ရေကြီးနေ၍ ကလေးမြို့ရှိ လူ ၅,၀၀၀ ကျော် ဘေးလွတ်ရာသို့ အရေးပေါ်ရွှေ့ပြောင်း

နည်းပညာတက္ကသိုလ် (ကလေး)တွင် ဆရာနှင့် ကျောင်းသား ၁၀၀ ခန့် ပိတ်မိနေဟုဆို
ကလေးမြို့ ဆိုင်းဘုတ်အနီး ရေလွှမ်းမိုးနေမှုနှင့် ဒေသခံအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ − IP RD)

 နေရာကွက်မိုးကြီးနေ ကာ မြစ်ရေတက်လာ၍ စစ်ကိုင်း တိုင်းဒေသကြီးအတွင်း ရေကြီးနစ် မြုပ်မှုနှင့် ရင်ဆိုင်နေရပြီး ကလေးမြို့ရှိ လူဦးရေ ၅,၀၀၀ ကျော်ကို ရေဘေးလွတ်ရာသို့ တိုင်းဒေသကြီးအစိုးရက အရေးပေါ်ရွှေ့ ပြောင်းထားသည်။

ထို့အပြင် မြစ်ရေကြီးခြင်း ကြောင့် နည်းပညာတက္ကသိုလ် (ကလေး)တွင် ဆရာနှင့် ကျောင်း သား ၁၀၀ ခန့် ပိတ်မိနေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေး ဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တွင် လွန်ခဲ့သော ငါး ရက်ခန့်ကစကာ နေရာကွက်မိုး ကြီးခဲ့ပြီးနောက် မြစ်ရေမြင့်တက် လာကာ ရေကြီးနစ်မြုပ်မှုနှင့် မြေပြိုမှုများ ရင်ဆိုင်နေရခြင်းဖြစ် သည်။ မြစ်ရေမြင့်တက်ခဲ့သည့် စက်တင်ဘာ ၁၆ ရက်ကစတင် ကာ အဆိုပါ နည်းပညာတက္က သိုလ်၌ ဆရာနှင့် ကျောင်းသားများ ပိတ်မိနေခြင်းဖြစ်သည်။

ထို့ကြောင့် ပိတ်မိနေသူများ ကို တိုင်းအစိုးရအစီအစဉ်ဖြင့် ကူ ညီရန်စီစဉ်နေပြီး စားနပ်ရိက္ခာ ပေးပို့ရန် ညွှန်ကြားထားကြောင်း ဒေါက်တာဇော်ဝင်းက ပြောသည်။၂၀၁၅ ရေဘေးကြုံတွေ့ခဲ့ရစဉ် ကလည်း အဆိုပါတက္ကသိုလ်ရှိ ကျောင်းသားများ ရက်ပေါင်းများစွာ ပိတ်မိသည့်ဖြစ်စဉ်နှင့် ကြုံတွေ့ခဲ့ရသည်။

‘‘ကလေးမြို့မှာ မနက်ကအ ထိ ၂,၂၀၀ ကျော်ကို ရေဘေး လွတ်ရာ ရွှေ့ထားခဲ့ရတယ်။ ဒီည နေမှာ ထပ်ရွှေ့ရတယ်။ အခုဆို စုစုပေါင်း လူဦးရေ ၅,၀၀၀ ကျော် နေပြီ’’ဟု စစ်ကိုင်းတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဦးစီးဌာန ဦးစီးမှူး ဦးစဝီလီဖရန့်က စက်တင်ဘာ ၂၀ ရက်တွင် ပြောသည်။

ကလေးမြို့တွင် ပြင်သာ၊ သောင်ကူ၊ အင်းစိန်၊ နှောညောင် ပင်နှင့် ကျီကုန်းကျေးရွာတို့တွင် ရေကြီးနစ်မြုပ်မှု ဆိုးရွားစွာဖြစ် ပေါ်နေပြီး မြို့အရှေ့ပိုင်းရပ်ကွက် များ၌ ရေနစ်မြုပ်နေကြောင်း ဒေသတွင်း အရပ်ဘက်အဖွဲ့တစ်ခု ဖြစ်သော ကလေးလွင်ပြင်မှ ကိုသန့်ဇင်လင်းက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ကလေးမြို့နှင့် ကလေးဝမြို့၌ ရေ ကြီးနစ်မြုပ်မှု ရင်ဆိုင်နေရပြီး ကလေးမြို့ တစ်မြို့တည်းတွင် အိမ်ထောင်စု ၁,၂၃၂ စုမှ လူဦး ရေ ၅,၃၀၃ ဦးကို ကယ်ဆယ်ရေး စခန်း ၁၇ ခုဖွင့်၍ နေရာရွှေ့ ပြောင်းထားကြောင်း တိုင်းဒေသ ကြီးအစိုးရအဖွဲ့ တာဝန်ရှိသူတစ် ဦးက ဆိုသည်။

ကလေးဝမြို့တွင် မြေနိမ့်နေ ရာများ ရေမြုပ်နေသော်လည်း စက်တင်ဘာ ၂၀ ရက်အခြေအနေ အရ ကယ်ဆယ်ရေးစခန်းဖွင့်ရန် မလိုသေးကြောင်း ဒေသခံများက ပြောသည်။

ကလေး-ကလေးဝ ကား လမ်း ကျီကုန်းရွာလမ်းပိုင်းလည်း ၅ မိုင်ခန့် ရေနစ်မြုပ်နေကြောင်း ဒေသခံများက ပြောသည်။

‘‘ကလေးမြို့နဲ့ ကျီကုန်းကြား ရေမြုပ်ပြီး လမ်းပန်းဆက်သွယ် ရေးတော်တော်ခက်နေပြီ။ အနက်ဆုံးနေရာမှာ လေးပေလောက်ရှိ တယ်။ ကားကြီးလည်း မရတော့ ဘူး။ စက်လှေတွေနဲ့ ပို့ပေးနေရ တယ်’’ဟု ကိုသန့်ဇင်လင်းက ပြောကြားသည်။

ကလေးမြို့သည် မြစ်သာ မြစ်ရေတက်လာ၍ ရေဘေးရင် ဆိုင်ရခြင်းဖြစ်ပြီး စက်တင်ဘာ ၁၉ ရက် တိုင်းတာချက်အရ မြစ် သာမြစ်ရေသည် ကလေးမြို့၏ စိုးရိမ်ရေမှတ်အထက် လေးပေ ခန့်ကျော်လွန်နေသည်။

နောက်နှစ်ရက်အတွင်း နှစ် ပေခန့် ဆက်လက်မြင့်တက်လာ နိုင်၍ ဒေသခံများ ရေဘေးဆက် လက်သတိပြုရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။ ချင်းတွင်း မြစ်ရေသည် ကလေးဝနှင့် မုံရွာမြို့တွင် စိုးရိမ်ရေမှတ်အနီး ရောက်ရှိနေကြောင်း သတိပေးထားသည်။

စစ်ကိုင်းတိုင်းဒေသကြီးနှင့် ထိစပ်နေသော ချင်းပြည်နယ်တွင်မိုးဆက်လက်အားကောင်းနေ ကာဟားခါး၊ ကန်ပက်လက်၊ ဖလမ်းနှင့် ခိုင်ကမ်းမြို့၌ မြေပြိုမှုနှင့် ချောင်းရေတိုက်စားမှုများ ရင်ဆိုင်နေရကြောင်း ချင်းပြည်နယ် လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။

ကလေးမြို့နှင့် ကပ်လျက် ခိုင်ကမ်းမြို့တွင် ရေတိုက်စားမှု ကြောင့် ဆည်ကြီးချောင်း၊ ကြိုး တံတားပြိုကျနိုင်သည့် အန္တရာယ် ရင်ဆိုင်နေရပြီး တာဝန်ရှိသူများ စောင့်ကြည့်နေကြောင်း ၎င်းက ပြောသည်။

မြေပြိုမည့်အန္တရာယ်ကြောင့် ခိုင်ကမ်းမြို့ရှိ နေအိမ် ၁၂ လုံးကို ဖြိုဖျက်ရွှေ့ပြောင်းခဲ့ရသည်။

လက်ရှိ ရေဘေးရင်ဆိုင်နေ ရသော စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ချင်းပြည်နယ်အပြင် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် တွင်ပါ နေရာကွက် မိုးကြီးနိုင် ကြောင်း မိုးဇလဌာနက သတိပေး ထားသည်။

More in News Section