စစ်တွေ လူစုလူဝေးမှုနောက်ကွယ်တွင် အစိုးရအကျပ်တွေ့အောင် လှုံ့ဆော်သူများရှိနေ

(ဓာတ်ပုံ − ညွန့်ဝင်း/အီးပီအေ)

စစ်တွေမြို့၌ စက်တင်ဘာ ၂၀ ရက်ညက လူစုလူဝေးဖြစ်ပွားမှုမှ ကိုးဦးကို ဖမ်းဆီးထားပြီး ယင်းဖြစ်စဉ်နောက်ကွယ်တွင် အစိုးရအကျပ်အတည်း ဖြစ်စေရန်နှင့် ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်နေသူ များရှိနေသဖြင့် ဖော်ထုတ်အရေး ယူမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားသည်။

စစ်တွေမြို့ ဆတ်ရိုးကျ ကယ်ဆယ်ရေးစခန်း အနီး ဆတ်ရိုးကျချောင်းအတွင်းရပ်နားထားသည့် စက်လှေတစ်စီးပေါ်တွင် ဘင်္ဂါလီရွာသို့ပို့မည်ဟု သံ သယရှိသော ကုန်ပစ္စည်းများကို စစ်ဆေးလိုသည် ဟုဆိုကာ ဒေသခံလူအင်အား ၃၀၀ ခန့်က တောင်းဆို ခဲ့ပြီးနောက် လူစုလူဝေးဖြစ်ပေါ်ခဲ့သည်။

အဆိုပါလူအုပ်က လုံခြုံရေးရဲတပ်ဖွဲ့ကို ဂျင် ကလိ၊ လေးခွတို့ဖြင့်ပစ်ကာ မီးတို့ထားသည့် ဓာတ် ဆီပုလင်းများဖြင့် ပစ်ခဲ့၍ ရဲတပ်ဖွဲ့က သေနတ်မိုးပေါ် ထောင်ပစ်ကာ လူစုခွဲခဲ့ရသည်။အဆိုပါဖြစ်စဉ်တွင် ပါဝင် သူများသည် ရခိုင်ပြည်နယ်တည် ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်း ဖြစ်၍ နောက်ကွယ်မှ ကြိုးကိုင် နေသည့် အဖွဲ့အစည်းကိုဖော် ထုတ်အရေးယူမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအတွင်းရေး မှူးဦးတင်မောင်ဆွေက စက်တင် ဘာ ၂၁ ရက်၌ ပြောသည်။

‘‘ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းမှုပျက်အောင် လုပ်တဲ့ ပုံစံပဲ။ ICRC တို့ ဘာတို့ကို ဆန့် ကျင်တဲ့ပုံစံမဟုတ်ဘူး။ ည ၁၀ နာရီခွဲလောက်မှာ ဂျင်ကလိတွေနဲ့ ပစ်တယ်။ မီးတုတ်တွေနဲ့ပစ် တယ်။ ဓာတ်ဆီတွေလောင်းပြီး မီးရှို့တယ်။ နောက်တစ်ခါ ဓား ရှည်တွေကိုင်လာတယ်။ ညာသံ ပေးပြီးတော့ ရဲတပ်ဖွဲ့ကို ၀င်လုံး တယ်။ ဒါတွေက ICRC ကို ကန့် ကွက်တယ်ဆိုတာမျိုးမဟုတ်ဘူး။ တည်ငြိမ်အေးချမ်းမှုပျက်အောင် ရည်ရွယ်ချက်နဲ့ လုပ်လာတာ။ နောက်ကနေ ကြိုးကိုင်နေတဲ့အဖွဲ့ တွေရှိမယ်။ ဒါကိုဖော်ထုတ်ပြီး ပြတ်ပြတ်သားသားအရေးယူသွား မှာဖြစ်ပါတယ်’’ ဟုဦးတင်မောင် ဆွေက ဆိုသည်။

ဆူပူမှုတွင် ပါဝင်သူများ သည် စစ်တွေမြို့ပေါ်မှမဟုတ်ဘဲ ပျံကျနေထိုင်သူများဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘လုပ်တဲ့သူတွေကို စစ်တော့ လည်း စစ်တွေမြို့ပေါ်က လူတွေ မဟုတ်ဘူး။ ပျံကျခေါ်မလား၊ ကျူးကျော်ခေါ်မလားဗျာ။ အင်္ကျီ တောင်မပါဘူးဗျာ။ လူမှန်းမသိ အောင် မူးနေတဲ့သူတွေ။ သေချာ တာကတော့ စစ်တွေဒေသခံ တိုင်းရင်းသားတွေ မဟုတ်ဘူး’’ ဟု ဦးတင်မောင်ဆွေက ဆက်လက် ပြောကြားသည်။

စက်တင်ဘာ ၂၀ရက်ကလူ စုလူဝေးဖြစ်ပွားမှုကို ဖြိုခွင်းရာတွင် ဦးဆောင်သည့် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ် မိုးကလည်း ဆူပူမှုဖြစ်စဉ်၌ ပါ ဝင်သူများကို လူတစ်စု (သို့မ ဟုတ်) အဖွဲ့အစည်းတစ်ခုက ငွေ ပေးကာ ခိုင်းစေသည်ဟု သံသယ ရှိကြောင်း ပြောသည်။

‘‘ငွေကြေးနဲ့ စည်းရုံးပြီးမှ ဆူ ပူမှုဖြစ်အောင် ခိုင်းတဲ့သဘောရှိ တယ်။ နောက်ကွယ်က ကြိုးကိုင် တာတွေ ဖော်ထုတ်နေတယ်။ ဒါ က သာမန်မဟုတ်ဘူး’’ ဟု ဆို သည်။ စက်တင်ဘာ ၂၀ ရက် ည ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင် ၁၈ ဦး ဒဏ်ရာရရှိပြီး တစ်ဦးသည် ခြေ ထောက်၌ ဓားဒဏ်ရာရခဲ့၍  စစ်တွေဆေးရုံ၌ ဆေးကုသမှု ခံယူနေသည်။

ထို့အပြင် စက်တင်ဘာ ၁၃ ရက်ကလည်း စစ်တွေမြို့မန်မိုရီ ဟိုတယ်ရှေ့တွင် လူစုလူဝေးဖြစ် မှု၊ စက်တင်ဘာ ၁၆ ရက်က စစ် တွေမြို့တွင် ဘင်္ဂါလီရွာသို့ သွား မည့် မြန်မာနိုင်ငံ ကြက်ခြေနီအ သင်းမှ ကားကို လူစုလူဝေးဖြင့် တားဆီးခဲ့မှု၊ စက်တင်ဘာ ၁၈ ရက်က မင်းပြားနှင့် အမ်းမြို့နယ် ကြား လမ်းပိုင်းတွင် ကယ်ဆယ် ရေး ယာဉ်အချို့ ဖြတ်သန်းစဉ် မိုင်းဖောက်ခွဲမှုများသည် ဒေသ တွင်း မငြိမ်မသက်ဖြစ်စေရန် ရည် ရွယ်လုပ်ဆောင်ခြင်းဟု သံသယ ရှိကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူ များက ဆိုသည်။

စက်တင်ဘာ ၂၀ ရက်ည ဖြစ် စဉ်တွင် လူစုလူဝေးကို ဖျောင်း ဖျလူစုခွဲရန် စစ်တွေမြို့ခံ အရပ် ဘက်အဖွဲ့များနှင့် ခုနစ်ကြိမ် အထိ ဆွေးနွေးသော်လည်း လက် လျှော့ခဲ့ရပြီး လူစုလူဝေး၌ ပါဝင် သူများသည် အရပ်ဘက်အဖွဲ့ အစည်းဝင်များ မဟုတ်ဟု သိရ ကြောင်း ဦးတင်မောင်ဆွေက ပြောသည်။

ဆူပူမှုကြောင့် အမျိုးသားကိုး ဦးကို တရားဥပဒေစိုးမိုးမှုကို ထိ ခိုက်အောင် လူစုလူဝေးဖြစ်ရန် ဖန်တီးခြင်းနှင့် လူစုခွဲရန် အမိန့် ကို မလိုက်နာခြင်း၊ မီးကွင်း၊ ဂျင် ကလိတို့ဖြင့် ပစ်ခတ်ခြင်းစသည့် ဥပဒေပုဒ်မများ အပါအဝင်ပုဒ်မ ငါးခုဖွင့်၍ ရဲတပ်ဖွဲ့က ထိန်းသိမ်း စစ်ဆေးနေသည်။