထားသူနေ့ စဉ် ငါးရာခန့်ရှိသည်။ လက်မှတ် လျှောက်ထားရာတွင် နံနက် ၈ နာရီခွဲမှ ည ၇ နာရီအထိ ဝန်ဆောင်မှုပေး ဆောင်ရွက်နေကြောင်း ယင်းရုံးမှ တာဝန်ရှိသူက ဆိုသည်။