ရခိုင်အရေး နိုင်ငံတကာ၏ဆန်းစစ်မှုကို ကြောက်ရွံ့နေမည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ပဋိပက္ခများချုပ်ငြိမ်းရန် မြန်မာအစိုးရ၏ ထိရောက်သောဆောင်ရွက်မှုများ အစပြုနေကြောင်း ကုလသမဂ္ဂ သိစေလို
နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဌာန−၂ တွင် စက်တင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီက မိန့်ခွန်းပြောကြားနေသော ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)

ရခိုင်ပြည်နယ်အ ရေးနှင့်ပတ်သက်၍ နိုင်ငံတကာ ၏ ဆန်းစစ်မှုကို မြန်မာအစိုးရက ကြောက်ရွံ့နေမည် မဟုတ် ကြောင်း နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၁၉ ရက်တွင် နေပြည်တော်၌ နိုင်ငံတကာသံတမန်များ နှင့် ပြည်တွင်း၊ ပြည်ပသတင်း ထောက်များအား အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဆိုင်ရာ မိန့်ခွန်းပြောကြားရာ တွင် ယင်းကဲ့သို့ ထည့်သွင်းပြော ကြားခြင်းဖြစ်သည်။

‘‘ရခိုင်ပြည်နယ်အခြေအနေ ကို ကမ္ဘာက အာရုံစိုက်နေတယ် ဆိုတာ ကျွန်မ သတိပြုမိပါတယ်။ ပြီးခဲ့တဲ့နှစ် ကုလသမဂ္ဂမှာ ကျွန်မ ပြောခဲ့သလို အဖွဲ့ဝင်နိုင်ငံတစ်ခု အနေနဲ့ မြန်မာအစိုးရဟာ နိုင်ငံ တကာရဲ့ စစ်ဆေးမှုကို ကြောက် ရွံ့နေမှာ မဟုတ်ပါဘူး။ ကျွန်မတို့ ဟာ နိုင်ငံအတွင်းမှာရှိတဲ့ လူမှုအ ဖွဲ့အစည်းအားလုံးအတွက် ငြိမ်း ချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးတည်အဖြေရှာသွားမှာ ဖြစ်ပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။ စစ်ပွဲများ ရပ်တန့်ရန်နှင့် ပဋိ ပက္ခများ ချုပ်ငြိမ်းရန် ဖွဲ့စည်းထားသော ကုလသမဂ္ဂအနေဖြင့် မြန် မာနိုင်ငံအတွင်းရှိ လူ့အဖွဲ့အစည်း များအကြား ဖြစ်ပွားနေသည့် ပဋိ ပက္ခများကို ချုပ်ငြိမ်းရန် ထိရောက် သော လုပ်ဆောင်မှုများ အစပြုနေသည်ကို မြင်တွေ့စေလို ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က တိုက်တွန်းသည်။

‘‘ပူးပေါင်းဆောင်ရွက်ခြင်း ကသာ ကျွန်မတို့ ကမ္ဘာကြီးကို ရှေ့ဆက်နိုင်မှာ ဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် စကား လုံးတွေနဲ့၊ လက်နက်တွေနဲ့၊ စိတ် ခံစားချက်တွေနဲ့ တိုက်ခိုက်နေ ခြင်းက ကျွန်မတို့ကို ကူညီရာ မရောက်ပါဘူး’’ဟု ဒေါ်အောင် ဆန်းစုကြည်က ဆိုသည်။

ရခိုင်အရေးနှင့်ပတ်သက်၍ စွပ်စွဲမှုများနှင့် တန်ပြန်စွပ်စွဲမှုများရှိနေပြီး ပဋိပက္ခကို ပိုမိုကြီးထွားစေရန် လုပ်ဆောင်မည်မဟုတ်ဘဲ ညီညွတ်ရေးနှင့် နားလည်မှုရှိရေးအတွက်သာ လုပ်ဆောင်မည်ဖြစ် ကြောင်း ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံတကာ သံတမန်များအား ရှင်းပြသည်။

‘‘မြန်မာအစိုးရကို နားလည် နိုင်မယ်လို့ ကျွန်မမျှော်လင့်ပါ တယ်။ နောက်ပြီး ကျွန်မတို့ရဲ့ကြိုး ပမ်းအားထုတ်မှုမှာ ပါဝင်ပူးပေါင်း ဖို့ ဖိတ်ခေါ်ပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာအသိုင်းအဝိုင်းကို ဖိတ်ခေါ်ခဲ့ပြီး လုံခြုံရေးအတွက်လည်း တာဝန်ယူ ဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ် တည်ငြိမ်ဖွံ့ ဖြိုးရေးအတွက် မြန်မာအစိုးရက ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ARSA အကြမ်းဖက်အဖွဲ့၏တိုက် ခိုက်ခြင်း ခံခဲ့ရကြောင်းနှင့် လူ့ အခွင့်အရေးချိုးဖောက်ခံရမှုများ၊ တရားဥပဒေမဲ့လုပ်ရပ်များအပေါ် မြန်မာအစိုးရက ရှုတ်ချကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က ဆိုသည်။

လုံခြုံရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် သတ်မှတ် ထားသည့်စည်းကမ်းများနှင့်အညီ လုပ်ဆောင်ရန်၊ အပြစ်မဲ့ပြည်သူ များကို ထိခိုက်မှုမရှိစေရန် လုံခြုံ ရေးတပ်ဖွဲ့ဝင်များအား ညွှန်ကြား ထားကြောင်း ဒေါ်အောင်ဆန်းစု ကြည်က ထည့်သွင်းပြောကြား သည်။

နေရပ်စွန့်ခွာထွက်ပြေးတိမ်း ရှောင်သူများထဲမှ မွတ်စလင်များ သာမက ရခိုင်တိုင်းရင်းသားများ အပါအဝင် ဒိုင်းနက်၊ မြို၊ သက်၊ မရမာကြီး၊ ဟိန္ဒူ စသည့် လူနည်း စုများလည်း ပါဝင်သည်ကို ကမ္ဘာ့ နိုင်ငံ  အများစုက သတိမပြုမိ ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ထောက်ပြသည်။

လက်ရှိအချိန်တွင် မြန်မာ အစိုးရအနေဖြင့် ရခိုင်ပြည်နယ်ကို ပုံမှန်အခြေအနေ ပြန်လည် ရောက်ရှိရန် ဆောင်ရွက်နေပြီး စက်တင် ဘာ ၅ ရက် နောက်ပိုင်းတွင် နယ်မြေရှင်းလင်းမှုမရှိကြောင်း နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။

သို့ရာတွင် မွတ်စလင် အများ အပြား နယ်စပ်ကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရွှေ့ပြောင်းနေသည်ကို ကြားသိရကြောင်းနှင့် ယင်းကဲ့သို့ အစုလိုက် အပြုံလိုက်ရွှေ့ပြောင်းခြင်း၏ အကြောင်းရင်းကို ၎င်းအနေဖြင့် သိလိုကြောင်းနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆက်လက်ပြောသည်။

‘‘ရခိုင်ပြည်နယ်မှာ အများစု သော မွတ်စလင်တွေက အစု လိုက်အပြုံလိုက်ရွှေ့ပြောင်းမှုထဲ မှာ ပူးပေါင်းပါဝင်မှုမရှိဘူးဆိုတာ ကို လူနည်းစုကသာ သိလိမ့်မယ် ထင်ပါတယ်။ ၅၀ ရာခိုင်နှုန်းကျော် မွတ်စလင်တွေက နဂိုအတိုင်း ဆက်နေနေပါတယ်။ တိုက်ခိုက်မှု တွေမဖြစ်ခင်က အတိုင်းပေါ့’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။

မြန်မာအစိုးရ၏ ကြိုးပမ်း ဆောင်ရွက်ချက်များကို စိတ်ဝင် စားပါက ပါဝင်ရန် နိုင်ငံတကာသံ  တမန်များအား ဖိတ်ခေါ်ခဲ့ပြီး တခြားနိုင်ငံသို့ ရွှေ့ပြောင်းခြင်း မရှိဘဲ မူလနေရာများတွင် ပြန် လည်နေထိုင်နေသည့် မွတ်စလင် ကျေးရွာများသို့ သွားရောက်နိုင် ရန် စီစဉ်ပေးနိုင်ကြောင်းနှင့် မည်သည့်အတွက်ကြောင့်  မရွှေ့ပြောင်းသည်ကို  ကိုယ်တိုင်မေး မြန်းနိုင်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ထည့်သွင်းပြောကြား သည်။

နိုင်ငံသားစိစစ်ရေးလုပ်ငန်း စဉ်နှင့်ပတ်သက်၍ ရှေ့ဆက်လုပ် ဆောင်မည့် နည်းဗျူဟာချမှတ် ထားပြီး လူမှုအဖွဲ့အစည်းအားလုံး က ပူးပေါင်းပါဝင်ရန် လိုအပ် ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားသည်။

‘‘အချို့ မွတ်စလင်အသိုင်း အဝိုင်းမှာ ခေါင်းဆောင်တွေက နိုင်ငံသားစိစစ်ရေး  လုပ်ငန်းစဉ်မှာ မပါဝင်ဖို့ ဆုံးဖြတ်ကြတယ်။ သူတို့အနေနဲ့ ဒီလုပ်ငန်းစဉ်မှာ ပူး ပေါင်းပါဝင်ဖို့ ဆွဲဆောင်နိုင်ရန် ကျွန်မတို့ ချီးကျူးရမှာပါ။ ဒီလို ပူးပေါင်းပါဝင်လို့လည်း သူတို့အ တွက် ဘာမှ ဆုံးရှုံးသွားစရာမရှိပါ ဘူး’’ဟု ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း နေ ထိုင်သည့် ပြည်သူများ၏ ကြောက်ရွံ့စိုးရိမ်မှုများကို လျော့ပါးစေရန် လုပ်ဆောင်နေကြောင်း ပြည်နယ် အတွင်းရှိ လူမှုစီးပွားဖွံ့ဖြိုးရေး အစီအစဉ်များကို ဆက်လက်လုပ် ဆောင်နေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတကာ သံတမန်များအား ရှင်းပြသည်။

ပညာရေးနှင့် ကျန်းမာရေး ပြုစုစောင့်ရှောက်မှုများတွင် ခွဲခြား မှုမရှိဘဲ လုပ်ဆောင်နေသည့် အ ချက်များနှင့် ဩဂုတ် ၂၅ ရက် အ ကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ် မတိုင်မီ လူမှုအဖွဲ့အစည်းထံ လူသားချင်း ကူညီထောက်ပံ့မှုများ ၉၅ ရာခိုင်နှုန်းကျော် ရောက်သည့် အခြေအနေများကို ဆက်လက် ရှင်းပြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဦးဆောင်သော အစိုးရအဖွဲ့ သက်တမ်းသည် ၁၈ လခန့်သာ ရှိသေးပြီး ယင်းအချိန်တိုအတွင်း မျှော်မှန်းထားသည့် စိန်ခေါ်မှု အား လုံးကို ကျော်လွှားနေရကြောင်း ဒေါ်အောင်ဆန်းစုကြည်က မိန့် ခွန်းတွင် ထည့်သွင်းပြောကြား သည်။‘‘ကျွန်မတို့ရဲ့ ပြည်သူတွေ ခံ စားနေရတာတွေ တတ်နိုင်သမျှ မြန်မြန်အဆုံးသတ်နိုင်ဖို့ လုပ် ဆောင်ချင်ပါတယ်။ ကျွန်မတို့ နိုင်ငံ နယ်နိမိတ်အတွင်း နေထိုင် သူအားလုံးကို လုံခြုံမှုရှိရှိ ချမ်းသာ ကြွယ်ဝစွာ နေထိုင်နိုင်စေချင်ပါ တယ်။ ဒါဟာ ကြီးမားတဲ့လိုအင် ဆန္ဒဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ မဖြစ်နိုင်တဲ့ အရာတွေမဟုတ်ပါ ဘူး’’ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

အမုန်းတရားနှင့် အကြောက်တရားတို့သည် ကမ္ဘာကြီး၏ အဓိ ကအန္တရာယ်ဆိုးများဖြစ်ပြီး ပဋိ ပက္ခအားလုံး၏ အကြောင်းရင်းခံ များဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ဆိုသည်။

‘‘အမုန်းတရားနဲ့ အကြောက်တရားတို့ရဲ့ ရင်းမြစ်ကို ဖယ်ရှား နိုင်မယ်ဆိုရင် ကျွန်မတို့နိုင်ငံ (ဒါမှမဟုတ်) ကျွန်မတို့ကမ္ဘာကြီး ကနေ ပဋိပက္ခတွေကို ဖယ်ရှားနိုင် မှာဖြစ်ပါတယ်’’ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းနှင့်ပတ်သက်၍ တရုတ်၊ ရုရှားနှင့် အိန္ဒိယသံအမတ်ကြီး များက ထောက်ခံကြောင်း ပြော ကြားသည်။

‘‘မြန်မာအစိုးရက လူ့အခွင့် အရေးတွေကို လေးစားပါမယ်၊ ကာကွယ်ပါမယ်လို့ သူ (ဒေါ်စု) သိသိသာသာ ပြောခဲ့ပါတယ်။ ဒီ မိန့်ခွန်းကို အပြုသဘောအနေနဲ့ သုံးသပ်ပါတယ်။ ဘာလို့လဲဆို တော့ ပြဿနာတွေလည်း ရှိပါ တယ်။ ဒါပေမဲ့ မြန်မာအစိုးရက အဲဒီပြဿနာကို ဖြေရှင်းဖို့ များစွာ ကြိုးစားပါတယ်။ ငြိမ်းချမ်းစွာ ပြဿနာဖြေရှင်းဖို့ အရေးကြီး တယ်။ နောက် နိုင်ငံရေးနည်း လမ်းအရ ဖြေရှင်းဖို့ အရေးကြီးပါ တယ်’’ဟု မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး ဒေါက်တာ နီကိုလိုင်းလစ်တိုပါဒေါ့ဒ်က ပြော သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို နိုင်ငံတကာသံတမန် ၁၂၀ ခန့်၊ ပြည်တွင်း၊ ပြည်ပ သတင်းထောက် ၂၀၀ ခန့်နှင့် စုစုပေါင်း လူဦးရေ ၇၀၀ ခန့် တက် ရောက်ပြီး မိန့်ခွန်းပြောကြားမှု နာရီဝက်ခန့် ကြာမြင့်ခဲ့သည်။